Wednesday, October 26, 2016

တောဓလေ့တန်ဆောင်မုန်း - အချိုးတွဲ ( ၁၃ )


ထက်ဝဠာ တိမ်ကင်းလို့ ၊
ထွန်းလင်းကြတာရာ ။
မဲဇလီ ရွက်နုအလှတို့ ၊

ဆေးခချိန်ခါ ။
ကြတ္တိကာ ၊

သော်တာနှင့်ယှဉ်ထွန်း ။
ငွေနှင်းမှုန် မြေပေါ်လျောင်းတယ် ၊
ဆောင်းဝင်မိုးယွန်း ။

မိုးယွန်းမှာ ခဝဲပန်းတွေ ၊
ပွင့်လန်းထိန်ဝါ ။
ညချမ်းချိန် ရွှေလဝန်းက ၊

ပြည့်ရွှန်းလို့သာ ။
ဆီမီးရောင် ဝေဝေဆာ ၊
ပူဇာတဲ့ တန်ဆောင်တိုင်ပွဲ ။
တိုင်းဋ္ဌာနေ ပြည်တစ်ဝှမ်းမှာဖြင့် ၊
လျှမ်းတောက်ထိန်ကဲ ။

ထိန်ကဲတဲ့ မီးရောင်ဆန်းနဲ့ ၊
သင်္ကန်းယက် ပြိုင်ကြသည် ။

ရှေးစဉ်ဆက် ကဗျည်းထိုးလာ ၊
မသိုးသင်္ကန်းမည် ။
ပဒုမ္မာနံ့ သင်းကာကြည် ၊
ကြာခြည်နဲ့ရွှေသင်္ကန်း ။
ဗုဒ္ဓရှင် ကိုယ်တော်ထက်မှာ ၊
ဆက်ကပ်ဆင်မြန်း ။

ဆင်မြန်းကြ နိဗ္ဗာန်နန်းအသွင် ၊
ပန်းပဒေသာပင် ။
လှူဘွယ်တွေ အစုစုနှင့် ၊
ဝတ္ထုစုံလင် ။

ကြေးသံထည် တချွင်ချွင် ၊
သံလွင်လွင်တွဲလို့ရွဲ ။
လတန်ဆောင် ကျောင်းတော်ဝင်းမှာ ၊
ခင်းကထိန်ပွဲ ။

ကထိန်ပွဲ လူတွေဝိုင်းလို့ ၊
ဆိုင်းသံကမြိုင် ။
ကာလသား လူပျိုတစ်သိုက်မှာ ၊
ကလိုက်ကြအပြိုင် ။
အကျွေးအမွေး ဟင်းတွေလှိုင် ၊
ထိုင်ရာမထ ဝအောင်စား ။
အပျော်လွန် မနောခွေ့ကြတယ် ၊

တောဓလေ့မို့လား ။

ကြတ္တိကာ = ကြတ္တိကာနက္ခတ် ။

အောင်နိုင်သူ ( 27 / 10 / 2016 )

No comments:

Post a Comment