Wednesday, November 23, 2016

မြေခွေးယုတ်နှင့်ကျီးမိုက် - လင်္ကာ+အချိုးကဗျာ ( ၁ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ကာလ ၊
ဟိမမြိုင်တွင် ၊ သပြေပင်၌ ၊
ထင်ရှားတန်ခိုး ၊ ရုက္ခစိုးနတ် ၊
ဖစ်လတ်သောခါ ၊ ဤဇာတ်မှာလျင် ၊

ပေါ်လာရခြင်းဖြစ်သတည်း ။

သပြေပင်ထက် ၊ ကျီးငှက်တစ်ခု ၊

အော်သံပြုပြီး ၊ သပြေသီးများ ၊
ခူးစားနေလျင် ၊ မြေခွေးမြင်ငြား ၊
စားချင်သောခါ ၊ ကျီးကိုသာပင် ၊
လိမ်ညာလှည့်ဖြားပြောသတည်း ။

“ချိုသာသော အသံထွက်၍ ၊
ဤငှက်ကားထူးလှတာ ၊
မျိုးမြတ်ထည်ဝါ ။
ဥဒေါင်းပမာ ၊ 

တေးသာယာဘဝင်မှာငြိမ့် ။
မြင့်မားလှ အပင်ပေါ်မှာ ၊
မဟူရာ ရောင်ဖြာလျက်နှင့် ၊
ဘာငှက်ပါလိမ့်” ။

မြေခွေးလှည့်ဖြား ၊ ပြောစကားကို ၊
ကြားလေသောခါ ၊ ကျီးမိုက်မှာလျင် ၊
ဘဝင်ခိုက်ကာ ၊ များစွာအသီး ၊
လှုပ်ကျွေးပြီးလျင် ၊ ကြီးကျယ်ဝံ့ကြွား ၊
စကားတုန့်ပြန်ပြောသတည်း ။

“သင်မြေခွေး အမျိုးကောင်းသား ၊
ကျွန်ုပ်အား ချီးမွမ်းရာ ၊
သိတတ်လှစွာ ။
သင့်ခန္ဓာ ၊
တူပါလှကျားပေါက်နဲ့မှား ။
မိတ်ဆွေတွက် ကျွန်ုပ်ချွေချမယ် ၊
ချိုမြမြ သပြေသီးမှည့်တွေ ၊
စားလှည့်ပါလား” ။

ရက္ခစိုးမှာ ၊ ထိုခြင်းရာကို ၊ 

မြင်ပါလေသော် ၊ မသူတော်တို့ ၊ 
ပေါင်းဖေါ်မှုအား ၊ မလိုလားမူ ၊
သူ၏အသွင် ၊ ကြောက်ဘွယ်ပြင်၍ ၊

မောင်းနှင်ထုတ်ရာ ၊ နှစ်ဖြာကျီးခွေး ၊
ဝေးရာပြေးကြလေသတည်း ။

မြေခွေး = ဒေဝဒတ် ။ ကျီး = ဒေဝဒတ်၏တပည့် - ကောကာလိက ။
ဟိမမြိုင် = ဟိမဝန္တာတော ။

အနှစ်သာရ
************
( ၁ ) သူတော်ချင်းချင်းပေါင်းဖက်တွေ့၍ - လူယုတ်ရှိရာလူယုတ်လာ၏ ။
( ၂ ) တစ်ဖက်လူသည်မိမိထံမှတစ်ခုခုရလိုလျင်လှည့်ဖြား မြှောက်ပင့်
ချီးမွမ်းတတ်၏ ။
( ၃ ) မိမိအနေအထားက်ုမိမိကောင်းစွာသိထားသင့်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 23 / 11 / 2016 )

No comments:

Post a Comment