Friday, September 30, 2016

ချစ်အဖြေ - အချိုးတွဲ ( ၁၀ )


သူ့မျက်နှာလေးချိုသာ ။
ဆိုစရာအပြစ်ကင်းပါလို့ ၊
ဝင်းပပဖြာ ။
ပါးနှစ်ဘက်ပန်းပဒုမ္မာ ၊
ခန္ဓာကကြော့ဆုံး ။
သူ့ကေသာမဟူရာယှက်တယ် ၊
နက်မှောင်ပိတုန်း ။

ယဉ်ကျေးတယ်သူ့ရဲ့ဝါစာ ။
ပျိုကညာသံချိုနှောလို့ ၊
အပြောကဝေဆာ ။
ဝိုင်းစက်စက်သူ့မျက်နှာ ၊
နံ့သာကိုခြယ်မှုန်း ။
ကွမ်းတော်ကိုင်ထိတ်ထိတ်ကြဲမို့ ၊
ရွာထဲအလှဆုံး ။

မြင်နေခဲ့ရက်ရှည်ကြာ ။
ရွှေရုပ်လွှာကိုမရမကနဲ့ ၊
တောင်းတဝေဒနာ ။
ကျနော့်ဘဝကရောင်ချာချာ ၊
ဥစ္စာမဲ့မောင်ဖုန်း ။

ချစ်အဖြေကိုကြိုသိနေတော့ ၊
နွမ်းအိခွေနုံး ။

အောင်နိုင်သူ ( 30 / 9 / 2016 )

No comments:

Post a Comment