Thursday, December 15, 2016

ဒေဝဓမ္မတရား - လင်္ကာကဗျာ ( ၃၄ )


“ဗာရာ”ပြည်တွင်း ၊ မင်းတရား၏ ၊
သားကြီးနာမ ၊ “မဟိံသ”ကား ၊
ဗုဒ္ဓလောင်းလျာဖြစ်သတည်း ။

“မဟိံသ”ဝယ် ၊ ညီငယ်နှစ်ဖေါ် ၊
ရှိလေသော်ကား ၊ သုံးပါးချစ်ခင် ၊

ခေါ်တွင်နာမ ၊ “သူရိယ”နှင့် ၊
“စန္ဒကုမာရ”ပင်တည်း ။

ညီနောင်သုံးပါး ၊ တောသို့သွားခိုက် ၊

မောဟိုက်သောခါ ၊ တစ်နေရာတွင် ၊
နားကာပန်းဖြေ ၊ ရေရှာသွားရန် ၊ 

နှစ်ပါးညီကိုလွှတ်သတည်း ။

နှစ်ဦးညီနောင် ၊ ဂနိုင်တောင်ခြေ ၊
ရေတစ်အိုင်အား ၊ တွေ့ရငြားက ၊
စဉ်းစားမနေ ၊ ရေထဲဆင်းရာ ၊
ဘီလူးလာဖမ်းလေသတည်း ။

ထိုဘီလူးက ၊ “ဒေဝဓမ္မာ ၊

နှစ်ဖြာတရား ၊ သိကြလား”ဟု ၊
ဖြေကြားစေရာ ၊ မသိပါ၍ ၊
ဆက်ကာဖမ်းထားလေသတည်း ။

“မဟိံသ”ကား ၊ ညီငယ်များကို ၊
စိုရိမ်ပိုကာ ၊ လိုက်ရှာလေလျင် ၊ 

ရေအိုင်အနီး ၊ ဘီလူးကြီးကို ၊
တွေ့ပြီးမေးမြန်းကြည့်သတည်း ။

ဘီလူးကြီးမှ ၊ ဖြစ်ပျက်စဆုံး ၊

ပြောပြပြီးလျင် ၊ “သင်မဟိံသ ၊
ဒေဝဓမ္မာ ၊ နှစ်ဖြာတရား ၊
သိပါငြားက ၊ ဖြေကြားပါ”ဟု ၊

မေးလာလေက ၊ “မဟိံသ”လည်း ၊
“ဒေဝဓမ္မာ ၊ နှစ်ဖြာဒွိကား ၊
(ဟီရိ)တစ်ဝ ၊( သြတ္တပ္ပ)”ဟု ၊
ရှင်းပြလိုက်ရာ ၊ ဘီလူးမှာလည်း ၊
များစွာကြည်နူး ၊ ညီနှစ်ဦးကို ၊

ပြစ်ကျူးမဝံ့လွှတ်သတည်း ။


ဒွိ = နှစ် ( ၂ ) ။
ဗာရာ = ဗာရာဏသီ ။
ဟီရိ = မကောင်းမှုပြုရမည်ကိုရှက်ခြင်း ။
သြတ္တပ္ပ = မကောင်းမှုကျူးလွန်ရမည်ကိုကြောက်ခြင်း ။

အနှစ်သာရ
************
( ၁ )ဉာဏ်အမျှော်အမြင်ပညာဗဟုသုတရှိလျင် ဘေးအန္တရာယ်ကို
ကာကွယ်နိုင်၍မိမိအသက်နှင့်သူတစ်ပါးအသက်ကိုပင်ကယ်တင်
နိုင်သည် ။
( ၂ ) ဟီရိသြတ္တပ္ပ တရားထွန်းကားလျင် လောကကြီးငြိမ်းချမ်း
သာယာသည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။
 

အောင်နိုင်သူ ( 16 / 12 / 2016 )

Wednesday, December 14, 2016

လှည်းကုန်သည်မှူးဇာတ် - လင်္ကာကဗျာ ( ၃၃ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
ဗာရာဏသီ ၊ ဋ္ဌာနီပြည်ထဲ ၊
လှည်းကုန်သည်မှူးဖြစ်သတည်း ။

တစ်နေ့သ၌ ၊ ကုန်များတိုက်ကာ ၊
တစ်ပြည်ရွာသို့ ၊ သဟာဖေါ်ဆွေ ၊
လှည်းထွေထွေနှင့်ထွက်သတည်း ။

ခရီးဆက်လာ ၊ ကန္တာရသို့ ၊

ရောက်ကြသောခါ ၊ ရေဆာလေလျင် ၊
မြင်ရာတွင်းပျက် ၊ ဆက်၍တူးကာ ၊
ရေရှာဖွေကြလေသတည်း ။

ဤသို့တူးရာ ၊ ရတနာများ ။

ပေါ်လာလေလျင် ၊ ယူငင်ကြလျက် ၊
ဆက်လက်တူးတိုင်း ၊ မဆိုင်းပေါ်လာ ၊
ရတနာကို ၊ အလိုကြီးစွာ ၊
ဆက်ကာတူးယူကြသတည်း ။

လှည်းကုန်သည်မှူး ၊ အဖြစ်ထူးအား ၊

တွေ့ရငြားက ၊ တားဆီးဖြောင့်ဖြ ၊
ရသမျှသာ ၊ ကျေနပ်ပါဟု ၊
ဘယာမြင်၍ပြောသတည်း ။

လှည်းသားများမှာ ၊ ဆက်၍သာပင် ၊
တူးလေလျင်ကား ၊ နဂါးဗိမာန် ၊
တူးမိပြန်ကာ ၊ နဂါးမှာမူ ၊

ဒေါသဆူပွါး ၊ လှည်းသားအားလုံး ၊
အဆုံးစီရင်လိုက်သတည်း ။

လှည်းမှူးကိုကား ၊ လေးစားကြည်ညို ၊
သဒ္ဓါပိုကာ ၊ ရတနာများ ၊
လှည်းပြည့်သွားအောင် ၊ တင်ဆောင်ပေးပြီး ။
ခရီးဆုံးတိုင်ပို့သတည်း ။



နဂါးမင်း = အရှင်သာရိပုတ္တရာမထေရ် ။

အနှစ်သာရ
*************
( ၁ ) ပညာရှိသူတော်ကောင်းစကားနားမထောင်လျင်အမှားတွေ့၍
ဒုက္ခရောက်တတ်သည် ။
( ၂ ) အလိုကြီးလျင်အရနည်း၍လောဘအတောမသတ်လျင်ဘေးအန္တရာယ်
ကြုံရတတ်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 14 / 12 / 2016 )

Monday, December 12, 2016

ဒီဆောင်းသဇင်ကြွေလေလျင် - အချိုးတွဲ ( ၂၂ )


ဟေမန်ခါ နှင်းတွေသက်တော့ ၊
ပင်ထက်မှာဝေဝေလွင် ။
သင်းပျံ့ပျံ့ ဖြူရောင်သန်းသည့် ၊
လန်းတဲ့သဇင် ။
နန်းမြင့်စံ ပန်သခင် ၊
ချူချင်လျက်အခက်သား ။
ပန်းကလေးနဲ့ ပန်းချစ်သူဘဝ ၊

ဝေးလှချည်လား ။

ဝေးလှ၍ ဆုံမယ့်လမ်းရယ် ၊
လှမ်းမျှော်လို့မမြင်ပါ ။
ခွင့်ပြုလှဲ့ ပန်းကလေးရေ ၊

ငေးယုံမျှသာ ။
ပန်းချစ်သူ ဝေဒနာ ၊

ပြေစေရာမျိုသိပ်ဆဲ ။
တွေ့နေလျင် ရင်တလှပ်လှပ်နဲ့
ကျေနပ်သည်ပဲ ။

ကျေနပ်စွာ ငေးမောရင်းနဲ့ ၊
မြောက်လေညင်းတိုးဝင်လာ ။
နန်းသစ်ပင် လဲမတတ်အောင် ၊
ဆတ်ဆတ်တုန်ခါ ။

ဆောင်းသဇင် နွမ်းနယ်ရှာ ၊
လွင့်စင်ကာကြွေရက်စော ။
ယူကျုံးမရ သောကဆူလို့၊
ပန်းချစ်သူ အမောတွေဆိုက် ၊
သည်းလှိုက်ဖိုမော ။ 



အောင်နိုင်သူ ( 12 / 12 / 2016 )

Sunday, December 11, 2016

ခါတိန်ညင်ဇာတ် - လင်္ကာကဗျာ ( ၃၂ )


လောင်းတော်ဗုဒ္ဓါ ၊ နုစဉ်ခါက ၊
ရွာမှမလှမ်း ၊ ကျောင်းသင်္ခမ်းတွင် ၊
ခိုဝင်စံစား ၊ တရားမွေ့လျက် ၊
ရသေ့ပြုကာနေသတည်း ။

တောမုဆိုးမှာ ၊ တည်ခါတိန်ညင် ၊
ယူဆောင်ငင်၍ ၊ တောတွင်တည်ကာ ၊
ခါငှက်ဖမ်းလျက် ၊ နေ့စဉ်ရက်ဆက် ၊
သက်မွေးမှုကိုပြုသတည်း ။
  

ရက်ရှည်ကြာသော် ၊ ခါတိန်ညင်မူ ၊
သူနှင့်ပတ်သက် ၊ မျိုးတူငှက်များ ၊
ပျက်စီးရ၍ ၊ သောကမကင်း ၊

ကြောက်ရွံ့ခြင်းနှင့်နေသတည်း ။

ဤသို့ဖြစ်လျင် ၊ ခါတိန်ညင်လည်း ၊

တောထဲရောက်သော် ၊ အော်သံကိုတိတ် ၊
ဆိတ်ဆိတ်နေရာ ၊ မုဆိုးမှာကား ၊
ခါအားရိုက်၍အော်စေသတည်း ။

ခါတိန်ညင်မှာ ၊ မတတ်သာ၍ ၊

အော်ကာလှည့်စား ၊ ခါငှက်များကို ၊
မျှားခေါ်ပေးလျက် ၊ မသက်မသာ ၊ 

နေရရှာပြန်လေသတည်း ။

နေ့တစ်နေ့တွင် ၊ ရသေ့ကျောင်းနား ၊ 
ရောက်ရှိသွားသူ ၊ မုဆိုးမူကား ၊
ခါအိမ်အားချ ၊ ခေတ္တနားလျက် ၊
အိပ်စက်ကာပင်နေသတည်း ။

မုဆိုးအိပ်လျင် ၊ ခါတိန်ညင်မူ ၊
သူ၏ဖြစ်အင် ၊ ရှင်ရသေ့အား ၊

ပြောကြားပြီးက ၊ အကုသိုလ်ကံ ၊
ခံရမည်လား ၊ လျှောက်ထားသောခါ ၊
ရသေ့မှာလည်း ၊ “ သင့်စိတ်ထဲတွင် ၊

သေစေချင်ရာ ၊ စေတနာများ ၊
မပါငြားက ၊ အကုသိုလ်မှု ၊
သင်မပြုဖြစ် ၊ ထိုအပြစ်ဒါဏ် ၊
တန်ပြန်သင်ကား ၊ မခံစားရ ၊
စိတ်ချ၍သာ ၊ နေပါလေ”ဟု ၊

ဖြေကြားနှစ်သိမ့်ပေးသတည်း ။


ခါတိန်ညင် = ရာဟုလာလောင်းလျာ ။
တည်ခါတိန်ညင် = အခြားခါတိန်ညင်များကိုလှည့်စားဖမ်းဆီးရန်
တည်ထားသောခါတိန်ညင် ။

အနှစ်သာရ
*************
( ၁ ) စေတနာမပါလျင်အကုသိုလ်မဖြစ် ၊ စိတ်သာပဓါနဖြစ်သည် ။
( ၂ ) မုဆိုးမှာကား အကုသိုလ်အမှုဖြင့် နောက်ထပ်အကုသိုလ်အမှု
တစ်ခုကိုမနောကံကာယကံမြောက်ထပ်မံကျူးလွန်သူဖြစ်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 11 / 12 / 2016 )

Saturday, December 10, 2016

တောပန်းတို့သံသရာ - အချိုးတွဲ ( ၂၁ )


တောမြိုင်တွင်းမှာ ၊
ဝေဆာလို့လန်း ။...
ငုံဖူးကာ ရောင်စုံပွင့်တယ် ၊
ထူးတင့်သည့်ပန်း ။

ထူးတင့်မွှေးကြူ ၊
ချူသူကရှား ။
ခရီးကွာ လူသူမမွေ့တော့ ၊

တွေ့ဖို့ခက်သား ။

တွေ့ဖို့ခက်ကာ ၊
လိပ်ပြာကနမ်း ။
အချိန်တန် တောပန်းငယ်ဘဝ ၊

ကြွေကျလို့နွမ်း ။

ကြွေကျပါစေ ၊

ဝေမကွဲ့ငုံဖူး ။
မိုးသောက်မှာ တစ်ခါတင့်မယ် ၊
ပန်းပွင့်သစ်ထူး ။

ပန်းပွင့်သစ်ဖြာ ၊

နေခြည်မှာလန်း ။
သံသရာလည် မမောနိုင်ပါ့ ၊

တောမြိုင်ကပန်း ။

တောမြိုင်တွင်းမှာ ၊

ဝေဆာလို့လန်း ။
ဖူးငုံကာ ရောင်စုံပွင့်တယ် ၊
ထူးတင့်သည့်ပန်း ။

အောငိနိုင်သူ ( 11 / 12 / 2016 )

Friday, December 9, 2016

ကျေးဇူးကန်းသောမျောက် - လင်္ကာကဗျာ ( ၃၁ )


ရှေးသရောခါ ၊ လောင်းလျာဗုဒ္ဓ ၊
“ကာသိက”ဟု ၊ နာမမည်ရာ ၊
ရွာတစ်ရွာ၌ ၊ နေစဉ်ခိုက်ကား ၊
ပုဏ္ဏားမျိုးတွင်ဖြစ်သတည်း ။


ရွာပြင်လမ်းလေး ၊ တောတန်းဘေးတွင် ၊
ကြည်လင်တွင်းရေ ၊ ရှိနေလေငြား ၊
များသတ္တဝါ ၊ သောက်သုံးပါစေ ၊
ရွာသားတို့က ၊ တွင်းမှရေငင် ၊

မြောင်းငယ်တွင်ဖြည့် ၊ နေ့စဉ်ပြုမူ ၊
ကုသိုလ်ယူကြလေသတည်း ။

တစ်နေ့မှာသော် ၊ လောင်တော်ပုဏ္ဏား ၊

ရေတွင်းနားတွင် ၊ ရေငင်နေရာ ၊
တောစပ်မှာလျင် ၊ မျောက်ကိုမြင်၍ ၊
မြောင်းတွင်ရေများ ၊ ထည့်ထားပေးကာ ၊
ဒါနကောင်းမှုပြုသတည်း ။

ထိုသည့်မျောက်လည်း ၊ ရေသောက်ပြီးကား ၊
ပုဏ္ဏားကိုပင် ၊ ကြောက်စေချင်၍ ၊
ရုပ်သွင်ဆိုးစွ ၊ လှောင်ပြောင်ပြရာ ၊
ပုဏ္ဏားမှာလည်း ၊ “ ယုတ်မာသောမျောက် ၊
သင်သောက်ရန်ရေ ၊ ခပ်ပေးလေလည်း ၊
သင်ပဲငါ့အား ၊ လှောင်ခြောက်စားရာ ၊
ယုတ်မာသူကို ၊ ကျေးဇူးပိုငြား ၊
အလကား”ဟု ၊ ညည်းတွားသောခါ ၊

မျောက်မှာခုန်လျက် ၊ ပင်ပေါ်တက်၍ ၊
ကိုင်းထက်ဖျားမှ ၊ ပုဏ္ဏားခေါင်းတွင် ၊
မစင်စွန့်ကာပြေးသတည်း ။


ကျေးဇူးကန်းသောမျောက် = ဒေဝဒတ်လောင်း ။

အနှစ်သာရ
*************
( ၁ ) အားလုံးအပေါ်စေတနာကောင်းထားသင့်သော်လည်း ၊
စေတနာကောင်းနှင့်ထိုက်တန်သူကားနည်းပါးလှသည် ။
( ၂ ) အောက်တန်းကျသောဗာလ ၊ အန္ဓများကိုအရောဝင်ခြင်း ၊
ကူညီခြင်းမပြုသင့် ။ ကျေးဇူးကန်းတတ်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 9 / 12 / 2016 )

Thursday, December 8, 2016

မုဆိုးနှင့်ဆတ်မင်းဇာတ် - လင်္ကာကဗျာ ( ၃၀ )


ရှေးသရောခါ ၊ မြိုင်တောမှာလျင် ၊
လောင်းလျာဗုဒ္ဓ ၊ ဆတ်ဘဝ၌ ၊
ကြုံရဤသို့ဖြစ်သတည်း ။

မုဆိုးသည်ကား ၊ သားကောင်ရှာဖွေ ၊ 

တောလိုက်လေလျင် ၊ ပင် “ယမနေ” ၊ 
အောက်မြေပြင်မှာ ၊ ဆတ်ခြေရာအား ၊
တွေ့မြင်သွားလျက် ၊ အပင်ထက်တွင် ၊
လင့်စင်ထိုး၍စောင့်သတည်း ။

အပင်ရှိရာ ၊ ဆတ်မင်းလာခဲ့ ၊
မုဆိုးလှည့်စား ၊ အသီးများကို ၊
ဆတ်အားပစ်ပေး ၊ ဝေးမှနီးစေ ၊
မျှားခေါ်လေငြား ၊ မုဆိုးအားလျင် ၊
ဆတ်ကမြင်သွားလေသတည်း ။

ဆတ်မင်းဟန်ဆောင် ၊ မမြင်ယောင်ဆင် ၊
“သင်ယမနေ ၊ အသီးကြွေပုံ ၊
ပင်ခြေမှကွာ ၊ ဝေးရာလွင့်စင် ၊
ပင်သဘာဝ ၊ သင်စွန့်မှတော့ ၊
ငါကသင့်အား ၊ စွန့်ထားပြီ”ဟု ၊
မာန်ချီစကား ၊ ပြောဆိုကြားလျက် ၊
ဆတ်မင်းထွက်သွားလေသတည်း ။

မုဆိုးသည်ကား ၊ ဆတ်ထွက်သွားလျင် ၊

မြားနှင့်ချိန်ကိုက် ၊ ပစ်လိုက်လေသော် ၊
လွဲချော်ခဲ့ရ ၊ ဆတ်ကတစ်ဖန် ၊
လှည့်ပြန်ကြည့်ကာ ၊ “ယခုသာပင် ၊
အသင်ငါ့အား ၊ လွဲသွားလေတာ ၊
သံသရာဝဲ ၊ သင်မလွဲနိုင် ၊
ငရဲမုချ ၊ ကျလိမ့်မည်”ဟု ၊
မှတ်ချက်ပြုကာ ၊ ထိုနေရာမှ ၊
ထွက်ခွါပြေးသွားလေသတည်း ။


ဆတ်မင်း = ဗုဒ္ဓလောင်းလျာ ။ မုဆိုး = ဒေဝဒတ် ။
ပင်ယမနေ = ယမနေပင် ။

အနှစ်သာရ
************
( ၁ ) ဆန္ဒစော ၊ စိတ်မရှည်လျင် မှားယွင်း ၊ ဆုံးရှုံးရတတ်သည် ။
( ၂ ) လှည့်စားခြင်းဖြင့် နေရာတိုင်း ၊ အခါတိုင်း၌ မအောင်မြင်နိုင် ။
( ၃ ) အကုသိုလ်အမှု ကို ကာယကံမြောက်မကျူးလွန်မိသော်လည်း
မနောကံမြောက်ကျူးလွန်မိလျင်ပင် ဝဋ်ငရဲမှမလွတ်နိုင် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 8 / 12 / 2016 )

Wednesday, December 7, 2016

သမ္ဗုလာဇာတ် - လင်္ကာကဗျာ ( ၂၉ )


လောင်းတော်ရှင်မြတ် ၊“ ဗြဟ္မဒတ်”ဟု ၊
ပညတ်နာမ ၊ မင်းဘဝတွင် ၊  
ပြည်ခွင်တိုင်းကို ၊ ဝိုင်းဝန်းခြံရံ ၊
အိမ်ရှေ့စံကား ၊ သားလှဖြစ်ဘိ ၊
“သောတ္ထိသေန”ခေါ်သတည်း ။

“သောတ္ထိသေန” ၊ ကြုံရရောဂါ ၊
အနာကြီးစွဲ ၊ တောထဲရှောင်ရှား ၊
ထွက်သွားသောခါ ၊ “သမ္ဗုလာ”မည် ၊
ကြင်ရာသည်လည်း ၊ မခွဲကြည်ဖြူ ၊
အတူလိုက်ပါလေသတည်း ။


“သမ္ဗုလာ”ကား ၊ လင်သားပေါ်တွင် ၊
ယုယကြင်နာ ၊ မရွံရှာပဲ ၊

ကောင်းစွာကြည့်ရှု ၊ ပြုစုလုပ်ပေး ၊
ရှာကြံကျွေးကာ ၊ ချစ်မေတ္တာနှင့် ၊
သစ္စာမပျက်နေသတည်း ။

တစ်နေ့သောခါ ၊ “သမ္ဗုလာ”မေ ၊
သစ်သီးဖွေရှာ ၊ ပြန်အလာတွင် ၊
“ဒါနော”ဘီးလူး ၊ ရမက်ကျူးကာ ၊
“သမ္ဗုလာ”ကို ၊ ပေါင်းဖေါ်လိုလျက် ၊
လက်ဆွဲရမ်းကားလေသတည်း ။

မယ် “သမ္ဗုလာ” ၊ မတတ်သာ၍ ၊
သမ္မာဒေဝ ၊ မ-စစေလို ၊
သစ္စာဆိုရာ ၊ မာဃသိကြား ၊
ဘီလူးအားလျင် ၊ ချုပ်ထားခြေလက် ၊

ချောက်နက်ထဲသို့ချသတည်း ။

“သမ္ဗုလာ”မေ ၊ အိမ်ရောက်လေရာ ၊
ချိန်ခါနောက်ကျ ၊ ရောက်လာရပုံ ၊
အလုံးစုံအား ၊ လင်သားကိုပင် ၊
ရှင်းပြလျင်မူ ၊ လင်ကိုယ်တိုင်လည်း ၊
ယုံနိုင်ခဲအောင်ဖြစ်သတည်း ။

ထိုသည့်အခါ ၊ “သမ္ဗုလာ”ကား ၊
အိုးအားရေထည့် ၊ ရှေ့တည့်တည့်မှာ ၊
သစ္စာတိုင်ပြ ၊ အိုးထဲကရေ ၊
“သောတ္ထိသေန” ၊ ခေါင်းပေါ်မှပင် ၊

လောင်းချလေရာ ၊ မင်းသားမှာလည်း ၊
အနာစင်ကင်း ၊ ရှင်းရှင်းပျောက်သော် ၊

ပြည်တော်ပြန်ကြလေသတည်း ။
သောတ္ထိသေန = ကောသလမင်း ။ သမ္ဗုလာ = ကောသလမင်း၏
မိဖုရား - မလ္လိတာ ။

အနှစ်သာရ
************
( ၁ ) သစ္စာမြဲသူကို နတ်လူအများချစ်ခင်ကြသည် ။
( ၁ ) သစ္စာတရားသည် အောင်မြင်ရာဖြစ်သည် ။
( ၂ ) ဂတိသစ္စာတည်သောအခါ ၊ နွယ်မြက်သစ်ပင်နှင့်ရေပင်ဆေးဘက်ဝင်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 7 / 12 / 2016 )

Monday, December 5, 2016

ကျေးမင်းဇာတ်တော် - လင်္ကာကဗျာ ( ၂၈ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါတွင်း ၊
ကျေးမင်းဖြစ်ခိုက် ၊ ကျေးတစ်သိုက်အား ၊
ဦးဆောင်သွား၍ ၊ ပုဏ္ဏားလယ်တွင် ၊
ဝင်ကာဟစ်အော် ၊ တပျော်တပါး ၊ 

ဖွေရှာစားလေ့ရှိသတည်း ။

စားသောက်ပြီးက ၊ ဋ္ဌာနပြန်ရာ ၊

ကျေးမင်းမှာကား ၊ စပါးကောက်နှံ ၊
ကိုက်ကာပျံလေ့ရှိသတည်း ။

ဤသို့သာလျင် ၊ နေ့စဉ်မြင်ငြား ၊
လယ်လုပ်သားလေး ၊ ထိုကျေးမင်းကို ၊

ကျော့ကွင်းထောင်ကာဖမ်းသတည်း ။

လောင်းတော်ကျေးမင်း ၊ ကျော့ကွင်းမိလျင် ၊
“ အသင်ကျေးသား ၊ ကောက်စပါးကို ၊
သယ်သွားသည်မှာ ၊ ဘာကြောင့်များ”ဟု ၊
ပုဏ္ဏားမေး၍ ၊ ကျေးမင်းခမျာ ၊
မှန်ရာမသွေ ၊ ဖြေလေသည်ကား ၊
“သယ်ယူသွားသည့် ၊ စပါးသလေး ၊

ကြွေးဟောင်းဆပ်ကာ ၊ ကြွေးသစ်ပါချ ၊
မြေမှာရွှေအိုး ၊ အကျိုးရှိရေး ၊
မြှုပ်ပေးသည်”ဟုဖြစ်သတည်း ။

လယ်ရှင်ပုဏ္ဏား ၊ ထိုစကားရင်း ၊
ရှင်းလင်းစေရာ ၊ ကျေးမင်းမှာလည်း ၊
“နှစ်ဖြာမိဘ ၊ လုပ်ကျွေးကြလျင် ၊ 

ခေါ်တွင်ကြွေးဟောင်း ၊ ဆပ်ကြောင်းမှန်စွာ ၊
တစ်ဖြာသားရေး ၊ သမီးမြေးကို ၊
လုပ်ကျွေးခြင်းက ၊ ကြွေးသစ်ချသည် ၊

ခေါ်ကြစဉ်လာဖြစ်သတည်း” ။

“မြေမှာရွှေအိုး ၊ မြှုပ်ဆိုရိုးကား ၊
ပွါးများကုသိုလ် ၊ ရယူလိုပြီး ၊
သက်ကြီးရွယ်အို ၊ သူထိုထိုအား ၊
သနားဖေးကူ ၊ ပေးလှူခြင်း”ဟု ၊
ရှင်းပြလေရာ ၊ ပုဏ္ဏားမှာကား ၊

ကျေးမင်းအားလျင် ၊ “အသင်ကျေးမင်း ၊
သင့်စိတ်ရင်းသည် ၊ ကောင်းခြင်းကြီးစွာ ၊

ပြည့်စုံပါ၍ ၊ နောင်ခါလိုတိုင်း ၊
မဆိုင်းလာရောက် ၊ ကောက်နှံစပါး ၊
စားသုံးပြီးက ၊ လိုသမျှပင် ၊
ယူငင်ပါ”ဟု ၊ ပြောကာချက်ချင်း ၊

ကျေးမင်းကိုလျင်လွှတ်သတည်း ။

အနှစ်သာရ
************
( ၁ ) မိဘလုပ်ကျွေးသူကို လူအများကချစ်ခင်နှစ်သက်ကြ၍အသက်
ဘေးမှလည်းလွတ်မြောက်တတ်၏ ။
( ၂ ) လူတို့သည်လည်း ကြွေးဟောင်းဆပ်ခြင်း ၊ ကျွေးသစ်ချခြင်း ၊
ရွှေအိုးမြှုပ်နှံခြင်းတို့ကိုကောင်းစွာပြုသင့်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 6 / 12 / 2016 )

ပန်းများကတော့ပွင့်နေမည် - သံပေါက် ( ၇ )


တစ်ပွင့်နှစ်ပွင့် ခရေပွင့် ၊
လွင့်လွင့်ကြွေကြွေ မြေမှာဝေ ၊ 
ချွေလည်းလန်းဆန်း မွှေးသည့်ပန်း ၊
နန်းမထိုက်လည်းပွင့်နေသည် ။

တစ်ခိုင်နှစ်ခိုင် နှင်းဆီခိုင် ၊
လှိုင်လှိုင်ဆူးရံ သူ့ရိုးတံ ၊
စံသည်ရွှေနန်း တော်ဝင်ပန်း ၊

မြန်းသူဆင်သူပေါလှသည် ။

တစ်ကုံးနှစ်ကုံး စံပယ်ကုံး ၊
ထုံးဖွဲ့ကေသာ ပန်ဆင်တာ ၊
မာလာရောင်ဖွေး ကြူကြူမွှေး ၊

ထွေးကာယုယကြိုက်ကြသည် ။

တစ်ခက်နှစ်ခက် သဇင်ခက် ၊
ထက်ပင်ယံမှာ ဝေဝေဆာ ၊
ရာသီဆောင်းတွင်း ရနံ့သင်း ၊

နှင်းနှင့်အတူချစ်ကြသည် ။

တစ်ဆုပ်နှစ်ဆုပ် ပင်မှာအုပ် ၊
ထုပ်လို့သာလန်း စက္ကူပန်း ၊
ဆန်းပြားထွေထူး ရောင်စုံမြူး ၊
ခူးသူဆင်သူကင်းလှသည် ။

ဟိုပန်းသည်ပန်း လှိုင်ကာလန်း ၊
နန်းထိုက်ပါစေ မထိုက်နေ ၊

ရေမြေလေနှင့် ပန်းတိုင်းတင့် ၊
ဆင့်ဆင့်ကာသာပွင့်နေမည် ။


အောင်နိုင်သူ ( 6 / 12 / 2016 )

ဒီဇင်ဘာကဗျာများ - အချိုးကဗျာ ( ၆၈ )


သည်ရင်မှာ တစ်ခါချစ်မိ၍ ၊
ဒီဇင်ဘာ ကဗျာဖြစ်ရလည်း ၊ 
ပြစ်ဖွဲ့လို့မဆိုချင် ။

ချမ်းပါစေ တစ်ကိုယ်တည်းပေမဲ့ ၊
လွမ်းစာတွေ ဆိုဆဲပါပဲ ၊
ရင်ထဲကခင် ။

မကြင်နာ လေနှယ်ယိမ်းပါလို့ ၊
တမင်ခွါ သွေဖယ်တိမ်းလေတဲ့ ၊
စိမ်းသူရေ မောင့်ဖြစ်အင်ကို ၊
သခင်သိပါ့မလား ။


နှင်းဖြာဝေ လွှမ်းခြုံကဲ၍ ၊
ညှင်းပါစေ လွမ်းယုံပဲမို့ ၊
လမ်းဆုံမှာ ရင်တထင့်ထင့်နဲ့ ၊

မျှော်လင့်စောင့်စား ။

အောင်နိုင်သူ ( 5 / 12 / 2016 )

Sunday, December 4, 2016

မိဂမာယာ - လင်္ကာကဗျာ ( ၂၇ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
ဟိမဝန္တာ ၊ မြိုင်ဟေမာတွင် ၊
သမင်ကြီးကဲဖြစ်သတည်း ။

သမင်နှမ ၊ သားလှကိုလျင် ၊
သမင်ကြီးထံ ၊ အပ်နှံပြီးက ၊
မိဂမာယာ ၊ တတ်ပညာအား ၊
သင်ကြားစေခဲ့လေသတည်း ။

သမင်ငယ်ကား ၊ ဇွဲမာန်အားနှင့် ၊
ကြိုးစားသင်ကာ ၊ ပညာစုံသော် ၊

တော၌ပျော်ပါး ၊ အစာစားရင်း ၊
ကျော့ကွင်းထောင်ချောက်မိသတည်း ။

သမင်ပေါက်ငယ် ၊ ကြောက်စိတ်မရှိ ၊
မိဂမာယာ ၊ တတ်ပညာဖြင့် ၊
လျှာကိုထုတ်လျက် ၊ ခြေလက်တောင့်ယောင် ၊

သေဟန်ဆောင်ကာနေသတည်း ။

ကျော့ကွင်းထောင်သူ ၊ မုဆိုးမူကား ၊
သမင်အားလျင် ၊ သေပြီးထင်၍ ၊
မဆင်ချင်ပဲ ၊ ကျော့ကွင်းထဲမှ ၊

ဖြုတ်ချထားလျက် ၊ အမဲဖျက်မည် ၊
ကြံစည်လေရာ ၊ သမင်မှာလည်း ၊
ခွင့်ခါကောင်းကို ၊ ချောင်းကာမနှေး ၊
ထွက်ပြေးလွတ်မြောက်သွားသတည်း ။




မိဂ = သမင် ။ မာယာ = လှည့်ပတ်ဖြားယောင်းခြင်း ။
မိဂမာယာ = သမင်တို့၏နည်းပရိယာယ် ။

အနှစ်သာရ
************
( ၁ ) သင်အပ်သောပညာကိုသင်ယူထားလျင်အသက်မွေးဝမ်း
ကြောင်းပြုနိုင်၍ အသက်ကိုပင်ကာကွယ်နိုင်သည် ။
( ၂ ) မိမိအလုပ်ကို စနစ်တကျ စစ်ဆေးစိစစ်ခြင်းမရှိပဲ ပေါ့လျော့
စွာလုပ်ကိုင်လျင် ရပြီးသား အကျိုးစီးပွါးပင်ပျက်စီးသွားတတ်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 5 / 12 / 2016 )

ကာရန်ကဗျာ - လင်္ကာကဗျာ ( ၂၆ )


“ကဝီဟိ ဗန္ဓိတဗ္ဗန္တိ ကဗျံ”
ပညာရှိများ ၊ ဖွဲ့ဆိုထားသော ၊
စကားလင်္ကာ ၊ အရာရာကို ၊
ကဗျာအမည်ခေါ်တွင်သည် ။

“ကဝီနံ ဣဒန္တိ ကဗျံ”
ပညာရှိများ ၊ ရေးသားထား၍ ၊
စကားလင်္ကာ ၊ ထိုကဗျာကား ၊
ဥစ္စာအဖိုးတန်ဖြစ်ပါသည် ။

ကာရန်ရသ ၊ အဓမ္မနှင့် ၊

ဖေါင်းပွစကား ၊ ရောထွေးများက ၊
အင်အားချိစွာ ၊ ထိုသည့်စာလည်း ၊
ကဗျာမပီဖြစ်တတ်သည် ။

မြန်မာသဒ္ဒါ ၊ အလင်္ကာနှင့် ၊
မှတ်ရာမှတ်ဖွယ် ၊ အသွယ်သွယ်ကို ၊
ရင်ဝယ်သိုထား ၊ ရေးဖွဲ့ငြားမှ ၊
အင်အားထပ်လောင်း ၊ စုကာပေါင်းသည့် ၊
စာကောင်းကဗျာဖြစ်ပါမည် ။

အောင်နိုင်သူ ( 26 / 7 / 2016 )

Saturday, December 3, 2016

သိင်္ဂိလငှက်ဇာတ်တော် - လင်္ကာကဗျာ ( ၂၅ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
“သိင်္ဂိလ”ငှက် ၊ ဘဝမှာလျင် ၊
သစ်တစ်ပင်ထက် ၊ သိုက်ဆောက်လျက်သာ ၊

နေထိုင်လာခဲ့လေသတည်း ။

တစ်နေ့သောခါ ၊ မိုးသည်းရွာစဉ် ၊
ငှက်မှာသိုက်တွင်း ၊ ခိုလှုံရင်းနှင့် ၊

ရေဖြင့်ရွှဲစို ၊ မျောက်ကိုမြင်ရာ ၊
စာနာကြံဉာဏ်ပေးသတည်း ။

“သင်နှင့်လူမှာ ၊ တူလှတာမို့ ၊
အိမ်ရာတည်ထား ၊ နေပါလား”ဟု ၊

ပြောကြားလိုက်လျင် ၊ မျောက်မိုက်သည်ကား ၊
ဒေါသပွါးလျက် ၊ ငှက်သိုက်ကိုပါ ၊
မလိုစွာနှင့် ၊ ရန်ရှာမုန်းတီး ၊
ဖျက်ဆီးပစ်လိုက်လေသတည်း ။

အနှစ်သာရ
*************
( ၁ ) အသိဉာဏ်နည်းမိုက်မဲသူကိုနည်းပေးလမ်းပြသော်လည်း
အရာမထင်တတ် ။
( ၂ ) နည်းပေးလမ်းပြသူကိုပင် စော်ကားရန်မူတတ်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 3 / 12 / 2016 )

Friday, December 2, 2016

မာန်တက်သောလှံခုန်ဆရာ - လင်္ကာကဗျာ ( ၂၄ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
ဆရာထံတွင် ၊ ပညာသင်ကြား ၊
တပည့်သားတစ်ဦးဖြစ်သတည်း ။

ဆရာပညာ ၊ ပြသရာတွင် ၊
လှံမှာလေးစင်း ၊ ခုန်နိုင်ခြင်းသာ ၊
တတ်ကျွမ်းရှာသူဖြစ်သတည်း ။

တစ်နေ့သောခါ ၊ ရွာတစ်ရွာ၌ ၊
ပညာစွမ်းစ ၊ လှံခုန်ပြလို ၊
လှံကိုငါးစင်းထောင်သတည်း ။

တပည့်မနေ ၊ တားလေသည်ကား ၊
“ငါးစင်းလှံမှာ ၊ ဆရာမပိုင် ၊
မနိုင်ပဲနှင့် ၊ မခုန်သင့်”ဟု ၊
ချင့်ကာတန်တန်တားသတည်း ။

အရက်မူးကာ ၊ လှံဆရာကား ၊
ပညာမာန်ဆင့် ၊ မထီဝင့်ကြွား ၊
တပည့်တားလည်း ၊ နားပင်မခံ ၊
ငါးစင်းလှံကိုခုန်သတည်း ။

လှံလေးစင်းအား ၊ ကျော်ဖြတ်လွှားလည်း ၊
ငါးစင်းလှံ၌ ၊ ရင်ဝစိုက်ကာ ၊
ဆရာမိုက်ကား ၊ တစ်ချက်မှား၍ ၊

သေသွားရရှာလေသတည်း ။

အနှစ်သာရ
*************
( ၁ ) ဆရာ ၊ တပည့် ၊ ကြီးသူ ၊ ငယ်သူ မည်သူ့စကားပင်ဖြစ်ပါစေ
မှန်သောစကားကိုနားထောင်လက်ခံသင့်၏ ။
( ၂ ) ပညာမာန်တက်လျင်မှား၍ကျဆုံးတတ်သည် ။
( ၃ ) မိမိသက်မွေးဝမ်းကြောင်းအလုပ်လုပ်နေစဉ်အရက်သေစာ
မသောက်သုံးသင့် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 2 / 12 / 2016 )

မေမေ့သားလေးအိပ်တော့မယ် - ပုခက်လွှဲချင်း ( ၃ )


လယ်ကွင်းပြင်ပေါ် ၊ ဗျိုင်းတွေပျော် ၊
ကြူးကြော်ငှက်ကျေး ၊ သံစုံတေး ၊
ယီးလေလေ့ … ယီးလေလေး ။


ချိုးငှက်နှစ်ဖြာ ၊ ပင်ယံမှာ ၊
သံသာချိုအေး ၊ ကူနေသေး ၊
ယီးလေလေ့… ယီးလေလေး ။


ဝဝတုတ်တုတ် ၊ ခွေးဖြူဒုတ် ၊
ဝုတ်ဝုတ်သံပေး ၊ ဟောင်ကာပြေး ၊
ယီးလေလေ့ … ယီးလေလေး ။

အိမ်ကိုလူဝင် ၊ တွေ့ပြန်လျင် ၊

မေးချင်ရာမေး ၊ ကြက်တူရွေး ၊
ယီးလေလေ့ … ယီးလေလေး ။

ပူစီရွှေဝါ ၊ ညောင်ညောင်သာ ၊

ခြေမှာရှုပ်ထွေး ၊ အော်ပြန်သေး ၊
ယီးလေလေ့ … ယီးလေလေး ။

အော်သံတွေရယ် ၊ တိတ်တော့ကွယ် ၊
အိပ်မယ်အေးဆေး ၊ မယ့်ရင်သွေး ၊
ယီးလေလေ့ … ယီးလေလေး ၊
ယီးလေလေ့ … ယီးလေလေး ။

အောင်နိုင်သူ ( 2 / 12 / 2016 )

Thursday, December 1, 2016

ပြန်ခဲ့မှာလား - အချိုးကဗျာ ( ၆၇ )


ဒီဇင်ဘာ ဟောသည်ဆောင်းက ၊
ဟောင်းနိုင်ဘူးကွယ် ။

ငွေဇာလွှာ နှင်းတွေကျရင် ၊
လွမ်းလှပါတယ် ။

အေးလွန်းလို့ ချမ်းရော့မယ် ၊
မင်းဘယ်မှာခိုနား ။

ဘုရားကျောင်း ခရစ္စမတ်ညကို ၊
သတိတရ ခြေဦးလှည့်လို့ ၊
ပြန်ခဲ့မှာလား ။

အောင်နိုင်သူ  ( 2 / 12 / 2016 )

ဂိရိဒတ္တဇာတ် - လင်္ကာကဗျာ ( ၂၃ )


တိုင်းပြည်ဗာရာ ၊ “သာမ”ဘုရင် ၊
အုပ်စိုးလျင်ကား ၊ ဘုရားလောင်းလျာ ၊
ပညာရှိအမတ်ဖြစ်သတည်း ။

ဘုရင့်ထံမှာ ၊ မင်္ဂလာမြင်း ၊
မည်ရင်းနာမ ၊ “ပဏ္ဍဝ”အား ၊

မွေးထားချိန်ကြာ ၊ ကြီးပြင်းလာလျင် ၊ 
မြင်းထိန်းရှင်သည် ၊ ခြေခွင်ရှိသော ၊
“ဂိရိဒတ္တ”ဖြစ်သတည်း ။

“ဂိရိဒတ္တ” ၊ ရှေ့ကအမြဲ ၊

မြင်းကိုဆွဲကာ ၊ သွားသောခါတွင် ၊
မြင်းမှာသူ့အား ၊ သင်ကြားပေးသည် ၊
စွဲမှတ်ရည်လျင် ၊ ခြေခွင်ပြီးသာ ၊

နောက်ကပါလျက်ရှိသတည်း ။

“ပဏ္ဍဝ”မြင်း ၊ ခြေခွင်ခြင်းကို ၊
မင်းဘုရင်မြတ် ၊ မြင်လတ်သောခါ ၊

ဆေးဆရာနှင့် ၊ စစ်ပါသော်လည်း ၊
သဲကွဲမသိ ၊ ဖြေမရှိ၍ ၊
ကဝိအမတ်အားမေးသတည်း ။

ကဝိဆရာ ၊ ဖြေရှာခြင်းဖြင့် ၊

မြင်းထိန်းခြေခွင် ၊ မြင်းကမြင်၍ ၊
သင်ယူတုခိုး ၊ အတတ်ဆိုးဟု ၊ 

ကြောင်းကျိုးဆက်စပ် ၊ သိအပ်လေငြား ၊
မြင်းထိန်းအားလျင် ၊ လူစားလဲရာ ၊
မြင်းမှာပုံမှန် ၊ သဏ္ဌာန်ပြောင်းကာ ၊ 
မြင်းကောင်းပြန်ဖြစ်လေသတည်း ။

ပညာရှိအမတ် = ဗုဒ္ဓလောင်းလျာ ။ 

မြင်းထိန်း ဂိရိဒတ္တ = ဒေဝဒတ် ။

အနှစ်သာရ
( ၁ ) လူ ၊ သတ္တဝါတို့သည်အတုမြင်အတတ်သင်လေ့ရှိသည် ။
( ၂ ) ကောင်းမွန်ပြည့်စုံသောအတတ်ပညာကိုသာသင်ယူအတု
ခိုးအပ်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 1 / 12 / 2016 )

Wednesday, November 30, 2016

အလှချင်းပြိုင်တဲ့ပွဲ - အချိုးတွဲ ( ၂၀ )


တောပန်းငယ် ယဉ်မရိုင်းမို့ ၊
ဆင်တိုင်းပင်သူတင့်တယ် ။
ရှပ်အင်္ကျီ လက်ခေါက်ပါလို့ ၊
ခမောက်ကိုလွယ် ။
စိမ်းမြမြ စပါးခင်းအလယ် ၊
နတ်မိမယ်လယ်သူမ ။
သနပ်ခါး ပါးကွက်လေးနဲ့ ၊

ငေးလောက်အောင်လှ ။

ရှုမဆုံး လယ်ယာခင်းရယ် ၊

မြင်ကွင်းကအလှမ်းကျယ် ။
တောတောင်ခြေ ထန်းပင်တန်းတို့ ၊
လန်းပါလှတယ် ။

ကောင်းကင်ရောင် မိုးပြာချယ် ၊
ငှက်ငယ်တို့ဟိုသည်မြူး ။
လယ်တဲဘေး ရွှံ့အိုင်ထဲမတော့ ၊
ကျွဲတွေကလူး ။


ကောင်းကင်ပြာ လယ်ကွင်းစိမ်းနဲ့ ၊
ယိမ်းနွဲ့နွဲ့စပါးပင် ။

တောင်ခြေမယ် ထန်းတောစခန်းက ၊
ဆန်းတဲ့ပုံသွင် ။
လယ်ဒေဝီ ကညာခင် ၊

မြင်ရသူရင်မှာစွဲ ။
သဘာဝနဲ့ တောသူမတို့ ၊
အလှခြင်းဆိုင် ဘယ်သူနိုင်ပါ့ ၊
ပြိုင်ကြတဲ့ပွဲ ။


အောင်နိုင်သူ ( 30 / 11 / 2016 )

Tuesday, November 29, 2016

ရွှေသစ္စာတိုင် - အချိုးကဗျာ ( ၆၆ )


မနောပလီပလာ သွေမသွားပါဘု ၊
သဘောညီညာ မေတစ်ပါးကိုဖြင့် ၊
ချစ်အားမဟာ ပိုလျက်ပင် ။

ဆယ်ဆယ်ကမ္ဘာ မမုန်းနိုင်ပေါင် ၊
ဖုန်းမောင်လေ မေတ္တာအရင်းရယ်နဲ့ ၊
ထုံးနှောင်နေ ချစ်သဒ္ဓါ မယွင်းတာမို့ ၊
မင်းယုံတော့သခင်။

တစ်မျိုးမဟန် ခြေမများပါဘု ၊
အဖိုးတန် ရွှေမယားဆီက ၊
တစ်ဖဝါးမျှ ရှောင်မဖယ်ချင် ၊

မောင့်ဘုရင်မသိသား ။

စန်းသော်တာ ကွယ်မှောက်လို့ ၊
လမ်းချော်ကာ  နယ်ပျောက်စေတော့ ၊
ပယ်ဖျောက်လို့ ဒေါင်းဖန်ဝါကွယ်သည့်တိုင် ၊

ကြောင်းမှန်စွာရယ်  တူတကွသာ ၊
ပေါင်းရစေ  သစ္စာစကားတွေ ၊
ထားခဲ့မဟုတ်လား ။


အောင်နိုင်သူ ( 30 / 6 / 2016 )

ညဦးကြယ် - အချိုးကဗျာ ( ၆၅ )


ထက်ဝဠာ အနောက်စွန်းက ၊
ထွန်းလင်းတဲ့ ညဦးကြယ် ၊
လင်းထိန်လှတယ် ။

ညဆည်းဆာ မဟူရာအလယ် ၊
စိန်ရောင်ချယ်တောက်လို့ကြွား ။

သူ့ခမျာ အထွက်ဦးပေမဲ့ ၊

မြူးပျော်ခွင့် ရမယောင်နဲ့ ၊
ညာဉ့်သန်းခေါင် အဝင်စောတယ် ၊

နှမြောမိသား ။

အောင်နိုင်သူ ( 28 / 11 / 2016 )





 


ကျားသေအသက်သွင်းသူ - လင်္ကာကဗျာ ( ၂၂ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါဆီ ၊
တက္ကသီလာ ၊ ကျောင်းတော်မှာလျင် ၊
ဒီသာပါမောက္ခဖြစ်သတည်း ။

ပညာသင်ဆဲ ၊ တပည့်ထဲမှ ၊
သဉ္ဇီဝခေါ် ၊ ပညာတော်သူ ၊
လူငယ်မူကား ၊ သေသူအားလျင် ၊
သက်ရှင်ပြန်ရာ ၊ မန္တရားကို ၊
သင်ကြားတတ်မြောက်ထားသတည်း ။

ဘေးအန္တရာယ် ၊ ကာကွယ်ဆီးတား ၊
မန္တရားမူ ၊ သင်ယူနေဆဲ ၊
မပြီးပဲနှင့် ၊ တောထဲဝင်ရင်း ၊
သူငယ်ချင်းများ ၊ ထင်းကောက်သွားစဉ် ၊
ကျားသေတစ်ကောင်တွေ့သတည်း ။

သဉ္ဇီဝကား ၊ မန္တရားဖြင့် ၊
ကျားသေရှင်အောင် ၊ လုပ်ဆောင်လေငြား ၊
ကျားမှာသက်ရှင် ၊ သူ့ကိုမြင်၍ ၊

ပြေးဝင်ကိုက်က ၊ သဉ္ဇီဝမှာ ၊
လဲကျသေဆုံးလေသတည်း ။

သဉ္ဇီဝ = အဇာတသတ် ။

အနှစ်သာရ
( ၁ ) ကျမ်းတစ်ဆူ ၊ စာတစ်ပုဒ်မျှဖြင့်ပညာကုန်ပြီမမှတ်သင့် ။
( ၂ ) အကျိုးမရှိသောအလုပ် ၊ အန္တရာယ်ရှိသောအလုပ်ကိုမလုပ်သင့် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 30 / 11 / 2016 )

Saturday, November 26, 2016

ပဲ့ကိုင်သောကျေးဇူးရှင်များ - အချိုးကဗျာ ( ၆၄ )


လူမမယ်  ငယ်စဉ်ဘဝမှာ ၊
မိနှင့်ဖ  လက်ဦးဆရာကား ၊
ချစ်မေတ္တာ  ခြုံလွှာထွေး၍ ၊

ဘေးကွာစေ  သွန်သင်ဆုံးမ ၊
ယုယခဲ့ရှာ ။


ကလေးအရွယ်  ပညာရှာတော့ ၊
သွန်သင်ကာ   ဘေးရန်ဆီးလို့ ၊
လိုရာခရီး   ရောက်စေလိုသည့် ၊
ထိုပုဂ္ဂိုလ်  အာစရိယလည်း ၊
နည်းပြလျက်သာ ။


ပတ်ဝန်းကျင်   သြကာသမှာ ၊ 
မြင်လေသမျှ  သဘာဝကား ၊
ကဗျာသ  စာရေးဆရာတွေ ၊

ရေးပါလေ  အနုအလှစုံစွာ ၊
( သဘာဝတရားက )
စဉ်မကွာသင်ပေးမြဲ ။


ကဝိဥစ္စာ  စာကဗျာတဲ့ ၊
ဒေသနာ   ဓမ္မတရားမကျန် ၊
မှန်ကန်ရာ   သုတအဖြာဖြာနှင့် ၊
တတ်ပညာ   ရသများရယ် ၊
လူသားဘဝ ဖြောင့်ဖြူးကြဖို့ ၊
( စာကဗျာ ပညာက )
လမ်းပြနေဆဲ ။

.
အောင်နိုင်သူ  ( 26 / 11 / 2016 )


သုံးရာသီသဘာဝ - အချိုးတွဲကဗျာ ( ၁၉ )


ဥသြငယ် တွန်သံကြူး၍ ၊
ပိတောက်ဖူးဝေဝေဆာ ။
သင်္ကြန်ခါ မောင်မယ်စုံတွဲ ၊

နွှဲပျော်ကြတာ ။
နွေလူဆိုး ပြန်တဲ့အခါ ၊
မိုးလွှာမှာတိမ်ကျူး ။
လျှပ်ပန်းနွယ် ပျိုးကာပြတော့ ၊
လဝဿန်ကူး ။

ဝဿန်ကူး မိုးဦးကျမှာ ၊
ထွန်ရေးချလယ်ယာ ။
လယ်သူမ ပျိုမကိုဋ်တို့ ၊

ကောက်စိုက်ကြရှာ ။
လဝါဆို ပန်းခူးတဲ့ခါ ၊

ပျော်စရာအလွန်ကောင်း ။
မိုးစက်သွေ မြောက်လေညှင်းတော့ ၊

နှင်းကြွေတဲ့ဆောင်း ။

နှင်းကြွေဆောင်း သဇင်ပွင့်သော် ၊
မြင်တိုင်းတင့်ရှုခင်းသာ ။
နေရောင်ဖျော့ ညနေစောင်းလျင် ၊
ကောင်းကင်ကပြာ ။
လထွက်သည့် ညဆည်းဆာ ၊
တူနှစ်ဖြာကြည်နူး ။
ချမ်းအေးခြင်း ဝေးကာကျန်၍ ၊
သည်ဟေမန် တစ်ခါနှောင်းတော့ ၊

ပြောင်းပေါ့နွေဦး ။

အောင်နိုင်သူ ( 27 / 11 / 2016 )

Thursday, November 24, 2016

ကျွမ်းအသည်းနှင့်လွမ်းမိသည် - အချိုးတွဲ ( ၁၈ )


ပန်းနှင်းဆီနီ ရနံ့သင်း၍ ၊
အဆင်းက လှသွေးကြွယ် ။ 
မြင်သူတွေ လိုချင်ယစ်မူး ၊
ခူးဖို့ကြံရွယ် ။
ညှာတံမှာ မြရောင်ချယ် ၊
ဆူးသွယ်သွယ်ရံထား ။
ပန်လိုသူ လက်ကိုကမ်းကာ ၊
လှမ်းချွေခက်သား ။

လှမ်းချွေခက် အချစ်ပန်းက ၊
နန်းထိုက်သည့်မာလာ ။
ခစားကြ သူ့အနားမှာတော့ ၊
ပျားနဲ့လိပ်ပြာ ။

နုဖတ်လှ ပန်းပွင့်လွှာ ၊
ဝတ်မှုန်မှာ ချိုအိမွှေး ။
ပန်းသဘာဝ သူမမေ့တဲ့ ။
အိနြေ္ဒ့ရှင်လေး ။

အိနြေ္ဒ့ရှင် ဆူးနှင်းဆီမှ ၊
အငမ်းမရကျွန်တော်လိုချင် ။
ဇွတ်တိုးကာ အရူးအမူးမို့ ၊
ဆူးစူးတဲ့ရင် ။
မိုက်မဲခဲ့ ကျွန်တော့်ဖြစ်အင် ၊
သူမကြင်ကြာလေဝေး ။
ကျွန်တော်က မမေ့သာလေတော့ ၊
ဆူးဒါဏ်ရာ အသည်းကျွမ်းနဲ့ ၊
လွမ်းမိတယ်လေး ။

အောင်နိုင်သူ ( 25 / 11 / 2016 )

စံပယ်ချစ်တဲ့မမလေး - အချိုးတွဲ ( ၁၇ )


ပန်းခရေ ကြွေရှာသေးတော့ ၊
မွှေးရနံ့ကယ်ဖြာ ။
မမလေး လိုရာသုံးဖို့ ၊
ကုံးသီပေးမှာ ။
ပင်ပေါ်လည်း ဝေဝေဆာ ၊

လေအလာမြေမှာဖွေး ။
ဝေတစ်ဝက် ကြွေပျက်ရင်းနဲ့ ၊
သင်းပျံ့တယ်လေး ။

ဟိုတစ်ပွင့် သည်တစ်ပွင့်နဲ့ ၊

ကြွေလွင့်ကြပန်းခရေ ။
ဟိုလူနင်း သည်လူနင်းလည်း ၊
သင်းလို့သာနေ ။

မြတ်နိုးသူ တွယ်တာပေမဲ့ ၊
သွေဖယ်သူရှောင်ကာတိမ်း ။
တစ်ခါတစ်လေ ရင်မှာဆို့ဘွယ် ၊
တစ်ချို့ကစိမ်း ။


ကောက်ထားတဲ့ ခရေပန်းတွေ ၊
ဘန်းငယ်ထဲမောက်လို့ပင် ။
ပန်းခရေဆို မမလေးက ၊
ယုယမယ်ထင် ။
မလေးကို လှမ်းကာမြင် ၊

မောင့်ရင်မှာနာမဆုံး ။
သူ့ကေသာ စံပယ်ဖွေးတွေနဲ့ ၊
မလေးကပြုံး ။


အောင်နိုင်သူ ( 24 / 11 / 2016 )

Wednesday, November 23, 2016

မြေခွေးယုတ်နှင့်ကျီးမိုက် - လင်္ကာ+အချိုးကဗျာ ( ၁ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ကာလ ၊
ဟိမမြိုင်တွင် ၊ သပြေပင်၌ ၊
ထင်ရှားတန်ခိုး ၊ ရုက္ခစိုးနတ် ၊
ဖစ်လတ်သောခါ ၊ ဤဇာတ်မှာလျင် ၊

ပေါ်လာရခြင်းဖြစ်သတည်း ။

သပြေပင်ထက် ၊ ကျီးငှက်တစ်ခု ၊

အော်သံပြုပြီး ၊ သပြေသီးများ ၊
ခူးစားနေလျင် ၊ မြေခွေးမြင်ငြား ၊
စားချင်သောခါ ၊ ကျီးကိုသာပင် ၊
လိမ်ညာလှည့်ဖြားပြောသတည်း ။

“ချိုသာသော အသံထွက်၍ ၊
ဤငှက်ကားထူးလှတာ ၊
မျိုးမြတ်ထည်ဝါ ။
ဥဒေါင်းပမာ ၊ 

တေးသာယာဘဝင်မှာငြိမ့် ။
မြင့်မားလှ အပင်ပေါ်မှာ ၊
မဟူရာ ရောင်ဖြာလျက်နှင့် ၊
ဘာငှက်ပါလိမ့်” ။

မြေခွေးလှည့်ဖြား ၊ ပြောစကားကို ၊
ကြားလေသောခါ ၊ ကျီးမိုက်မှာလျင် ၊
ဘဝင်ခိုက်ကာ ၊ များစွာအသီး ၊
လှုပ်ကျွေးပြီးလျင် ၊ ကြီးကျယ်ဝံ့ကြွား ၊
စကားတုန့်ပြန်ပြောသတည်း ။

“သင်မြေခွေး အမျိုးကောင်းသား ၊
ကျွန်ုပ်အား ချီးမွမ်းရာ ၊
သိတတ်လှစွာ ။
သင့်ခန္ဓာ ၊
တူပါလှကျားပေါက်နဲ့မှား ။
မိတ်ဆွေတွက် ကျွန်ုပ်ချွေချမယ် ၊
ချိုမြမြ သပြေသီးမှည့်တွေ ၊
စားလှည့်ပါလား” ။

ရက္ခစိုးမှာ ၊ ထိုခြင်းရာကို ၊ 

မြင်ပါလေသော် ၊ မသူတော်တို့ ၊ 
ပေါင်းဖေါ်မှုအား ၊ မလိုလားမူ ၊
သူ၏အသွင် ၊ ကြောက်ဘွယ်ပြင်၍ ၊

မောင်းနှင်ထုတ်ရာ ၊ နှစ်ဖြာကျီးခွေး ၊
ဝေးရာပြေးကြလေသတည်း ။

မြေခွေး = ဒေဝဒတ် ။ ကျီး = ဒေဝဒတ်၏တပည့် - ကောကာလိက ။
ဟိမမြိုင် = ဟိမဝန္တာတော ။

အနှစ်သာရ
************
( ၁ ) သူတော်ချင်းချင်းပေါင်းဖက်တွေ့၍ - လူယုတ်ရှိရာလူယုတ်လာ၏ ။
( ၂ ) တစ်ဖက်လူသည်မိမိထံမှတစ်ခုခုရလိုလျင်လှည့်ဖြား မြှောက်ပင့်
ချီးမွမ်းတတ်၏ ။
( ၃ ) မိမိအနေအထားက်ုမိမိကောင်းစွာသိထားသင့်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 23 / 11 / 2016 )

စိမ်းရက်လို့ငို - ဘောလယ် ( ၂ )


ငွေလရောင်ငယ် - ညအလယ်လင်းပါလို့ ၊
ကြယ်မှုန်တသင်းထိန်သနဲ့ - စိန်မျက်ချယ် ။
ညာဉ့်နက်ပြီကွယ် - လွမ်းဘွယ်ညှင်းပြီလေး ၊
နင်းချေရက်တယ် ။

ဝဿန်ခါနှောင်းလေတဲ့ - ဆောင်းလဝယ် ၊
မောင်နဲ့အတူပျော်မယ်လို့ - မေရည်ရွယ်စူး ၊
မရေရာစိတ်ကူးတွေနဲ့ - ရူးမယ်ခုပင် ။

လေညင်းသုန်လျင် - တုန်ရီကာအေးတယ်လေး ၊
ထွေးသူမဲ့ရင် ။

မေတ္တာတော်ထားပါလျက် - သနားမခင် ၊
ချစ်ဦးကိုငြိုငြင်လို့ - မကြင်တာလား ၊
မမြင်ယောင်ဆောင်သွားပါနဲ့ - မောင်ကြီးရယ် ။
ချစ်အားငယ်သရှင် - ရင်မှာထင့်တယ်လေး ၊
စိုးဗျာသင့်ကြွယ် ။

နှစ်ရာတိုင်ချစ်မယ်လို့ - အပြောသာလွယ် ၊
ခုအခါဘယ်ဋ္ဌာန - ရှောင်ဖယ်ကာယွန်း ၊
မုန်းရန်ကွယ်ရွယ်ပါနဲ့ - ငယ်ကျွမ်းဆွေရေ ။
ခန်းဆောင်ဗွေ - နေမသာခက်တယ်လေး ၊

ဆွေးချက်ကပွေ ။

ရွှေဗဟိုရ်စည်တီးသံက - မြန်လွန်းတယ်လေ ၊
ညာဉ့်လွန်ကာကြွေပါလို့ - နေရောင်ငယ်ထွန်း ၊
မုန်းတော်မူလွန်းသူက - ချစ်ခွန်းပင်သူမဆို ။
အမုန်းသာပို - သည်မေကိုတိမ်းတယ်လေး ၊
စိမ်းရက်လို့ငို ။

အောင်နိုင်သူ ( 21 / 11 / 2016 )

Tuesday, November 22, 2016

လွမ်းမိသည့်အနမ်း - လွမ်းချင်း ( ၂ )


နွေဧည့်သည် အိမ်ပြန်ရတော့ ၊
မိုးဒေဝ အလည်လာသည် ၊
တိမ်တိုက်လွှာ ခြုံကာဆိုင်းလို့ ၊
ဝဠာတိုင်းမှာ မှောင်ရီပျိုးလျင် ၊
ညှိုးရှာပေါ့ ကောင်းကင်ပြာရယ် ၊

မြင်မြင်ရာ ရော်ရည်ရမ်း၍ ၊
လှမ်းကြည့်လျင် လွမ်းဘွယ်ဖုံဖုံ ၊

ဖေါ်မစုံ တစ်ကိုယ်တည်းမို့ ၊
ညည်းချင်းငယ် ဆိုရမလိုလို ၊
အဆွေးရယ်ပို ရင်မှာနွမ်းတယ် ၊
ကျွမ်းမယ်ကွဲ့လေး ။

ဝဿန်နှောင်းသည့် ဟေမန်တွင်းမှာ ၊
လယ်ကွင်းတွေ မြရောင်မြန်း၍ ၊

တောင်တန်းပြာ မြူခိုးတဝေဝေ ၊
ဆောင်းလေပြေ ရင်ကိုတိုးပါလို့ ၊
ချိုးငှက်ငယ် ကူသံချိုချို ၊
စိမ်းစိုစို မြိုင်ခြေစပ်မှာဖြင့် ၊
တဖျပ်ဖျပ် ဗျိုင်းတွေပျံသလေ ၊

ဝေဟင်ယံ တိမ်မှောင်ရယ်ကင်း ၊
ဆင်းရောင်နု ကောင်းကင်ကပြာ ၊
လွှဲမသာ မြင်မိပြန်တော့ ၊
ဒဏ္ဍာရီ အဖြစ်ဟောင်းရယ်နဲ့ ၊

နှောင်းအတိတ်က ချစ်သူ့အနမ်းကိုလ ၊
လွမ်းမိတယ်လေး ။

အောင်နိုင်သူ ( 22 / 11 / 2016 )

Monday, November 21, 2016

ရာဇနေမင်း - အချိုးကဗျာ ( ၆၃ )


ညခြုံလွှာ မဟူရာတွင်းက ၊
ဖေါက်ခွင်းလို့သူပေါ်လာ ။

တနင်္ဂနွေဂြိုလ် သူရိန်ပါ ၊

ဒေါင်းဖန်ဝါ နေသညာပြု ၊
ဘာဏုရာဇာ ။


ရောင်ခြည်တစ်ထောင် လင်းရောင်ဖြာ ၊
စကြာဝဠာတစ်ခွင်မှာလင်း ။


လောကတွင် အံ့ချီးဘွယ်နဲ့ ၊
စွမ်းအားကြွယ် ငါးမည်ရတဲ့ ၊
ရာဇနေမင်း ။


အောင်နိုင်သူ ( 22 / 11 / 2016 )

Sunday, November 20, 2016

အသိတာဘူဇာတ် - လင်္ကာကဗျာ ( ၂၁ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
ဟိမဝန္တာ ၊ မြိုင်မဟာတွင် ၊
ရှင်ရသေ့ပြု ၊ ကောင်းမှုတရား ၊
ပွါးများကျင့်ကြံ ၊ ဘုန်းကံတံခိုး ၊

ပြည့်ဖြိုးနေချိန်ဖြစ်သတည်း ။

“ပြည်ဗာရာ”တွင်း ၊ မင်း “ဗြဟ္မဒတ်” ၊
အုပ်စိုးလတ်သော် ၊ သားတော်ကြီးမှ ၊
ထီးနန်းလုမည် ၊ ကြံစည်လိမ့်နိုး ၊
စိုးရိမ်ပို၍ ၊ သားကိုမညှာ ၊

တောသို့ခွါရန်နှင်သတည်း ။

ကြမ္မာနိမ့်ပါး ၊ မင်းသားခမျာ ၊
“အသိတာဘူ” ၊ သူ၏ကြင်ယာ ၊

ခေါ်ကာသွားရ ၊ ဟိမဝန္တာ ၊
မြိုင်ဟေမာတွင်း ၊ နှစ်ဖြာဝင်ရောက် ၊
တဲအိမ်ဆောက်၍နေသတည်း ။

တစ်နေ့သောခါ ၊ မဟာမြိုင်ဆီ ၊
ကိန္နရီအား ၊ မြင်တွေ့သွား၍ ၊
မင်းသားခင်မင် ၊ ချစ်စိတ်ဝင်ကာ ၊
မခွါတောက်လျှောက် ၊ ကောက်ကောက်သာလျင် ၊
လိုက်ပါနေတော့လေသတည်း ။

ထိုသည့်ခြင်းရာ ၊ “အသိတာဘူ” ၊ 

မြင်ပါမူကား ၊ သူ့အားမကြင် ၊
သူမခင်ပြီ ၊ တွယ်ငင်နေသော ၊
သံယောဇဉ်ဖြတ် ၊ ရသေ့မြတ်ပါး ၊
တရားတောင်း၍ကျင့်သတည်း ။

“အသိတာဘူ” ၊ နာယူဓမ္မ ၊ 

အေးမြပျော်မွေ့ ၊ ရသေ့တရား
စိတ်မှာထား၍ ၊ ပွါးများခါခါ ၊
အာရုံမပြတ် ၊ ရှုမှတ်နေစဉ် ၊
အဘိညာဉ်သမာပတ်ရသတည်း ။

ကိန္နရီနောက် ၊ တကောက်ကောက်သာ ၊
လိုက်ပါသွားသူ ၊ မင်းသားမူလည်း ၊
အလိုက်လွဲလျက် ၊ မျက်ခြည်ပြတ်၍ ၊
စိတ်ဓါတ်ကျကာ ၊ သူ့ကြင်ယာထံ ၊

ပြန်လာနေထိုင်လေသတည်း ။

ကြင်ယာတော်ကား ၊ လင်သားကိုလျင် ၊

မြင်လေသောခါ ၊ အာကာယံထက် ၊
ပျံတက်သွား၍ ၊ “ငါကားခုခါ ၊
သင့်ကြောင့်သာပဲ ၊ မလွဲအမြန် ၊
ဈာန်ချမ်းသာကို ၊ ရလာပြီ”ဟု ၊

ပြောဆိုပြုရင်း ၊ မင်းသားကိုပင် ၊
တမင်စွန့်ကာ ၊ ဝေးရပ်ရွာသို့ ၊
ထွက်ခွါသွားတော့လေသတည်း ။



 

အဘိညာဉ် = ထူးသောဉာဏ်ဖြင့်သိခြင်း ။ သမာပတ် = ပြည့်စုံခြင်း ။

အနှစ်သာရ
************
မိမိကိုမနှစ်သက် ၊ မချစ်ခင်သောသူကိုသံယောဇဉ်ဖြတ် ဥပေက္ခာ

ပြုမှကိုယ်စိတ်နှစ်ဖြာချမ်းသာ၍အကျိုးရှိနိုင်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 21 / 11 / 2016 )

သီလဝ နဂ ရာဇ - လင်္ကာကဗျာ ( ၂၀ )


လောင်းတော်ဗုဒ္ဓ ၊ ဘဝထွေပြား ၊
ငါးရာ့ငါးဆယ် ၊ နုနယ်စဉ်က ၊
ဟိမဝန္တာ ၊ မြိုင်မဟာတွင် ၊
ဆင်မင်းဖြစ်ကာ ၊ အမည်နာမ ၊
“သီလဝ နာဂ ရာဇာ”တည်း ။

တစ်နေ့သ၌ ၊ မုဆိုးမိုက်လည်း ၊

တောထဲလမ်းပျောက် ၊ ကြောက်ရွံ့ဟစ်အော် ၊
ကူညီခေါ်လျင် ၊ ဆင်မင်းကျောမှာ ၊
တင်ကာယူငင် ၊ မြို့ဝင်လမ်းသို့ ၊
ပို့ဆောင်ပေးခဲ့လေသတည်း ။

“လမ်းပေါ်ရောက်လျင် ၊ သင်သွားပါလေ ၊
ငါ၏နေရာ ၊ သူတကာအား ၊

ပြောကြားသိစေ ၊ မပြုလေနှင့် ၊
မိတ်ဆွေပီပြင် ၊ သင်ဆင်ချင်”ဟု ၊
သွန်သင်မှာကြားလိုက်သတည်း ။

ဗာရာဏသီ ၊ နေရပ်ဆီ၌ ၊
မုဆိုးမိုက်လျင် ၊ ဆင်အရှင်စွယ် ၊

ရောင်းဝယ်သူများ ၊ ပြောစကားကို ၊
ကြားရသည်တွင် ၊ ဆင်စွယ်လိုချင် ၊

တောကိုဝင်ပြန်လေသတည်း ။

မုဆိုးသည်လည်း ၊ တောထဲရောက်လျင် ၊

လောင်းဆင်မင်းအား ၊ “စီးပွါးမကောင်း ၊
စွယ်လာတောင်းရ ၊ ဖေးမပါ”ဟု ၊

ပြောလာခြင်းကြောင့် ၊ မငြင်းပယ်ပဲ ၊
ဆင်စွယ်တစ်ဝက်ဖြတ်ပေးသတည်း ။

မုဆိုးရမ်းကား ၊ လောဘသားမှာ ၊
များမကြာမီ ၊ ရောက်လာပြီးလျင် ၊
ဆင်စွယ်ပေးရန် ၊ တောင်းပြန်သောခါ ၊

ဖြတ်ကာမနှေး ၊ တစ်ဝက်ပေးမူ ၊
မုဆိုးယူဆောင်သွားသတည်း ။

လောဘဇောတိုက် ၊ မုဆိုးမိုက်က ၊
တတိယခေါက် ၊ ဆင်ထံရောက်၍ ၊
မထောက်မညှာ ၊ စွယ်တောင်းလာသော် ၊

ဖြတ်ကာတစ်ဝက် ၊ မုဆိုးလက်သို့ ၊
ပေးဆက်အပ်နှင်းပြန်သတည်း ။

မုဆိုးယုတ်လျင် ၊ ဆင်စွယ်ကိုထမ်း ၊
လာရာလမ်းသို့ ၊ လှမ်းကာထွက်ခဲ့ ၊
ဆင်မျက်ကွယ်ရာ ၊ ရောက်သောခါတွင် ၊
မဟာမြေကြီး ၊ မြည်သံဟီး၍ ၊
မီးလျှံမီးပွါး ၊ မုဆိုးအားလျင် ၊
ဆွဲငင်မြေတွင်း ၊ ခေါ်သွင်းကာဝါး ၊

မြေမြိုသွားတော့လေသတည်း ။

မုဆိုးယုတ် = ဒေဝဒတ် ။

အနှစ်သာရ
************
( ၁ ) ကျေးဇူးရှင်ပြစ်မှားလျင် ချက်ချင်းဘေးတွေ့တတ်သည် ။
( ၂ ) လူယုတ်မာကို မပေါင်းသင်း မကူညီအပ် ။
( ၃ ) သဘောကောင်းခေါင်းပေါ်တက် ၊ အလိုလိုက်အမိုက်စော်ကား
တတ်လေသည် ။

ကိုးကား ။.....။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 19 / 11 / 2016 )

ဝဋ်လည်မှာစိုး - အချိုးကဗျာ ( ၆၂ )


လွမ်းတော်မူ စာကိုစီတယ် ၊
ဗျာပိုပြီ နေနိုင်ပါပဲ ၊ 
ခွေယိုင်လဲပျော်ခက်သည် ။

ဆေးစက်ကယ် ညစ်ပလီ ၊
ချစ်ပန်းချီ ဟောင်းကာနွမ်းလို့ ၊
သည်းကျွမ်းတော့မည် ။

ချစ်ရက်ရှည် နောက်များမှာဖြင့် ၊

ဖေါက်ပြားကာ မတည်ကြည် ၊
လိမ်လည်တဲ့မောင်လူဆိုး ။

ချစ်ကြမ္မာ တန်ပြန်ပါမှ ၊
သံသရာ ပြေးမလွတ်၍ ၊
ဝဋ်လည်မှာစိုး ။


အောင်နိုင်သူ ( 20 / 11 / 2016 )

ဝဋ်လည်မှာစိုး - အချိုးကဗျာ ( ၆၂ )


လွမ်းတော်မူ စာကိုစီတယ် ၊
ဗျာပိုပြီ နေနိုင်ပါပဲ ၊ 
ခွေယိုင်လဲပျော်ခက်သည် ။

ဆေးစက်ကယ် ညစ်ပလီ ၊
ချစ်ပန်းချီ ဟောင်းကာနွမ်းလို့ ၊
သည်းကျွမ်းတော့မည် ။

ချစ်ရက်ရှည် နောက်များမှာဖြင့် ၊

ဖေါက်ပြားကာ မတည်ကြည် ၊
လိမ်လည်တဲ့မောင်လူဆိုး ။

ချစ်ကြမ္မာ တန်ပြန်ပါမှ ၊
သံသရာ ပြေးမလွတ်၍ ၊
ဝဋ်လည်မှာစိုး ။


အောင်နိုင်သူ ( 20 / 11 / 2016 )

Friday, November 18, 2016

ကုဒ္ဒါလပဏ္ဍိတဇာတ်တော် - လင်္ကာကဗျာ ( ၁၉ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါလျင် ၊
စားပင်စိုက်ခင်း ၊ စိုက်ပျိုးခြင်းနှင့် ၊
ဆင်းရဲကြီးစွ ၊ သက်မွေးရသော ၊
ဘဝဖြစ်ခါ ၊ နံမည်မှာကား ၊
“ကုဒ္ဒါလပဏ္ဍိတ”တည်း ။

“ကုဒ္ဒါလ”မှာ ၊ တစ်ချိန်ခါတွင် ၊
“လူ့ရွာလောက ၊ ဒုက္ခတောတည်း ၊ 

လောကုတ်လှမ်းမှ ၊ အေးချမ်းမည်”ဟု ၊
တည်ကြည်စိတ်ကူး ၊ ပေါက်တူးဝှက်၍ ၊
ရသေ့ပြုလိုက် လေသတည်း ။

ရသေ့ပြုလည်း ၊ ပေါက်တူးစွဲကြောင့် ၊
အမြဲကြာရှည် ၊ သူမနေနိုင် ၊

ခြောက်ကြိမ်တိုင်စေ့ ၊ ရသေ့ပြုခိုက် ၊
လူထွက်လိုက်နှင့် ၊ ကြံအိုက်ဒုက္ခ ၊
ဒွိဟစိတ်များ နေသတည်း ။

သူ့စိတ်အခြေ ၊ သုံးသပ်လေသော် ၊

ပေါက်တူးပေါ်တွင် ၊ တွယ်တာခင်မင် ၊
အမြင်လည်းမှား ၊ စိတ်ထားမရှင်း ၊
မကင်းလောဘ ၊ သောကအကြောင်း ၊

ကောင်းစွာသိရှိ လေသတည်း ။

နောက်ဆုံးယခု ၊ ရသေ့ပြုမည် ၊
မှန်းရွယ်ရည်လျက် ၊ မျက်စိစုံမှိတ် ၊
စိတ်ဆုံးဖြတ်ကာ ၊ မြစ်ရှိရာလှမ်း ၊
ကမ်းခြေရောက်သော် ၊ ပေါက်တူးကိုဆွဲ ၊

ရေထဲပစ်ချ လိုက်သတည်း ။

ပိုင်သည့်ပစ္စည်း ၊ တစ်ခုတည်းအား ၊
စွန့်ထားပြီးနောက် ၊ ဝမ်းမြောက်ဝမ်းသာ ၊
ကြည်နူးကာလျင် ၊ “ငါအောင်ပြီ”ဟု ၊
သုံးလီသုံးခါ ၊ အော်စဉ်မှာပင် ၊ 

ပြည်ဗာရာမင်း ကြားသတည်း ။

“အို.ကုဒ္ဒါလ ၊ ငါဧကရာဇ် ၊
စစ်ဦးကွပ်ကဲ ၊ စစ်ပွဲဦးဆောင် ၊

အောင်ခဲ့သူပင် ၊ လူငယ်သင်သည် ၊
မည်သည့်ခြင်းရာ ၊ အောင်နိုင်ပါနည်း” ၊
ဗာရာပြည့်ရှင် မေးသတည်း ။

“အသင်မင်းကြီး ၊ ရန်မီးပြင်ပ ၊

အောင်ယုံမျှကား ၊ မထူးခြားလှ ၊
စိတ္တကိုယ်တွင်း ၊ ရန်သူမင်းကို ၊
ကျွန်ုပ်လိုသာ ၊ အောင်နိုင်ပါမှ ၊
ဒိဋ္ဌအောင်ခြင်း ၊ မာရ်အောင်မင်း”ဟု ၊
ရှင်းလင်းပြကာ ၊ ကုဒ္ဒါလကား ၊ 

မြစ်ကမ်းပါးမှာ ၊ အာပေါကသိုဏ်း ၊
မဆိုင်းရှုလျင် ၊ ခုပင်ဧကန် ၊
ဈာန်အဘိညာဉ် ၊ ရစဉ်ခါတွင် ၊

ကောင်းကင်ပေါ်ကြွ ၊ မြတ်ဓမ္မကို ၊
ရာဇမင်းနှင့် ၊ မင်းချင်းတို့အား ၊

ဟောကြားတော်မူ လေသတည်း ။

အာပေါကသိုဏ်း = ရေကိုရှု၍တရားမှတ်ခြင်း ။

အနှစ်သာရ
************
( ၁ ) သမ္မာဒိဋ္ဌိအမြင်မှန်၍သံယောဇဉ်ဖြတ်နိုင်မှအတွင်းရန် ( မိမိစိတ်အလို )
ကိုအောင်နိုင်သည် ။
( ၂ ) အတွင်းရန်အောင်လျင်ပြင်ပရန်များကိုအလွယ်တကူအောင်နိုင်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 19 / 11 / 2016 )

ဝေဠုကဇာတ် - လင်္ကာကဗျာ ( ၁၈ )


ဟိမဝန္တာ ၊ မြိုင်တောမှာလျင် ၊
ဆရာရသေ့ ၊ ပျော်မွေ့စံစား ၊
ငါးရာတပည့် ၊ တော်တည့်မှန်စွာ ၊
အုပ်ချုပ်ကာပင် ၊ ဓမ္မာတရား ၊
သင်ကြားပေးရင်း ၊ ငြိမ်းအေးခိုဝင် ၊
ကျောင်းသင်္ခန်းတွင်နေသတည်း ။

ဆုံမခက်ပေ့ ၊ ရသေ့တစ်ပါး ၊
မြွေဟောက်အားလျင် ၊ ဝါးဆစ်ပိုင်းတွင်း ၊
ထည့်သွင်းမွေးလာ ၊ ဆရာဖြစ်သူ ၊
ထားမြစ်မူလျက် ၊ ပြောရခက်ခဲ ၊
မွေးမြဲမွေးထားလေသတည်း ။

တစ်နေ့သောခါ ၊ စားစရာပေါ ၊
သစ်သီးတောသို့ ၊ ရသေ့တို့ကား ၊
သွား၍မွေ့လျော် ၊ သုံးရက်ကျော်တွင် ၊
ကျောင်းသင်္ခန်းဆီ ၊ ကြွမြန်းမကြာ ၊
ပြန်လာစံနေကြသတည်း ။

ဝါးဆစ်ပိုင်းတွင်း ၊ ထည့်သွင်းခံရ ၊
ဝေဠုကမည် ၊ မြွေဟောက်သည်ကား ၊
အစားသုံးရက် ၊ ငတ်မွတ်လျက်နှင့် ၊
အမြက်ထွက်ကာ ၊ ကြီးစွာဒေါသ ၊
ထိန်းမရအောင်ဖြစ်နေသတည်း ။

မြွေမွေးထားသူ ၊ ရသေ့မူကား ၊
မြွေအားအစာ ၊ ကျွေးသောခါတွင် ၊
မြွေမှာရန်လို ၊ ရသေ့ကိုပင် ၊
သခင်မမှတ် ၊ ပေါက်ကာသတ်၍ ၊
ရသေ့သေပွဲဝင်သတည်း ။

ဆရာရသေ့ = လောင်းတော်ဗုဒ္ဓ ။
မြွေမွေးရသေ့ = ဆုံးမခက်သောရဟန်း ။

အနှစ်သာရ

( ၁ ) ပညာရှိစကားမပယ်ရှားသင့် ။
( ၂ ) အန္တရာယ်ပြုတတ်သောသတ္တဝါများအားမမွေးမြူသင့် ။
( ၃ ) မိမိမွေးထားသောသတ္တဝါများအပေါ်ဝတ္တရားမပျက်သင့် ။
ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 18 / 11 / 2016 )

Thursday, November 17, 2016

မာဃလုလင်ဇာတ်တော် - လင်္ကာကဗျာ ( ၁၇ )


“ရာဇဂြိုဟ်”မည် ၊ တိုင်းပြည်ဋ္ဌာန ၊
“မဂဓ”မင်း ၊ ထီးနန်းနင်းလျင် ၊
လုလင်မာဃ ၊ “စမလ”ဟု ၊
သညာပြုသော ၊ တောရွာငယ်၌ ။
သုံးဆယ်သုံးဦး ၊ အဖေါ်ထူးနှင့် ၊

ပျော်မြူးနေထိုင်လေသတည်း ။

လူငယ်မာဃ ၊ ဖေါ်မိတ္တကား ၊
ငါးပါးသီလ ၊ စောင့်ထိန်းကြရင်း ၊
တံတားခင်းလျက် ၊ ရေတွင်းတူးကာ ၊
လမ်းပါပြင်၍ ၊ နေ့စဉ်ကောင်းမှု ၊

ပြုလုပ်နေလေ့ရှိသတည်း ။

လုလင်မာဃ ၊ ပေါင်းမိတ္တအား ၊
ရွာသားတို့မှာ ၊ စံယူကာပင် ၊ 

ကောင်းစွာကောင်းကျိုး ၊ ကောင်းမှုတိုးဆောင် ၊
မဆိုးမမိုက် ၊ သုစရိုက်လေ့ ၊ 

ပျော်မွေ့လာကြလေသတည်း ။

ဒုစရိုက်ရှင်း ၊ လာဘကင်းမူ ၊
ရွာသူကြီးလည်း ၊ နန်းထဲသို့ဝင် ၊
ရွာတွင်လူဆိုး ၊ သူခိုးဖျက်ဆီး ၊
ရွာပျက်စီးကြောင်း ၊ မင်းကြီးကိုပင် ။

လျှောက်တင်လီဆယ်ပြန်သတည်း ။

ဘုရင့်မိန့်ရ ၊ သူကြီးကပင် ၊
မာဃတို့အား ၊ ဖမ်းဆီးသွားပြီး ၊
ဘုရင်ကြီးထံ ၊ အပ်နှံပေးလျင် ၊
စစ်ဆေးမဲ့ကင်း ၊ ဆင်နှင့်နင်းကာ ၊
သတ်ပါမိန့်တော်မှတ်သတည်း ။

ပေါင်းဖေါ်မာဃ ၊ မိတ္တတို့မှာ ၊
မေတ္တာစိတ်ထား ၊ သီလပွါးရင်း ၊
ဆင်နင်းခံလျင် ၊ ဆင်တို့သည်လည်း ၊
မနင်းရဲ၍ ၊ ဖဲကြဉ်အဝေး ၊

ရှောင်ပြေးသွားကြလေသတည်း ။

မဂဓမင်း ၊ စိစစ်ခြင်းကြောင့် ၊ 

ကြောင်းရင်းကုန်စင် ၊ သိမြင်သွားကာ ၊
ရွာသူကြီး၏ ၊ ရှိသည့်ဥစ္စာ ၊
လယ်ယာကစ ၊ ပိုင်သမျှကို ၊
မာဃသိမ်းစေ ၊ ပေးခိုင်းလေပြီး ၊
သူကြီးအားလည်း ၊ လုပ်သားဘဝ ၊
မာဃထံတွင် ၊ ကျွန်ခံစေသော် ၊
မိန့်တော်ချမှတ်လေသတည်း ။

မာဃလုလင် = သိကြားမင်း = လောင်းတော်ဗုဒ္ဓ ။

အနှစ်သာရ
************
( ၁ ) သီလစောင့် ၊ ကောင်းမှုပြု ၊ မေတ္တာပွါးလျင် သေဘေး
မှပင်လွတ်တတ်သည် ။
( ၂ ) သူတစ်ပါးကိုမကောင်းကြံလျင်ကိုယ်ကျိုးစီးပွါးပျက်စီးကာ

ဘေးဒုက္ခကြီးစွာခံရတတ်လေသည် ။
ကျမ်းကိုး ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 17 / 11 / 2016 )

ပျားပိတုန်းလိပ်ပြာပန်းကြာအိုင် - အချိုးကဗျာ ( ၆၁ )


နန်းမဟာဂနိုင်အတွင်းမှာလ ၊
ပန်းကြာအိုင်တစ်ခင်းရယ်က ၊
ဆင်းရောင်သွေးလှပါနိုင် ။

ညင်းလေငယ်အနှံ့ထွေးလေတော့ ၊
သင်းပေတယ်ရနံ့လေးရယ်က ၊

မွှေးပါလို့လှိုင် ။

လိပ်ပြာနှင့်ပျားပိတုန်းငယ်တို့ ၊
စားသုံးမယ်ဝတ်ရည်အပြိုင်ဆိုင် ၊
ပန်းကြာခိုင်ပေါ်ဝဲ ။

ပိတုန်းလိပ်ပြာပျော်နေမူ ၊ 

မျှော်လေသူပန်းကြာဘဝ ၊
လန်းရသည်ပဲ ။

အောင်နိုင်သူ ( 18 / 11 / 2016 )

မြင်းမိုရ်တောင်တော်ဦး - သံပေါက်ကဗျာ ( ၇ )


တာဝတိံသာ ၊ အောက်ဘက်မှာ ၊
ရှိတာမြင်းမိုရ်သာ ။

အသုရာပြေ ၊ တောင်အောက်ခြေ ၊
တည်နေခိုင်မြဲစွာ ။

မြင်းမိုရ်တောင်မြင့် ၊ ထူးကာတင့် ၊
ငါးဆင့်အာလိန်ပါ ။

အာလိန်အစ ၊ ပထမ ၊

စောင့်ရနဂါးသာ ။

ဒုတိယထပ် ၊ ဂဠုန်ရပ် ၊
ကြီးကြပ်သူ့ဝန်တာ ။

တတိယလွှာ ၊ အာလိန်မှာ ၊

စောင့်တာဂု န္ဘာန်ပါ ။

အာလိန်တွက်ဆ ၊ စတုတ္ထ ၊

စောင့်ရဘီလူးမှာ ။

စတုမဟာ ၊ နတ်လေးဖြာ ၊

စောင့်ရှာပဉ္စမာ ။

မြင်းမိုရ်တောင်ဦး ၊ လွန်စွာထူး ၊
မှတ်ဖူးဇာတ်တော်လာ ။

နှောင်းလူငယ်များ ၊ သိစေငြား ၊
ရေးသားဤကဗျာ ။…..။

အသုရာပြေ = အသုရာပြည် ။ စတုမဟာ = စတုမဟာရာဇ်နတ် ။
 

အောင်နိုင်သူ ( 17 / 11 / 2016 )

Wednesday, November 16, 2016

နန္ဒိဝိသာလဇာတ် - လင်္ကာကဗျာ ( ၁၆ )


“တက္ကသိုလ်”ခေါ် ၊ နေပြည်တော်နီး ၊
ခရီးလှည့်သူ ၊ ပုဏ္ဏားမူကား ၊  
နွားတစ်ကောင်မျှ ၊ လှူခံရလျက် ၊
စိတ်လက်ရွှင်ကြည် ၊ အမည်ပေးဘိ ၊
“နန္ဒိဝိသာလ”ဟူတည်း ။

ထိုသည့်ပုဏ္ဏား ၊ “နန္ဒိ”နွားကို ၊
စားကောင်းယာဂု ၊ ကျွေးမွေးပြုကာ ၊ 

စောင့်ရှောက်လာရင်း ၊ လှည်းရာထိတိုင် ၊
ရုန်းဆွဲနိုင်အောင် ၊ ကြံ့ခိုင်ကြီးမား ၊
ခွန်အားပြည့်စုံလာသတည်း ။ 


နွားပျိုသည်ကား ၊ ပုဏ္ဏားကျေးဇူး ၊
ဆပ်ဖူးလိုလျင် ၊ သူ့စွမ်းအင်ကို ၊
သခင်ထံပါး ၊ ဖွင့်ပြောကြားကာ ၊

ထောင်သပြာနှင့် ၊ လောင်းပါလေဟု ၊
ခိုင်းစေတိုက်တွန်းပြန်သတည်း ။

ပုဏ္ဏားယုံကြည် ၊ လောင်းမည်ပြောရာ ၊
“ဂေါဝိတ္တက” ၊ သူကြွယ်မှလည်း ၊

လောင်းကြမည်ဟု ၊ ဂတိပြု၍ ၊
စုစည်းစီကာ ၊ လှည်းတစ်ရာအား ၊

နွားကိုဆွဲစေလေသတည်း ။
.
သခင်ပုဏ္ဏား ၊ လှည်းဦးဖျားမှ
“ဟဲ့နွားသရမ်း ၊ လှည်းဆွဲစမ်း”ဟု ၊
ညစ်ညမ်းအော်ငေါက် ၊ နှင်တံမြောက်၍ ၊

ခေါက်ခေါက်ခါခါ ၊ မောင်းပါသော်ငြား ၊
နွားကားရပ်မြဲနေသတည်း ။

ပုဏ္ဏားခမျာ ၊ ရှုံးနိမ့်ရှာလျင် ၊
“သခင်ပုဏ္ဏား ၊ ကျွန်ုပ်နွားက ၊
သင့်အားလွန်ကျူး ၊ မပြုဖူးပဲ ၊
မဆဲပါနှင့် ၊ ထပ်ကာပြိုင်လေ ၊
နိုင်စေမည်”ဟုပြောသတည်း ။

သပြာနှစ်ဆ ၊ နှစ်ထောင်ကျနှင့် ၊
ပြိုင်ကြပြန်ရာ ၊ မကြာပုဏ္ဏား ၊
ချိုစကားဖြင့် ၊ “ ချစ်သားလိမ္မာ ၊
လှည်းတစ်ရာကို ၊ ဆွဲပါလေ” ဟု ၊

ချေငံစွာပင်ပြောသတည်း ။

ပုဏ္ဏား၏နွား ၊ သူ့ခွန်အားနှင့် ၊
ဆွဲသွားသောခါ ၊ လှည်းတစ်ရာလည်း ၊
လိုက်ပါငြားသော် ၊ ပုဏ္ဏားနိုင်ပွဲ ၊
အပိုင်နွှဲလျက် ၊ အားတက်ဝမ်းသာ ၊
သပြာနှစ်ထောင်ရသတည်း ။

နန္ဒိဝိသာလနွား = အလောင်းတော်ဗုဒ္ဓ ။
လှည်းရာထိတိုင် = လှည်းတစ်ရာထိတိုင် ။ 

ထောင်သပြာနှင့် = အသပြာတစ်ထောင်နှင့် ။

အနှစ်သာရ
************
( ၁ ) မိမိကိုဒုက္ခမပြုဖူးသူအားမစော်ကားသင့် ။
( ၂ ) ရိုင်းစိုင်းကြမ်းတမ်းသောစကားကို တိရစ္ဆာပင်လျင်
နာမခံသာ ၊ မနှစ်သက်ကြပေ ။
( ၃ ) ပီယဝါစာ ချိုသာသောစကားကိုသာပြောဆိုသင့်၏ ။

ရည်ညွှန်း ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 16 / 11 / 2016 )

မေမေ့သားနားတဲ့ကွန်း - အချိုးကဗျာ ( ၆၀ )


ဝေဟင်ယံ သော်တာမင်းရယ်က ၊
ဝါဝါဝင်း မေ့သားမျက်နှာ ၊
ရွှန်းလဲ့လို့သာ ။

ကြယ်ပြာပြာ ၊

ရောင်ဖြာတဲ့သားမျက်ဝန်း ။

တီတီတာ မပီကလာ ၊

ပြောရှာသည့် သူ့စကားနဲ့ ၊
အမေ့နားမှာ သူပျော်ရွှင်တော့ ၊
အမေ့ရင်က မေမေ့သားတွက် ၊
နားခိုတဲ့ကွန်း ။


အောင်နိုင်သူ ( 17 / 11 / 2016 )

Tuesday, November 15, 2016

နိဂြောဓ သမင်ဇာတ် - လင်္ကာကဗျာ ( ၁၅ )


ဗာရာဏသီ ၊ ပြည်ဋ္ဌာနီမြတ် ၊
ဗြဟ္မဒတ်မင်း ၊ အာသာပြင်းစွာ ၊
စားသည်မှာကား ၊ သမင်သားမို့ ၊
သွင်းထားသမင် ၊ ဥယျာဉ်တွင်ပင် ၊
သမင်လိုက်ခြင်း ၊ တစိုက်မတ်မတ် ၊

ပြုတတ်သည်ကြောင့် ၊ ဤမည်ဇာတ်တော် ၊
ဖြစ်ပေါ်လာရလေသတည်း ။

ဥယျာဉ်တော်တွင် ၊ သမင်နှစ်စု ၊
ကျက်စားပြုကာ ၊ ခေါင်းဆောင်နာမ ၊
“နိဂြောဓ”နှင့် ၊ “သာခ”တို့ကား ၊
ကွဲပြားမတူ ၊ နေမူကျင့်ကြံ ၊
စီမံအုပ်ချုပ်ကြသတည်း ။

“နိဂြောဓ”နှင့် ၊ “သာခ”တို့မှာ ၊

ရွှေသို့အဆင်း ၊ လှပခြင်းကြောင့် ၊
မင်းဗြဟ္မဒတ် ၊ ချမှတ်ခွင့်ရေး ၊

ဘေးမဲ့ပေး၍ ၊ စိတ်အေးချမ်းမြ ၊
နေကြရရှာလေသတည်း ။

မင်းနှင့်နောက်ပါ ၊ တောလိုက်ရာတွင် ၊
သမင်အများ ၊ ပြေးလွှားရှောင်ကြ ၊
ထိခိုက်ရ၍ ၊ ဒုက္ခအခြေ ၊
သက်သာစေရေး ၊ ဆွေးနွေးသတ်မှတ် ၊
ဆုံးဖြတ်လိုက်ကြလေသတည်း ။

ဆုံးဖြတ်ချက်တိုင်း ၊ ချိန်မဆိုင်းရ ၊
အလှည့်ကျခါ ၊ ချိန်ရောက်လာသော် ၊
လွဲချော်ပျက်ယွင်း ၊ မငြင်းသာအောင် ၊
တစ်ကောင်တစ်ရက် ၊ စဉ်းတုံးထက်ဝယ် ၊

နှင်းသက်လည်စင်းခံသတည်း ။

“သာခ”အုပ်မှ၊ ရွယ်လှနုနယ် ၊
ကိုယ်ဝန်လွယ်ရ ၊ သမင်မ၏ ၊
လှည့်ကျလေရာ ၊ မွေးပြီးခါမှ ၊
သွားပါရစေ ၊ တောင်းပန်လေက ၊
“သာခ”ငြင်းဆန်ပြန်သတည်း ။

ထိုသမင်မ ၊ “နိဂြောဓ”ထံ ၊
ဝမ်းနည်းသံနှော ၊ ဖွင့်ကာပြောရာ ၊
နိဂြောဓလျင် ၊ သနားကြင်၍ ၊
သမင်မ၏ ၊ လှည့်ကျကိုယ်စား ၊
သွားရောက်လည်စင်းခံသတည်း ။

သားသတ်သမား ၊ မင်းချင်းများလည်း ၊
ကိုယ်စားလာရ ၊ နိဂြောဓ၏ ၊
ဆုံးစဖြစ်အင် ၊ သိလေလျင်ကား ၊
ဘုရင်မင်းထံ ၊ချဉ်းနင်းဝင်ရောက် ၊

လျှောက်တင်ကြပြန်လေသတည်း ။

မင်းဗြဟ္မဒတ် ၊ သမင်မြတ်၏ ၊

ပြတ်သားသတ္တိ ၊ မေတ္တာရှိပုံ ၊
သိဉာဏ်စုံအား ၊ ကြုံတွေ့မြင်သော် ၊
သမင်ထွေထွေ ၊ လွတ်မြောက်စေရေး ၊

ဘေးမဲ့ပေးလိုက်လေသတည်း ။

ဇီးနှင့်သမင် ၊ မွေးပြီးလျင်ကား ၊
သားငယ်ရွယ်ရောက် ၊ “သာခ”အောက်သို့ ၊
ဝင်ရောက်မှီခို ၊ ခစားလိုကြောင်း ၊
မိကိုပြောရာ ၊ မိခင်မာတာ ၊

ပြောသည်မှာကား ၊ “စီးပွါးကိုယ်ကျိုး ၊
တိုးလိုမှန်စွ ၊ နိဂြောဓအား ၊
ခစားပါလေ ၊ ဂြောဓခြေရင်း ၊

သေရခြင်းက ၊ သာခထံတွင် ၊
သက်ရှင်ခြင်းထက် ၊ ဂုဏ်တက်မြင့်မြတ် ၊

ကောင်းစေလတ်လိမ့်” ၊ သူ့ဇာတ်ကိုသာ ၊
ပမာယှဉ်၍ပြောသတည်း ။

ဇာတ်ပေါင်း

နိဂြောဓသမင် = ဗုဒ္ဓအလောင်းတော် - အသံထွက် ( နိဂေါဓ ) ။
သာခသမင် = ဒေဝဒတ် ။ သမင်မ = ကုမာရကဿပမထေရ်၏မယ်တော် ။
သမင်မသား = တရားဟောလျင်အဆန်းတကျယ်ဖြစ်အောင်ဟောပြနိုင်သော
ဧတဒဂ်ဘွဲ့ရ - ကုမာရကဿပမထေရ် ။
ဇီး = ကိုယ်ဝန် ။

အနှစ်သာရ

( ၁ ) သူတော်ကောင်းနှင့်သူယုတ်မာခွဲခြားတတ်ရသည် ။
( ၂ ) သူတော်ကောင်းတို့ကိုသာဆရာတင်မှီဝဲဆည်းကပ်သင့်သည် ။

ရည်ညွှန်း ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 15 / 11 / 2016 )

ဗုဒ္ဓဝါဒီ - သံပေါက် ( ၆ )


ဗုဒ္ဓသာသနာ ၊ ပြည်မြန်မာ ၊
လွန်စွာထွန်းလင်းလျက် ၊  
ရောင်ဝါထိန်မပျက် ။

ဗြဟ္မစိုရ်လေးပါး ၊ လက်ကိုင်ထား ၊
လေးစားလိုက်နာလျက် ၊
မကောင်းမှုကိုရှက် ။

ငါးပါးမြတ်သီလာ ၊ ဘယ်မကွာ ၊
ရင်မှာစွဲခိုင်နှက် ၊
ဘိုးစဉ်ဘောင်ဆက်ဆက် ။

ကံနှင့်ကံအကျိုး ၊ ကံတန်ခိုး ၊

ကောင်းဆိုးပြန်ကာသက် ၊
ယုံကြည်ဘယ်မပျက် ။

ဘယ်ခါမပျက်ကွက် ၊
စိတ်အားလွန်ထက်မြက် ။

ကမ္မဋ္ဌာန်းတရား ၊ ရှုကာပွါး ၊
စိတ်ထားတည်ငြိမ်လျက် ၊
နိဗ္ဗာန်လှေကားတက် ။

အောင်နိုင်သူ ( 15 / 11 / 2016 )

Monday, November 14, 2016

ဆောင်းညစိတ်ကူး - အချိုးကဗျာ ( ၅၉ )


လှလိပ်ပြာ ပျားပိတုန်းနဲ့ ၊
ဆေးရောင်မှုန်း ပန်းမျိုးတစ်ရာ ၊
ညင်းလေလာ သင်းထုံလွှမ်းလို့ ၊
စမ်းချောင်းလေးစီးသံသာ ။


ကျေးငှက်တွေ ပျော်ရွှင်မြူး၍ ၊
သံစုံကြူး တေးဆိုတကျော်ကျော် ၊
မဖိုခေါ် ညံမစဲပေါ့ ၊
ဝဲပျံကြရှာ ။

နံနက်ခင်း နေခြည်ဖြာသော် ၊

နှင်းမှုန်လွှာ ရွှေရည်ဝင်းလို့ ၊
မြက်ခင်းကျယ် ညီညီညာ ၊
စိမ်းကာတင့်ထူး ။

ချစ်ဦးငယ် နွဲ့နှောင်းသူနဲ့ ၊
ချစ်ရည်တူ သစ္စာညွှန်းလို့ ၊
ချစ်ခွန်းချို ပန်းမြိုင်မှာလ ၊
ချစ်ချင်းပြိုင် လျှောက်လှမ်းနေရင်း ၊
ချစ်ငယ်ကျွမ်း မုန်းတော်မူ၍ ၊
ချစ်လွန်းသူ လန့်နိုးရပေါ့ ၊

ဆောင်းညစိတ်ကူး ။

အောင်နိုင်သူ ( 14 / 11 / 2016 )

Sunday, November 13, 2016

ချစ်အယူခံတေး - ဘောလယ် ( ၁ )


ကာမအမှောင် - ဖွဲ့နှောင်တင်းပါလို့ ၊
ရှောင်ဖယ်မကင်းနိုင်၍ - နွံထဲပျော် ။
မှားခဲ့ပြီနော် - ချစ်ဖေါ်ယွင်းတယ်လေး ၊
မင်းညာချက်တော် ။

ရူပါဆင်းငယ်က - ရှင်းသန့်ပေါ် ၊
ဂုဏ်သတင်းရယ်လွန်ကျော်လို့ - မာယာတော်ထူး ၊
သာယာစွာယစ်မူးပါပေါ့ - ရူးလေသည့်ပမာ ။
မျက်ကန်းလိုသာ - ကြင်နာမိတယ်လေး ၊
သိဉာဏ်မဲ့စွာ ။


မေတ္တာတော်ကြူးပေမဲ့ - ချစ်ဦးကမမြင် ၊
ခင်လေးငယ်မကြင်တော့ - ရှင်လျက်ရယ်ကွဲ ၊
ရင်ကိုခွဲပါလို့ - ရှောင်ပြေးနေ ။
အသည်းမှာလေ - ပူဒါဏ်သင့်တယ်လေး ၊
စိုးဗျာဆင့်ပွေ ။

သစ္စာတော်စူးစေတာ့ - မပစ်ဘူးတမေ ၊
ကံကြမ္မာခေပါလို့ - ဝေဒနာမွှန်း ၊
လွမ်းတွေဝေပြေပါတော့ - စေညွှန်းယူခံ ။ 

မောင့်တေးသီသံ - ချွေကာလှစ်တယ်လေး ၊
ချစ်တဲ့မင်းထံ ။


အောင်နိုင်သူ ( 12 / 11 / 2016 )

အလောင်းတော်နှင့်ဝေဒဗ္ဗဇာတ် - လင်္ကာကဗျာ ( ၁၄ )


ပညာလွဲသုံး ၊ ဆိုဆုံးမခက် ၊
ဉာဏ်မထက်ပဲ ၊ စိတ်ပျက်လွယ်သား ၊
ပုဏ္ဏားမျိုးမှ ၊ ဝေဒဗ္ဗ၏ ၊
မှတ်သိဘွယ်ရာ ၊ ဇာတ်တော်လာကား ၊ 

အောက်ပါအတိုင်းဖြစ်သတည်း ။

ဗာရာဏသီ ၊ ရွာငယ်ဆီမှာ ၊
ပညာမန္တန် ၊ အမှန်တတ်စွ ၊

ဝေဒဗ္ဗနှင့် ၊ ဝေဒသင်ယူ ၊
လောင်းတော်ဟူ၍ ၊ ရည်တူနှစ်ဖြာ ၊
ဆရာတပည့်နေသတည်း ။

ဆရာပုဏ္ဏား ၊ မန္တရားမြတ် ၊
နက္ခတ်ယှဉ်ငြား ၊ ရွတ်ပွါးသောခါ ၊
ရတနာမိုး ၊ ရွာသွန်းဖြိုးကာ ၊
တိုးလာဥစ္စာ ၊ လူချမ်းသာ၍ ၊
လွန်စွာတန်ဘိုးရှိသတည်း ။

ပုဏ္ဏား.လောင်းတော် ၊ နှစ်ဖေါ်ညှိနှိုင်း ၊

စေတတိုင်းဘက် ၊ ခရီးထွက်ရာ ၊
လမ်းမှာဝင်တိုး ၊ ဝဋ်ကြွေးဆိုးကြောင့် ၊
ခိုးသားဆူပူ ၊ ရန်သူထံတွင် ၊
ဖမ်းခံကြရလေသတည်း ။

ပုဏ္ဏားဆရာ ၊ လွတ်လိုပါလျင် ၊
သပြာငွေကြေး ၊ ယူကာရွေးလေ ၊

လောင်းတော်ဆွေကို ၊ သူ့ဋ္ဌာနေသို့ ၊
သွားစေမြန်စွာ ၊ ချိန်မကြာနှင့် ၊

ပြန်လာမှာကြားလေသတည်း ။

လောင်းတော်သည်ကား ၊ ဆရာ့အားပင် ၊
ပြောကြားခဲ့ရ ၊ ညခါရောက်စဉ် ၊
နက္ခတ်ယှဉ်ငြား ၊ မန္တရားကို ၊
ရွတ်ပွါးခုံမင် ၊ မဆင်ချင်က ၊
ဆရာ့ဘဝပျက်မည်တည်း ။


စောင့်မနိုင်ရှာ ၊ ပုဏ္ဏားမှာကား ၊
ခိုးသားများကို ၊ မန္တန်ဆိုကာ ၊
ရတနာမိုး ၊ သွန်းဖြိုးပေး၍ ၊

ဖေးမစာနာ ၊ ညှာတာထောက်ထား ၊
သူ့အားလွှတ်စေလေသတည်း ။

ခိုးသားတို့ကား ၊ ပုဏ္ဏားမိုက်ကို ၊
လိုက်ခဲ့ခေါ်ကာ ၊ နေရာမှထွက် ၊
ခရီးဆက်ရင်း ၊ ရေတွက်များပြား ၊
လူပိုများသော ၊ ခိုးသားတပ်နှင့် ၊
ထပ်၍ဆုံရပြန်သတည်း ။

ခိုးသားဟောင်းတို့ ၊ ကျိုးကြောင်းပြောပြ ၊
ဖမ်းလာကြသည့် ၊ ဗာလပုဏ္ဏား ၊
လူမိုက်အားလျင် ၊ ခိုးသားသစ်သို့ ၊
လွှဲပို့ထားကာ ၊ သွားလိုရာဘက် ၊
ခရီးဆက်ကြလေသတည်း ။


ဓါပြသစ်များ ၊ ထိုပုဏ္ဏားကို ၊
မန္တန်ဆိုကာ ၊ ရတနာမိုး ၊
ဖြိုးစေသော်လည်း ၊ နက္ခတ်လွဲမှား ၊
မန္တရားလျင် ၊ စွမ်းအားမပြ ၊
ခက်လှမဖြစ် ၊ နောက်နောင်နှစ်မှ ၊
အသစ်ထပ်ခါ ၊ ရွတ်ပါရစေ ၊
ခွင့်ပန်လေငြား ၊ ခိုးသားတို့မှာ ၊
ပုဏ္ဏားညာသည် ၊ မယုံကြည်ပဲ ၊

ဒေါသကဲ၍ ၊ ဓါးဆွဲခုတ်ရာ ၊
ပုဏ္ဏားဗာလ ၊ ဝေဒဗ္ဗသည် ၊

သေပြည်ရွာသို့လားသတည်း ။

ဝေဒ = မန္တရား ၊ သိခြင်း ၊ ဗေဒကျမ်း ၊ နှစ်သက်ခြင်း ။
စေတ.တိုင်း = စေတတိုင်းပြည် ။

ဇာတ်တော်၏အနှစ်သာရ
******************
( ၁ ) မိမိအကျိုးလိုလားသူ၏စကားကိုလျစ်လျူမရှုသင့် ။
( ၂ ) မိမိတတ်သောပညာကို အကျိုးမဲ့စေမည့် ကာလ ၊ ဒေသ တို့တွင်
အသုံးမချသင့် ။
( ၃ ) အမြော်အမြင် ၊ ဆင်ချင်တရားမကင်းသင့် ။


အောင်နိုင်သူ ( 14 / 11 / 2016 )

မဟာပဒုမအလောင်းတော် - လင်္ကာကဗျာ ( ၁၃ )


ကာမေသုကံ ၊ ရှောင်ကြဉ်ကြံကာ ၊
သီလံမြဲစွာ ၊ စောင့်ထိန်းလာ၍ ၊  
သေရွာလွတ်ကင်း ၊ လောင်းတော်မင်း၏ ၊
သတင်းထင်ပေါ် ၊ ဂုဏ်ရှိန်ကျော်သည့် ၊
ဇာတ်တော်သည်ကားဤသို့တည်း ။

ဗာရဏပြည် ၊ တိုင်းကားစည်၍ ၊
အမည်မင်းမြတ် ၊ ဗြဟ္မဒတ်တွင် ၊
နတ်မျှချောလှ ၊ ပဒုမဟု ၊
သီလမြဲမြံ ၊ အိမ်ရှေ့စံပျော် ၊
သားတော်တစ်ပါးရှိသတည်း ။

ပဒုမတွင် ၊ ဖသခင်၏ ၊
ကြင်ယာနုရွ ၊ လန်းတက်ကြွ၍ ၊
ရုပ်လှပါလျက် ၊ ရမက်စိတ်များ ၊
စကားမညီ ၊ သီလကင်းဝေး ၊
မိဒွေးတော်လည်းရှိသတည်း ။

ခွင့်ခါကောင်းပေါ် ၊ မိဒွေးတော်သည် ၊
လှုပ်ဆော်ဖေါ်ပြု ၊ ပဒုမကို ၊
ကာမနွံတွင်း ၊ မြှူဆွယ်သွင်းသော် ၊
အလောင်းတော်က ၊ သီလလုံစွာ ၊
ကာမေသုကံရှောင်သတည်း ။

တစ်နေ့သော်ငြား ၊ တိုင်းခြားခွင်သို့ ၊
ဖခင်ဘုရင် ၊ စစ်ထွက်လျင်ကား ၊
သားတော်ငယ်လှ ၊ ပဒုမကို ၊
စိတ်ချကိုးစား ၊ မြို့အားစောင့်ရန် ၊
ချန်ကာထားခဲ့လေသတည်း ။

ချိန်ကောင်းကြုံခိုက် ၊ မိဒွေးမိုက်မှာ ၊
မာယာနှင့်လှော် ၊ အလောင်းတော်ကို ၊
တူပျော်ကြမည် ၊ ကြံစည်ပြန်ရာ ၊
ပယ်ခွါမမှု ၊ ပဒုမမှာ ၊
သီလစောင့်နိုင်ပြန်သတည်း ။

ဖခင်ရာဇာ ၊ စစ်ပြန်လာစဉ် ၊
ကြင်ယာငြင်ငြို ၊ စောင့်မကြို၍ ၊
သိလိုဇောနှင့် ၊ မေးသောအခါ ၊
မမှန်ရာကို ၊ ချဲ့ကာမနှေး ၊
မိဒွေးကုန်းချောလေသတည်း ။


နှမတော်အား ၊ အရှင့်သားက ၊
တရားမဲ့စွာ ၊ အလိုပါအောင် ၊

သွေးဆောင်ခြိမ်းခြောက် ၊ တိမ်းမှောက်သစ္စာ ၊
ဖျက်ပါသည်ဟု ၊ ပဒုမကို ၊

ချောက်ချလိမ်ညာဆိုသတည်း ။

ဖခင်ရာဇ ၊ ဒေါမာန်ရှကာ ၊
သားလှကိုပင် ၊ ချောက်တွင်တွန်းချ ၊

ပြစ်ဒါဏ်ကျစေ ၊ သေမိန့်ချွေလျက် ၊
ချက်ချင်းမနှေး ၊ မတွေးမဆ ၊
ပဒုမကိုသတ်သတည်း ။

အလောင်းတော်အား ၊ အာဏာသားတို့ ၊

ချောက်ဖျားပေါ်မှ ၊ ထွန်းချလတ်သော် ၊
တောင်နတ်တို့မှာ ၊ မနေသာပဲ ၊
ကယ်ကာထားကြ ၊ ပဒုမကား ၊
သီလတန်ခိုး ၊ ကောင်းကျိုးပေး၍ ၊

သေဘေးလွတ်ကင်း ၊ သတင်းဂုဏ်ပေါ် ၊
အလောင်းတော်ဟု ၊ ထုတ်ဖေါ်ပြကာ ၊
ဇာတ်တော်လာကို ၊ ကဗျာတေးနှင့် ၊

ရေးသားပူဇော်အပ်သတည်း ။

အောင်နိုင်သူ ( 13 / 11 / 2016 )

Saturday, November 12, 2016

ပျိုလေးတို့ဋ္ဌာနီ - သံပေါက် ( ၅ )


ဟိုဝေးဆီမှာ ၊ တောင်တန်းပြာ ၊
မှိုင်းကာတရေးရေး ။

ရွာနောက်ပိုင်းဝယ် ၊ မြရောင်လယ် ၊
ကွင်းကျယ်အဝေးဝေး ။

ရွာ၏အပြင် ၊ ရေကန်တွင် ၊

ရေလျင်တဖွေးဖွေး ။

ကြာဖြူစီရီ ၊ ညိုတလီ ၊
ကြာနီတစွေးစွေး ။

ပန်းကြာစုံစုံ ၊ လေသင့်ကြုံ ၊
သင်းထုံတမွှေးမွှေး ။

ငှက်ပေါင်းစုံညီ ၊ မြည်သံချီ ၊

တေးသီတကြွေးကြွေး ။

ဗျိုင်းလေးတွေက ၊ ဖြူလွလွ ၊
ပျံကြတနှေးနှေး ။

တောင်ပံသန်သန် ၊ လေကိုဆန် ၊
ခတ်ဟန်တလေးလေး ။

ဆောင်းနှင့်မိတ်ဆွေ ၊ မြောက်ပြန်လေ ၊
ညင်းနေတအေးအေး ။

ချစ်သူနှစ်ဖြာ ၊ လက်တွဲကာ ၊

လျှောက်လာတဖြေးဖြေး ။

ပြန်လှန်နှစ်ကိုယ် ၊ ချစ်ခွန်းဆို ၊
လေချိုတသွေးသွေး ။

မောင်ကြီးလူညာ ၊ မယ့်ကိုသာ ၊
ရင်မှာတထွေးထွေး ။

ပျိုလေးခမျာ ၊ ရှက်သွေးဖြာ ၊
ကိုယ်မှာတနွေးနွေး ။

ကလေးငယ်များ ၊ ဆော့ကစား ၊ 

ပျော်ပါးတပြေးပြေး ။

လှောင်ကြဆူညံ ၊ ချစ်မောင်နှံ ၊
ရယ်သံတဟေးဟေး ။

အောင်နိုင်သူ ( 12 / 11 / 2016 )

မြန်မာဂန္ဓဝင်ကဗျာများ - အချိုးကဗျာ ( ၅၈ )


ဂန္ဓဝင် ကဗျာများမှာလ ၊
ယိုးဒယား လှေတော်သံ ၊
သဖြန်ခံ သျှိုးလိုက်ရတု ၊

ရေးပြုကြ ခွန်းတောက်ရယ်နဲ့ ၊
ကွန်းထောက်အသွယ်သွယ် ။

တျာချင်းနဲ့ ယန္တယားစကြာ ၊
ကာ, ဟန်ချင်း လွမ်းချင်းထွေထွေ ၊

လှေချင်းကယ် တေးထပ်လည်းပါ ၊
သံချပ်.ပျို့ မြင်းခင်းရယ်နဲ့ ၊
ဧချင်းတဲ့ကွယ် ။

လူးတားနဲ့ သံပေါက်တဖြာ ၊
အလင်္ကာ တမ်းချင်း.လေးချိုး ၊

နောက်တစ်မျိုး သံချိုပါ ၊
ငို , သာချင်း တစ်ဖုံတြိချိုး ၊
ပတ်ပျိုးကယ် သမိုင်းစုံကြွယ် ၊

ဘောလယ်နဲ့မော်ကွန်း ။

နတ်ချင်းနဲ့ တောလားသီကုံး ၊
တုံး , ဒုံးချင်း ဒိန်းသံ.ရကန် ၊

ဒွေးချိုသဖြန် ဝဲရိုက်ဝဲသွင်း ၊
အဲ , အန်ချင်း အိုင်ချင်းတသိုက် ၊
ပတ်တိုက်.ဘွဲ့ သိင်္ဂါ သံတို့ ၊

တွေးကြံကာ ခေတ်အဆက်ဆက်မှာ ၊
ရေးချက်ကယ် အဟုတ်ကျော်သမို့ ၊
ထုတ်ဖေါ်လို့ညွှန်း ။

ကာ , ဟန်ချင်း = ကာချင်း ၊ ဟန်ချင်း ။ ငို , သာချင်း = ငိုချင်း ၊ သာချင်း ။
တုံး , ဒုံးချင်း = တုံးချင်း ၊ ဒုံးချင်း ။ အဲ , အန်ချင်း = အဲချင်း ၊ အန်ချင်း ။
( မြန်မာဂန္ဓဝင်ကဗျာအမျိုးအစားများစွာကျန်ပါသေးသည် )

အောင်နိုင်သူ ( 11 / 11 / 2016 )

စစ်ဝေါဟာရ - ယန္တယား စကြာ ( ၂ )


စစ်သည်စစ်ပွဲ ၊ စစ်နွှဲစစ်ဆင် ၊
စစ်ငင်စစ်ခင်း ၊ စစ်မြင်းစစ်အောင် ၊
စစ်ရှောင်စစ်သား ၊ စစ်ကားစစ်လှေ ၊
စစ်မြေစစ်ဦး ၊ စစ်မှူးစစ်ကြာ ၊
စစ်ကာစစ်ကပ် ၊ စစ်တပ်စစ်လန် ၊
စစ်ပြန်စစ်ရေး ၊ စစ်ဘေးစစ်ဗိုလ် ၊
စစ်ကြိုစစ်အေး ၊ စစ်တေးစစ်မြှူ ၊
စစ်ကူစစ်မီး ၊ စစ်ပြီးစစ်သံ ၊
စစ်ခံစစ်ရှုံး ၊ စစ်ရုံးစစ်ပြေ ၊
စစ်ရှည်စစ်မြင်း ၊ စစ်တွင်းစစ်ချီ ၊
စစ်အီစစ်တက် ၊ စစ်ဖက်စစ်ပြိုင် ၊
စစ်နိုင်စစ်မှု ၊ စစ်ပြုထွေထွေ ၊
စစ်ရေရိက္ခာ ၊ စစ်ဗျူဟာနှင့် ၊
စစ်ခွါစစ်မော ၊ စစ်ဝေါဟာရတည်း ။

အောင်နိုင်သူ ( 10 / 11 / 2016 )

ကြည်နူးဘွယ်တန်ဆောင်မုန်း - အချိုးကဗျာ ( ၅၇ )


လတန်ဆောင် ကထိန်သင်္ကန်း ၊
လှူဒါန်းကြ သူငါများတို့ ၊
ပွါးပါပေ့မြတ်သဒ္ဓါ ။

မသိုးသင်္ကန်း ရက်ပြိုင်ပွဲ ၊
ဆိုင်နွှဲလို့ ပျော်ရွှင်ကြတာ ၊

ဆောင်းလချိန်ခါ ။

ပဒေသာပင် စီကာတန်း ၊
ရွှင်လန်းလို့ လှည့်ကြပြန်သည် ၊

မြန်ပြည်ခွင် ဗုဒ္ဓသာသနာ ၊
ရောင်ဝါရွှေထိန်ထိန်လင်း ။

မီးတန်ဆောင် ပြိုးပြိုးပြက်၍ ၊
ထက်ကောင်းကင် နက္ခတ်စုံ ၊
ကြယ်အဖုံဖုံ လဲ့လဲ့ဝင်းကာ ၊
တိမ်မှောင်ကင်း မိုးယံစွန်းမတော့ ၊
ထွန်းပေါ့လမင်း ။


အောင်နိုင်သူ ( 10 / 11 / 2016 )

အနှိုင်းမဲ့မေတ္တာ - အချိုးကဗျာ ( ၅၆ )


ယှဉ်ပြိုင်ကာ နှိုင်းစရာမရှိတဲ့ ၊
မိဘရဲ့မေတ္တာမဟာ ၊
ကိုးဆယ်ဆသာ ။

ကျောက်စက်ရေ အေးသည့်ပမာ ၊
သီတာလိုစွမ်းရည်ထူး ။

အတိုင်းဆမဲ့ လွှမ်းခြုံပျံ့သမို့ ၊
ပန်းရနံ့လို ထုံကြိုင်သင်းတယ် ၊

မြင်းမိုရ်ထက်ကြူး ။

အောင်နိုင်သူ ( 9 / 11 / 2016 )

မိမာယာ ( မာယာနန္ဒီ ) - ရကန် ( ၁ )


အိုဘယ့်တဏှာ ၊ မိမာယာ၏ ၊
ဇာတ်အလာကားဤသို့တည်း…

မတုရာသူ ၊ မာယာနန္ဒီ ၊

တေးသီသမ ၊ လှပတင့်တယ်စွမို့ ။
ပုရိသ - ရွယ်သုံးပါး …
သူ့အလှတော ၊တမောမောလျင် ၊
ချစ်ဇောရတက်ဗျာပွေ ။

မိမာယာ - ကြံသည်ကား…
နန်းတွင်းသိုဝင် ၊ ကျော်ကြားချင်၍ ၊ 

ပြင်ဆင်ခါခွင့်မျှော်၏ ။

တစ်ခါသော် - နန်းတွင်းက … 

စောင်းဆရာကို ၊ လိမ်ညာလှည့်စား ၊
သနားအောင်ခယခဲ့ ။

ဝိသာလ - စောင်းဆရာ …
မိမာယာအပေါ် ၊ စွဲမက်ပျော်ကာ ၊
နန်းတော်သို့ခေါ်ဆောင်သွား ။

ရောင်သွေးပြောင် - မိမာယာ …
နန်းမြင့်ဘုံထက် ၊ တေးဆိုလျက်နှင့် ၊
မာန်တက်လို့ဟန်ပျက်လာ ။

စောင်းဆရာ - သူ့လမ်းမှာ …
ပိတ်ဆို့နေသည် ၊ မြင်မကြည်၍ ၊
ဖယ်မည်ဟုအမုန်းထား၏ ။

ကြံသမား - မိန်းမယုတ် …
ဆိတ်ကွယ်ရာမှာ ၊ စောင်းဆရာကို ၊
မာယာနှင့်ပြုစားသော် ။

တစ်ဖက်သားလူ ၊ ချစ်ကြည်ဖြူပြီ ၊
တွေးယူမှန်းဆ ၊ ဝိသာလလည်း ၊
ရွှင်ပြတိုးဝင် ၊ နှီးနှောလျင်ပင် ၊
အော်ငင်တိုင်ကြား ၊ စောင်းသမားမှာ ၊
သူ့အားနိုင်ကျင့် ၊ ဖျက်ဆီးလင့်သည် ၊
ဒါဏ်သင့်တော်ရာ ၊ ပေးအပ်ပါဟု ၊
ရာဇာမင်းထံ ၊ သနားခံသော် ၊
တွေးကြံမမြင် ၊ မဆင်ချင်ပဲ ၊
ဘုရင်မင်းမြတ် ၊ မိန့်တော်မှတ်၍ ၊
လက်ဖြတ်မြိုင်ခြေ ၊ နှင်ထုတ်လေရာ ၊
နန်းမှခွါရ ၊ ဝိသာလအဖြစ်ဆိုး ။

စိတ်ထားညစ် - မိမာယာ …
နန်းရဝေတွင် ၊ ကြည်နူးရွှင်ကာ ၊
လွန်ပင်ပျော်ပါးကာနေ ။

သင်္ခါရ - အနိစ္စ …
မမြဲတရား ၊ အလိုက်မှားသူ ၊
သိအားလည်းမရှိနိုင်ရှာ ။

မိုးဆောင်းနွေ - ဆယ်လီပြောင်း …
ရုပ်ရည်မလန်း ၊ မြင်မဆန်း၍ ၊
ရွှေနန်းနှင့်မထိုက်ပြီ ။

ဇရာဆိုက် - အသံပျက်သော် …
သူ၏နေရာ ၊ စားထိုးခါလျင် ၊
မာယာကိုမြိုင်တောနှင် ။

အမောနှင့် - တလည်လည် …
စားဘွယ်မရ ၊ ဝမ်းမဝနှင့် ၊
ဒုက္ခသင့်ဗျာပါကြွယ် ။

ဂနိုင်မှာ - ရှာတွေ့သည့်  …
ရှု၍မငြီး ၊ ဆိပ်သစ်သီးကို ၊
စားပြီးသောမိမာယာ ။

ဖေါ်သဟာ - ကယ်သူကင်း …
ရမက်တဏှာ ၊ နောက်သို့ပါသော ၊
မာယာကားသေပွဲဝင် ။

ကျေးဇူးရှင် - ပြစ်မှားသူ …
အိုဘယ့်တဏှာ ၊ မိမာယာငယ် ၊
ဝိဇ္ဇာမဲ့ကင်း ၊ လောဘပြင်း၍ ၊
သေခြင်းမလှ ၊ သူ့ဘဝလည်း ၊
ချုပ်ရနိဂုံးဆိုးသတည်း ။

မတုရာသူ = မတုရာပြည်သူ ။
တေးသီသမ = အဆိုသည်မ ( အဆိုတော် ) ။
( ဆရာတော် - ဦးဗုဓ် ၏ရေးဟန်ဖြစ်ပါသည် )

အောင်နိုင်သူ ( 12 / 11 / 2016 )

Wednesday, November 9, 2016

စိတ်ရောင်စုံ - လင်္ကာကဗျာ ( ၁၂ )


စိတ်ဓါတ်ထွေပြား ၊ စိတ်များစိတ်တွေ ၊
စိတ်လေစိတ်မော ၊ စိတ်စောစိတ်ဆောင် ၊
စိတ်ကြောင်စိတ်အေး ၊ စိတ်လေးစိတ်နာ ၊
စိတ်မာစိတ်ချ ၊ စိတ်ကျစိတ်ပူ ၊
စိတ်ဆူစိတ်ထက် ၊ စိတ်ပျက်စိတ်ပြေ ၊
စိတ်စေစိတ်ကောင်း ၊ စိတ်ထောင်းစိတ်ကုန် ၊
စိတ်ဟုန်စိတ်ရှင်း ၊ စိတ်တင်းစိတ်လို ၊
စိတ်တိုစိတ်လော ၊ စိတ်ဇောစိတ်တူ ၊
စိတ်ဖြူစိတ်ပုတ် ၊ စိတ်ယုတ်စိတ်ခိုင် ၊
စိတ်ယိုင်စိတ်နောက် ၊ စိတ်ပေါက်စိတ်ပြောင်း ၊
စိတ်ပေါင်းစုံစွာစိတ်သာတည်း ။

( ယန္တယား စကြာ - ရေးဖွဲ့နည်းဖြစ်ပါသည် )


အောင်နိုင်သူ ( 8 / 11 / 2016 )

အနှိုင်းမဲ့မိဘမေတ္တာ - အချိုးကဗျာ ( ၅၅ )


ယှဉ်ပြိုင်ကာ နှိုင်းစရာမရှိတဲ့ ၊
မိဘရဲ့မေတ္တာမဟာ ၊
ကိုးဆယ်ဆသာ ။

ကျောက်စက်ရေ အေးသည့်ပမာ ၊
သီတာလိုစွမ်းရည်ထူး ။

အတိုင်းဆမဲ့ လွှမ်းခြုံပျံ့သမို့ ၊
ပန်းရနံ့လို ထုံကြိုင်သင်းတယ် ၊

မြင်းမိုရ်ထက်ကြူး ။

အောင်နိုင်သူ ( 9 / 11 / 2016 )

Monday, November 7, 2016

မြတ်ဗုဒ္ဓ၏အောင်ခြင်းရှစ်ပါး - အချိုးတွဲ ( ၁၇ )


( အောင်ခြင်း - ပထမ )

ဘုရားရှင်ပေါ် အငြိုးထားသည့် ၊
မာရ်နတ်သား မိုက်စိတ်ဝင် ။
ဗုဒ္ဓမြတ်ကို ယှဉ်ပြိုင်နွှဲဖို့ ၊
စစ်ပွဲပြင်ဆင် ။
အပရာဇိတ ပလ္လင် ၊
လိုချင်သည့် မာရ်နတ်ဆိုး ။

မြတ်ဘုရားရှင် သစ္စာပြု၍ ၊
မြေပံသု မြည်လှုပ်ကွဲကာ ၊
ရှုံးပွဲနှင့်တိုး ။

( အောင်ခြင်း - ဒုတိယ )

အမိအဖ နှစ်ဖက်ဆီမှ ၊
ဝါဒတစ်ထောင် တတ်မြောက်သူ ။
သစ္စက ပရိဗိုဇ်က ၊
အတ္တအလံထူ ။

မြတ်ဗုဒ္ဓကို သူငြူစူ ၊
အနိုင်ယူပြိုင်နွှဲ ။
ဝါဒအမှန် အနတ္တမို့ ၊
သစ္စက ချွေးတလုံးလုံးနှင့် ၊
ရှုံးရသည့်ပွဲ ။

( အောင်ခြင်း - တတိယ )

မိန်းမယုတ် လူ့ဗာလ ၊
စိဉ္စမာနဣတ္ထိယာ ။
ဘုရားရှင် ကလေးအဖေစွပ်စွဲ ၊
မာန်မဲတော့တာ ။
သူ့ကိုယ်ဝန် ဖုံးကွယ်မသာ ၊
အလိမ်ညာပေါ်သွား ။
ဗုဒ္ဓအရှင် တန်ခိုးတော်ကြွယ် ၊
အံ့ချီးဘွယ် ဂုဏ်ရနံ့သင်းသည့် ၊

အောင်ခြင်းတစ်ပါး ။

( အောင်ခြင်း - စတုတ္ထ )

အာဠဝက သားစားကြူးသည့် ၊
ဘီလူးရန်သူ ။
သူ့ဗိမ္မာန် ဘုရားရှင်ကြွ၍ ၊

ဒေါသတွေဆူ ။
ဘုရားကို ပစ်ခတ်ရန်မူ ၊
ဘွဲ့ဖြူလက်နက် ။

ခြေသုတ်ဝတ် ဖြစ်ကာထူးလို့ ၊
ဘီလူးကို ကျွတ်တမ်းသွင်းသည့် ၊

အောင်ခြင်းတစ်ချက် ။

( အောင်ခြင်း - ပဉ္စမ )

လက်ညှိုးပေါင်း တစ်ထောင်ရရန် ၊

တွေ့သမျှလူဖြတ်ယူကာ ။
အချိန်ကုန် ရက်တွေညောင်း၍ ၊
တစ်ချောင်းအလိုမှာ ။

ကျေးဇူးရှင် မွေးမာတာ ၊
ဓါးကိုင်ကာသူလိုက် ။
ဗုဒ္ဓသခင် တရားပြမှ ၊
အင်္ဂုလိမာလ လူဉာဏ်ကန်းရယ် ၊
ရဟန်းဘောင်ဆိုက် ။

( အောင်ခြင်း - ဆဋ္ဌမ )

အငြိုးကြီးသူ ဒေဝဒတ်ကား ၊
ဘုရားကိုသတ်ရန် ။
နာဠာဂီရိ ဆင်ကြီးမိုက်အောင် ၊
အရက်တိုက်ထားပြန် ။
ဆင်ကြီးက နင်းမည့်ဟန် ၊
ရန်စောင်တိုးသွား ။

မြတ်ဗုဒ္ဓ ဆုံးမတဲ့ခါ ၊
သူ့ခမျာ ဘုရားကိုဖူးလို့ ၊
ဦးညွတ်ယဉ်ပါး ။

( အောင်ခြင်း - သတ္တမ )

ဗုဒ္ဓအရှင်နှင့် သာဝကတို့ ၊
ကြွလှမ်းကြနတ်ဗိမ္မန် ။
နဂါးကြီး နန္တောပနန္တ ၊

ဒေါသတွေထန်။
မြတ်ဘုရားကို ရန်မူပြန် ၊
အယူမမှန်မိစ္ဆာနဂါး ။
ဆုံးမသူ ရှင်မောဂ္ဂလန်ကြောင့် ၊
မာန်လျှော့ကာ မခံနိုင်အဆုံးမှာ
ရှုံးနိမ့်လို့သွား ။

( အောင်ခြင်း - အဋ္ဌမ )

ဗကဗြဟ္မာ သူ့ဝါဒ ၊
နိစ္စအရာရာ ။
ဘုရားရှင်က အနိစ္စလို့ ၊
ပြိုင်ကြတဲ့ခါ ။
အယူလွဲတဲ့ သူ့ခမျာ ၊
မယှဉ်သာအရှက်ပွါး ။
ကိုယ်ဖျောက်လည်း ဖျောက်မရ၍ ၊
ဗုဒ္ဓသခင် မြတ်ရှင်စောကို ၊

ငေးမောကာ ခပ်ကုပ်ကုပ်နဲ့ ၊
ဒူးတုပ်ခစား ။

ဇိနမာရ် ဓမ္မာမင်း၏ ၊

အောင်ခြင်းရှစ်ပါး ။
တပည့်တော် မုဒြာစုံချီ ၊
စာစီကာ ကောင်းမှုပြု၍ ၊
ကုသိုလ်တော်ပွါး ။

အောင်နိုင်သူ ( 7 / 11 / 2016 )

Saturday, November 5, 2016

မဟာမြိုင်နန်း - အချိုးတွဲ ( ၁၆ )


တောတောင်ချိုင့်ဝှမ်း လျှိုမြောင်စမ်းနှင့် ၊
နှင်းမှုန်လွှမ်းသည့်မြိုင်မဟာ ။
ပန်းရောင်စုံသွေး ဆန်းအောင်ထွေး၍ ၊

မွှေး..ရနံ့ဖြာ ။
တောင်ခြေဆီမှာ ချောင်းရေပြာပြာ ၊
စီးကာတအေးအေး ။

တောတိရစ္ဆာန် ပျော်ဟန်ထူးသည် ၊
မြူး..ခုန်ပေါက်ပြေး ။

သမင်ငယ်တောက် ချေကဟောက်စဉ် ၊

တောခြောက်နေသည့်ပမာ ။
သာတကာငှက်ကျေး သံစုံပေး၍ ၊

တေး..သီကြရှာ ။
ပိတုန်းလိပ်ပြာ လွန်လှပစွာ ၊
ဝဲကာဟိုသည်မြူး ။

ဒေါင်းကအိုးဝေ မြောက်ကြိုးခွေတဲ့ ၊
ခွန်း..ချွေတွန်ကြူး ၊
.
သစ်ပင်ကိုင်းဖျား စိမ်းရွက်ကြားမှာ ၊
လင်းအားဖျော့ဖျော့သာ ။
သစ်ရွက်တစ်သင်း လေပြေညှင်းသော် ၊
ဆင်း..ကြွေရရှာ ။
လူသူကင်းစွာ မြဂနိုင်မှာ ၊
သဘာဝကဆန်း ။
စိတ်လက်ကြည်နူး လွမ်းဘွယ်ကျူးသည် ၊
ထူး..တဲ့မြိုင်နန်း ။

အောင်နိုင်သူ ( 6 / 11 / 2016 )

မြန်မာ့သူရဲကောင်း - အချိုးကဗျာ ( ၅၄ )


ကမ္ဘာမှာ မြန်မာဟာ ချွတ်ခြုံကျမွဲလေတော့ ၊
အပြစ်စွဲ စနစ်လွဲ တော်လှန်ပြောင်းဖို့ ၊
ချိန်မနှောင်းခင် ခေါင်းဆောင်ကောင်း စွမ်းရည်ထက် ၊
သက်ခုနှစ်ဆယ် အမယ်အို ဇာနည်ဘွားရယ်က ၊
သူ့စီးပွါး သူ့သမီးသား အားလုံးပစ်ကာ ၊
အနစ်နာခံ သစ္စာနှံ မေတ္တာဝေလို့ ၊

မြန်မာတွေ ကမ္ဘာမလေ ခေါင်းမော့နိုင်စေ ၊
စိတ်မာန်ခိုင် အဓိဋ္ဌာန်မယိုင် ကျိုးစားသမျှမှာ ၊
မရိုးမသား သခိုးများက တဟောင်ဟောင်နဲ့ ၊

ယောင်ချာချာ ဉာဏ်ဗလာ ခေတ်နောက်ဆုတ်ကြတယ် ၊
လူယုတ် လူ့အောက်တန်းစား ။


ဘာမထီ အာဇာနည် သွေးသားရင်းပေမို့ ၊

သွေမယွင်း အရည်ချင်းက အောင်ဆန်းအလား ၊
မဖေါက်ပြား အကြောက်တရား ဝေလာဝေးပေါ့ ၊

ပြည်အရေး ကြည်မအေး သူမနေသာ ၊
မြန်မာအပြင် ကမ္ဘာတစ်ခွင် သွားလာလှုပ်ရှားလို့ ၊
မအားလပ်အောင် အားထပ်ဆောင် တာဝန်ထမ်းထားပေမင့် ၊
လမ်းမှားမူ ရမ်းကားသူ တစိမ်းပြင်ပြင်တွေက ၊

ကောင်းမမြင် မောင်းတင်ကာ ဆဲဆိုမိုက်မဲကြ ၊
ခင်စရာလွဲ ပညာမွဲ ခွေးလှေးလိုသာမည ၊
လူ့ဗာလ လူ့အန္ဓတွေ လာယှဉ်လျင်ရိုင်းပေလိမ့် ၊

နှိုင်းမသာ တိုင်းဝဠာ ကမ္ဘာမြေအပြည်ပြည်တွင် ၊
တို့ဇာနည် တို့ဧကရီ အောင်ဆန်းစုကြည်မှာဖြင့် ၊

မြန်မာတွေ လွှမ်းမောက်လို့ ဝမ်းမြောက်မော်ကြွားစရာ ၊
လျှမ်းတောက်ကျော်ကြား ။
.

အောင်နိုင်သူ ( 5 / 11 / 2016 )

Friday, November 4, 2016

သိအပ်ရာရာဆုံးမစာ - သံပေါက် ( ၅ )


ဂါရဝေါစ ၊ ပြုတတ်မှ ၊
မိတ္တဖြာဖြာချစ်ကြမှာ ။

မာနကင်းမူ ၊ ချစ်ခင်သူ ၊
ကြည်ဖြူညှာတာကူကြတာ ။

နိဝါတောစ ၊ ကိုယ်နှိမ့်ချ ၊
သားလှလိမ္မာအောင်မြင်တာ ။

တန်ဘိုးရှိရာ ၊ သိတတ်စွာ ၊

ရွေးကာသိမ်းပါသေသေချာ ။

ပညာလိုလား ၊ သူဖုန်းစား ၊
ရှက်အားပယ်ခွါရမည်သာ ။

လမ်းလွဲနေပြန် ၊ မဝေဖန် ၊
ဧကန်သူသာမိတ်တုပါ ။

ကောင်းရာညွှန်လတ် ၊ မိတ်ဆွေမြတ် ၊
သိမှတ်မှသာမှန်ကန်မှာ ။

ခွင့်ခါကြုံလျင် ၊ ရအောင်ပင် ၊
ယူငင်တတ်တာလူလိမ္မာ ။
.
မသိလျင်မေး ၊ မစင်ဆေး ၊
သင်တွေးအပ်စွာအရာရာ ။

ဟင်းပေါင်းစုံစွ ၊ ခပ်နေရ ၊

ယောက်မရသာမသိရှာ ။

ထိုသည့်ဖြစ်ဆိုး ၊ လူတို့မျိုး ၊
ရှိရိုးမှန်စွာဧကန်ပါ ။

ယောက်မသို့လူ ၊ ဖြစ်လျင်မူ ၊
ထိုသူဗာလာလူမိုက်ပါ ။

ကောင်းမှုမျိုးမျိုး ၊ ကောင်းအောင်ကြိုး ၊
လူရိုးပီစွာလူမဟာ ။

သူတစ်ပါးကို ၊ အပြစ်ဆို ၊
လူပိုလူချာလူပြိန်းသာ ။

မုဒိတာကင်း ၊ စိတ်သိမ်ဖျင်း ၊
ပျက်ယွင်းသီလာအရာရာ ၊

ကိုယ့်ထက်သာပို ၊ မနာလို ၊
လူအိုစိတ်ပါပျက်စီးမှာ ။

ဘေးရန်မြင်ကား ၊ ကြိုရှောင်ရှား ၊
ဆီးတားမှသာလွတ်ကင်းရာ ။

မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊

နောက်နောင်ရန်ကွာစိတ်ချမ်းသာ ။

ဂါရဝေါစ = ရိုသေခြင်း ။ မိတ္တ = မိတ်ဆွေ ။
နိဝါတောစ = မိမိကိုယ်ကိုနှိမ့်ချခြင်း ။
သူဖုန်းစား = သူတောင်းစား ။
မုဒိတာ = မနာလိုကင်းဝမ်းမြောက်ခြင်း ။
သီလာ = သီလ = စောင့်ထိန်းခြင်း ။

ဝန်ခံချက် ။….။ မိမိကိုယ်တိုင်လည်းအစစအရာရာကောင်းအောင်
ကြိုးစားဆဲဖြစ်ပါသည် ။

အောင်နိုင်သူ ( 5 / 11 / 2016 )

မောင့်အသည်းကျွမ်းကျေလို့ကွဲ - အချိုကဗျာ ( ၅၃ )


တွေးဆကြံတော့ ရှေးဘဝကံ ခေရှာသည်ထင့် ၊
မရေရာအရှုံးတွေကြောင့် ဝေဒနာနှလုံးသားမှာဖြင့် ၊
ချစ်အားနော်ငယ် ပစ်ထားတော်မူရက်သူက ၊
ရတက်ပွါးပူ တစ်ဖက်သားလူကိုပင် ၊
မခင်တွယ် တမင်ဖယ် ရှောင်ခွါတိမ်းလေတော့ ၊
သိမ်းမရမျက်ရည်ဝဲ ။

ဝေးကြပြန်ပေါ့ ဆွေးရအမှန် ဖြေမသာ ၊
တပြေတရွာမှာ အနေကြာ စိမ်းရက်သူက ၊
မူမာယာများ၍ ပူဗျာပါပွါး အဖြစ်ဆိုးရတယ် ၊
မိုးသဏ္ဌာန်နဲ့ ညိုးမာန်ဖွဲ့ရွာမစဲနိုင်ဘု ၊
အသည်းစိုင် ဆွဲကိုင်ကာ လှုပ်ယမ်းသလိုပ ၊
ကျွမ်းကျေလို့ကွဲ ။

အောင်နိုင်သူ ( 4 / 11 / 2016 )

ဆောင်းအိပ်မက် - ပုလဲတစ်တန့် သန္တာတစ်တန့် ( ၁ )


နွဲ့နှောင်းနုနယ် ၊

ချစ်သူနွယ်ကို ၊
ရည်ရွယ်ရော်ရမ်း ၊
တမ်းတလွမ်း၍ ၊
ယောင်ယမ်းယိမ်းယိုင် ၊
မခိုင်သည်းထိတ် ၊
စိုးစိတ်စေစား ၊
တွေးထွေပြားကာ ၊
မြင်မှားမူးမေ့ ၊
ရှာမတွေ့ပဲ ၊
ဝဲဝေ့ဝိုးဝါး ၊
လွင့်ပါးပျက်ကြွေ ၊
ချစ်ခွန်းချွေခက် ၊
ဆောင်းအိပ်မက်မှာသွက်သွက်လည် ။

အောင်နိုင်သူ ( 4 / 11 / 2016 )

Thursday, November 3, 2016

သဘာဝကဗျာဆရာကြီးများ - အချိုးကဗျာ ( ၅၂ )


လူ့ကမ္ဘာ ဟောသည်လောကကား ၊
သဘာဝ အမျိုးအမည်အစုံလင်နှင့် ၊
စာဆိုရှင် ကဝိပဂေးများကိုလ ၊
အသိကလေးပွါး တွေးဆဘွယ် ၊

ရွေးကြကွယ် ရေးစရာများဟု ၊
သင်ကြားသည့်ဆရာ ။

တောနဲ့တောင်ခြေ ရေလေမြေကြီး ၊
အသီးပွင့် ပန်းမာလ် သစ်ပင်စိမ်းတွေ ၊
ဘယ်ယိမ်းလို့ ညာနွဲ့တဲ့စပါးခင်းနဲ့ ၊
မိုးမြူနှင်း ရာသီအထွေထွေက ၊
စာကဗျာတွေ ရေးလှည့်စမ်းရယ်လို့ ၊
လမ်းပြနေရှာ ။

ကောင်းကင်က နက္ခတ်တာရာ ၊
စန်းသော်တာ ဝါဝါရွှန်းကယ်နဲ့ ၊
လိုရာယွန်း တိမ်မျှင်တိမ်လွှာတိမ်တိုက်တွေ ၊
ပျံလိုက်နားလိုက် ငှက်ကျေးအထိုထို ၊

တေးဆိုလို့ ပျော်ကြဝေယံမှာ ၊
ရေးစရာကဗျာများ ။

စိမ့်စမ်းကယ် ချောင်းမြောင်းအဖြာဖြာ ၊
အဏ္ဏဝါ ရေပြင်ကျယ်သမုဒ် ၊
တိုးဆုတ်တဲ့ လှိုင်းခေါင်းဖြူတွေ ၊
လယ်သူဆွေ ဆိုသီချင်းရယ်နဲ့ ၊
ပျိုတစ်သင်း လယ်ဆင်းပုံတွေကို ၊

ဉာဏ်အဖုံဖုံ လင်္ကာစုံရေးဖွဲ့ပါလို့ ၊
ကဗျာဆရာ သဘာဝရယ်က ၊
ညွှန်းပြသင်ကြား ။

( သဘာဝလောကကြီးသည် ကဗျာရေးသူများကို
ကဗျာရေးနည်းသင်ကြားပေးသော ကဗျာဆရာကြီး
ဖြစ်သည်ဟု ကဗျာကျမ်းကဆိုပါသည် )

အောင်နိုင်သူ ( 4 / 11 / 2016 )

သီတင်းကျွတ်သမယ - ရတု ( ၂ )


ပြေမှခွါချီ ၊ လောင်းသာကီကား ၊ နဒီဖြတ်သန်း ၊
စိတ်ရွှင်လန်းလျက် ၊ ကိန်းခန်းကြုံသော် ၊ မြတ်ဆံလျော်ကို ၊
ပယ်တော်မူပြီး ၊ ဓမ္မမီးရောင် ၊ ထိန်ငြီးအောင်လျင် ၊

ဗေါဓိပင်ခြေ ၊ ခိုဝင်စံစား ၊ မြတ်တရားစုံ ၊
မနားမနေ ၊ ကျင့်ကြံလေသော် ၊ မသွေစင်စစ် ၊
ဘုရားဖြစ်၍ ၊ အနှစ်ဓမ္မာ ၊ အဖြာဖြာကို ၊
လှည့်ကာဟောကြား ၊ မြတ်ဘုရားလည်း ၊ နတ်များစံအိမ် ၊
တာဝတိံသို့ ၊ ဆိတ်ငြိမ်ကာလ ၊ ဝါဆိုရအောင် ၊
လှမ်းကြွချီကာ ၊ နတ်ပြည်မှာလျင် ၊
စကြာချမြန်းတော်မူသည် ။

ချွေဟကြာပြီ ၊ နတ်ဘုံဆီတွင် ၊ စီရီဟော၏ ၊
ရှင်လူသိသော ၊ အဘိဓမ္မာ ၊ ဒေသနာကို ၊

ဗြဟ္မာသောင်းပြောင်း ၊ နတ်မြတ်ကောင်းနှင့် ၊ တိတ်ဟောင်းမိခင် ၊
နတ်သားပင်လျင် ၊ ပါဝင်နာကြား ၊ ထိုတရားကြောင့် ၊
ကျွတ်သွားများစွာ ၊ နတ်ဗြဟ္မာတို့ ၊ ကောင်းရာဂတိ ၊
နိဗ္ဗာန်ထိတိုင် ၊ ရောက်ရှိစေအောင် ၊ ကောင်းကျိုးဆောင်သော ၊
လင်းရောင်ဓမ္မ ၊ လမ်းကောင်းပြကာ ၊ ဗုဒ္ဓသခင် ၊ 

မေတ္တာရှင်သည် ၊ ကြည်ရွှင်စိတ်ထား ၊ မနေနားပဲ ၊
တရားများစွာ ၊ သုံးလဝါတိုင် ၊

မြွက်ကာမျှကမ်းတော်မူသည် ။
.
ဒေသစာရီ ၊ ကြွကာချီရန် ၊ ကျောက်စီစောင်းတန်း ၊
ရွှေငွေဆန်းထွေ ၊ နတ်နန်းမှလေ ၊ လူ့ဋ္ဌာနေသို့ ၊
ရောက်စေဖန်းဆင်း ၊ သိကြားမင်းက ၊ ဆက်သွင်းလေရာ ၊
လူ့ပြည်မှာကား ၊ ထိန်ဝါရောင်ငြီး ၊ ပန်းဆီမီးနှင့် ၊
မြေကြီးဝသုန် ၊ ဖိတ်ဖိတ်တုန်အောင် ၊ ရှိန်ဟုန်မြင့်မား ၊
သဒ္ဒွါအားနှင့် ၊ ဘုရားမြတ်စွာ ၊ ဆင်းကြွလာစဉ် ၊
ပူဇာဝတ်ရွတ် ၊ သီတင်းကျွတ်၌ ၊ ဝင်းမွတ်သော်တာ ၊
ထိန်ထိန်ဝါ၍ ၊ သာယာသောည ၊ မြတ်ဗုဒ္ဓကား ၊

ဖြန့်ချစကြာ ၊ လူ့ပြည်ရွှာသို့ ၊
ထွက်ခွါကြွလှမ်းတော်မူသည် ။

ပြေ = ပြည် ။ ကျောက်စီစောင်းတန်း = ပတ္တမြားစောင်းတန်း ။
တာဝတိံ = တာဝတိံသာနတ်ပြည် ။

အောင်နိုင်သူ ( 3 / 11 / 2016 )

Wednesday, November 2, 2016

လွမ်းပဒေသာ - အချိုးကဗျာ ( ၅၁ )


လွမ်းဋီကာ လွမ်းဇာချဲ့လျင်ဖြင့် ၊
လွမ်းခဲ့ရအချိန်ကြာ ။

လွမ်းဝေဒနာ လွမ်းဗျာပါပိလေတော့ ၊
လွမ်းမိအခါခါ ။

လွမ်းစေရာ လွမ်းတသက်သက်မို့ ၊
လွမ်းခဏ်းဆက် လွမ်းသံသရာ ၊
လွမ်းမဟာလူသား ။

လွမ်းပါဘိ လွမ်းချိဖြေမသာ ၊
လွမ်းကမ္ဘာ လွမ်းမငြီးလေတော့ ၊
လွမ်းပြီးရင်း လွမ်းမပျက်ကွယ် ၊
လွမ်းရက်ရှည်လျား ။

အောင်နိုင်သူ ( 2 / 11 / 2016 )

တန်ဆောင်မုန်း - နွယ်သာကီသံပြတ် ( ၃ )


ဝဿန် အပြန် ညင်းလေမြူးလို့ ၊
နှင်းရည်လူးတဲ့ တန်ဆောင်မုန်းခါ ။

ဝေဟင် လေပြင် ထက်ယံဖျားပေါ် ၊
ငှက်ပျံလွှားပျော် တန်ဆောင်မုန်းပါ ။

ရောင်ဝါ ဆောင်ကာ ခဝဲပန်းတွေ ၊
အမြဲလန်းနေ တန်ဆောင်မုန်းခါ ။

သာယာ အာကာ ထက်မြတ်ဘုံမှာ ၊
နက္ခတ်စုံတဲ့ တန်ဆောင်မုန်းပါ ။

ခြုံလွှာ စုံစွာ လွှမ်းအကုန်ထွေးလည်း ၊
ချမ်းတုန်အေးပေါ့ တန်ဆောင်မုန်းမှာ ။

ပုံမှန် ကြုံပြန် အချိန်မလွဲတဲ့ ၊
ကထိန်ပွဲနဲ့ တန်ဆောင်မုန်းပါ ။

သူငါ ပြူငှာ ကောင်းမှုယူသဗျ ၊

ပေါင်းစုလှူကြ တန်ဆောင်မုန်းမှာ ။

မီးရောင် မငြီးအောင် ပူဇော်ကြသည် ၊
တူပျော်ရမည် တန်ဆောင်မုန်းခါ ။

မောင်ဖုန်းလာ ပိုးကာပန်းတယ် ၊
တမျိုးသာဆန်းတဲ့ တောဓလေ့မှာ ၊
သဘောခွေ့သူ ပျိုဖြူများက ၊
အလိုတူသွားတော့ ပျော်ရမယ် ၊

မော်ကြတယ် နှစ်ကိုယ်တွဲလို့ ၊
မီးထွန်းပွဲတော် အပြေးအလွှားနဲ့ ၊
သွားကြမယ်လေး ။

အောင်နိုင်သူ ( 2 / 11 / 2016 )

Monday, October 31, 2016

မင်္ဂလာပွဲနွှဲဖို့ပြင် - အချိုးကဗျာ ( ၅၀ )


မောင့်လယ်ခွင်   မြပင်စိမ်းတွေ ၊
ယိမ်းပါလို့  တိမ်းကြဝဲယာ ။

ဖုံးလုံးတုန်း   တန်ဆောင်မုန်းပေမို့ ၊
မောင်ဖုန်းတို့  စပါးပင်တွေက ၊
အားအင်နဲ့ဖြာ

ဆောင်းခါကြုံ   နှင်းမှုန်လွှမ်းပြန်တော့ ၊ 
ကျွမ်းငယ်ဆွေ   ညိုပြာညက်ကိုလ ၊
ပွေ့ဖက်လို့   ယုယကြင်နာ ၊
မောင့်ရင်မှာထွေးချင်သား ။

ခုများကွယ်   ပေါင်းရန်အရေးရယ် ၊
ခဏလေးတော့   စောင့်စားမျှော်ပါ ၊
စပါးတွေပေါ်  နွေဦးပေါက်လျင်ဖြင့် ၊
တို့နှစ်ယောက်ရဲ့   မင်္ဂလာပွဲကို ၊
နွှဲဖို့ပြင်ထား ။

ဖုံးလုံးတုန်း = ဖုံးတုန်းလုံးတုန်း =  စပါးများအရည် ၊ အဆံ တည်စဦး
ကိုဖုံးတုန်းလုံးတုန်း ( အခွံဖုံးဆဲ ၊ အဆံတည်ဆဲ ) ဟုခေါ်ကြပါသည် ။

အောင်နိုင်သူ  ( 1 / 11 / 2016 )

ဆောင်းသဘာဝ - အချိုးကဗျာ ( ၄၉ )


မိုးရုံလွှာ အဟောင်းကိုပစ်၍ ၊
တဆောင်းသစ် နှင်းပုဝါရယ် ၊
ဆင်းပြိုကာ သည်လောကကို ၊
အလှဆင်တော့တယ် ။

လတန်ဆောင် ပန်းခဝဲတို့ ၊
ပွင့်မြဲပေါ့ ဝင်းလဲ့ထိန်ဝါ ၊
နတ်တော်မှာ သဇင်လှိုင်တုန်း ၊
ဂမုန်းပန်းကြွယ် ။

ပြာသိုလ ခွါညိုရနံ့ဖြာ ၊
သင်းပျံ့ကာ တကဲကဲနဲ့ ၊
တပို့တွဲ ပေါက်လဲဆူးပန်းတို့ ၊
ပွင့်လန်းကြ ဟေမန်ချိန်ဝယ် ၊
ကြည်နူးဘွယ်လွန်ကောင်း ။

မြောက်ပြန်လေ တအေးအေးနဲ့ ၊
ငှက်ကလေးတွေ သံစုံချီပျံ ၊
နားဝင်ပီယံ ငြိမ့်ငြိမ့်ညောင်းလို့ ၊

ကောင်းကင်မှာ မြူမှုန်လွှမ်းတယ် ၊
ချမ်းတုန်တဲ့ဆောင်း ။

အောင်နိုင်သူ ( 31 / 10 / 2016 )

မယ့်ချစ်ဆိပ်မာန် - တေးထပ် ( ၈ )


မိုးဝဿန်   နှောင်းခါစ ၊
ပြောင်းပါရ   ဟေမန် ၊
ဆောင်းကာလ   ဝေးအောင်ဖန်တယ် ၊
တစိမ်းဆန်   နှစ်ပါး ။
မှိုင်းကာညို့   ညနေရီမှာ ၊
လှဧကရီ   ဆွေးရတက်ပွါး ။

ဆည်းဆာည  ချမ်းလှပါသည် ၊
ငဲ့မညှာ   မသနား ။
အဟုတ်လေ   ရှောင်ရှားတော့ ၊
မေတစ်ပါး  အခက်ဖြာ ။
ရွှေစိတ်တော်   ထင်မလွဲပါနဲ့ ၊
ရင်အသည်း   ကွဲလိမ့်တစ်ခါ ။

လွမ်းပါရ   ဝေဒနာရယ် ၊
မေကညာ   စက်လျောင်းမမွေ့ ၊
စိတ်ထောင်းလို့   ခန္ဓာကျေ ၊
မွန်းနစ်ကာနေ ။
တဏှာပူးလို့   ရူးကာသေပစေ ၊
မောင့်ကိုလေ   ဘယ်မမုန်းပြီကွဲ့လေး ။

အောင်နိုင်သူ  ( 31 / 10 / 2016 )