Thursday, September 8, 2016

အောင်မြင်ခြင်းအတွက် - လင်္ကာကဗျာ ( ၆ )


ခွဲခြမ်းစိပ်ဖြာ ၊ သွေးသောခါဝယ် ၊
အနာလည်းခံ ၊ ရည်သွေးမှန်မှ ၊
ဧကန်ကျောက်ကောင်းဖြစ်လာမည် ။

ရွှံ့ကိုခြေနင်း ၊ ထုရိုက်ခြင်းနှင့် ၊
ပုံသွင်းလည်းမှန် ၊ မီးဖုတ်ခံမှ ၊
ဧကန်အိုးကောင်းဖြစ်လာမည် ။

ပညာလိုလား ၊ သဖုန်းစားသို့ ၊
မာန်အားလျှော့ကာ ၊ ရို့ကျိုးစွာဖြင့် ၊
နိဝါတောစ ၊ ကိုယ်နှိမ့်ချ၍ ၊
ဆုံးမနာလွယ် ၊ အသိကြွယ်မှ ၊
နယ်ပယ်တိုင်းမှာ ၊ ဉာဏ်ပညာတိုး ၊
သဘာရင့်ကျက် ၊ လူထက်မြက်ကာ ၊
ဘဝဂ်ထိတိုင်အောင်လိမ့်မည် ။

အောင်နိုင်သူ ( 31 / 8 / 2016 )

No comments:

Post a Comment