Sunday, October 16, 2016

သီတင်းကျွတ်အခါသမယ - ဥသြသံချိုဆင့် ( ၂ )


သီတင်းကျွတ်လျင် ၊ တိုင်းတခွင် ၊
ပလ္လင်ဆေးမိုး ရွာပေါ့အတည် ၊
မမြင်ဘေးဆိုး ကွာတော့သည် ။

မုတ်သုန်ဝဿန် ၊ နေရပ်ပြန် ၊
ဧကန်ပြောင်းလဲ မြောက်လေချီ ၊
ဟေမန်ဆောင်းထဲ ရောက်လေပြီ ။

ပန်းပဒုမ္မာ ၊ ပွင့်ချိန်ခါ ၊
ရေမှာလှိုင်လှိုင် ဖွေးနေသည် ၊
ဝေဆာကြိုင်ကြိုင် မွှေးလေမည် ။

ညခင်းဆည်းဆာ ၊ လစန္ဒာ ၊
တိမ်လွှာကင်းမဲ့ အာကာဆီ ၊
ထိန်ကာလင်းလဲ့ သာယာပြီ ။

စိန်လိုရောင်လင်း ၊ ကြယ်တသင်း ၊
ခင်းကျင်းအမှောင်မှာ ဝေကာတည် ၊
ဝင်းဝင်းရောင်ဖြာ နေပါသည် ။

လပြည့်ညမှာ ၊ မြတ်ဗုဒ္ဓါ ၊
လူ့ရွာသာစခန်း ဆင်းခဲ့သည် ၊
မုဒြာကြာပန်း သင်းလဲ့ကြည် ။

ဘုရားကြည်ညို ၊ သဒ္ဓါပို ၊
ဆီးကြိုလူများ တူမျှော်ရည် ၊
မီးကိုလှူထား ပူဇော်သည် ။

မုဒြာ = ကုမုဒြာ ။

အောင်နိုင်သူ ( 16 / 10 / 2016 )

No comments:

Post a Comment