Sunday, November 13, 2016

အလောင်းတော်နှင့်ဝေဒဗ္ဗဇာတ် - လင်္ကာကဗျာ ( ၁၄ )


ပညာလွဲသုံး ၊ ဆိုဆုံးမခက် ၊
ဉာဏ်မထက်ပဲ ၊ စိတ်ပျက်လွယ်သား ၊
ပုဏ္ဏားမျိုးမှ ၊ ဝေဒဗ္ဗ၏ ၊
မှတ်သိဘွယ်ရာ ၊ ဇာတ်တော်လာကား ၊ 

အောက်ပါအတိုင်းဖြစ်သတည်း ။

ဗာရာဏသီ ၊ ရွာငယ်ဆီမှာ ၊
ပညာမန္တန် ၊ အမှန်တတ်စွ ၊

ဝေဒဗ္ဗနှင့် ၊ ဝေဒသင်ယူ ၊
လောင်းတော်ဟူ၍ ၊ ရည်တူနှစ်ဖြာ ၊
ဆရာတပည့်နေသတည်း ။

ဆရာပုဏ္ဏား ၊ မန္တရားမြတ် ၊
နက္ခတ်ယှဉ်ငြား ၊ ရွတ်ပွါးသောခါ ၊
ရတနာမိုး ၊ ရွာသွန်းဖြိုးကာ ၊
တိုးလာဥစ္စာ ၊ လူချမ်းသာ၍ ၊
လွန်စွာတန်ဘိုးရှိသတည်း ။

ပုဏ္ဏား.လောင်းတော် ၊ နှစ်ဖေါ်ညှိနှိုင်း ၊

စေတတိုင်းဘက် ၊ ခရီးထွက်ရာ ၊
လမ်းမှာဝင်တိုး ၊ ဝဋ်ကြွေးဆိုးကြောင့် ၊
ခိုးသားဆူပူ ၊ ရန်သူထံတွင် ၊
ဖမ်းခံကြရလေသတည်း ။

ပုဏ္ဏားဆရာ ၊ လွတ်လိုပါလျင် ၊
သပြာငွေကြေး ၊ ယူကာရွေးလေ ၊

လောင်းတော်ဆွေကို ၊ သူ့ဋ္ဌာနေသို့ ၊
သွားစေမြန်စွာ ၊ ချိန်မကြာနှင့် ၊

ပြန်လာမှာကြားလေသတည်း ။

လောင်းတော်သည်ကား ၊ ဆရာ့အားပင် ၊
ပြောကြားခဲ့ရ ၊ ညခါရောက်စဉ် ၊
နက္ခတ်ယှဉ်ငြား ၊ မန္တရားကို ၊
ရွတ်ပွါးခုံမင် ၊ မဆင်ချင်က ၊
ဆရာ့ဘဝပျက်မည်တည်း ။


စောင့်မနိုင်ရှာ ၊ ပုဏ္ဏားမှာကား ၊
ခိုးသားများကို ၊ မန္တန်ဆိုကာ ၊
ရတနာမိုး ၊ သွန်းဖြိုးပေး၍ ၊

ဖေးမစာနာ ၊ ညှာတာထောက်ထား ၊
သူ့အားလွှတ်စေလေသတည်း ။

ခိုးသားတို့ကား ၊ ပုဏ္ဏားမိုက်ကို ၊
လိုက်ခဲ့ခေါ်ကာ ၊ နေရာမှထွက် ၊
ခရီးဆက်ရင်း ၊ ရေတွက်များပြား ၊
လူပိုများသော ၊ ခိုးသားတပ်နှင့် ၊
ထပ်၍ဆုံရပြန်သတည်း ။

ခိုးသားဟောင်းတို့ ၊ ကျိုးကြောင်းပြောပြ ၊
ဖမ်းလာကြသည့် ၊ ဗာလပုဏ္ဏား ၊
လူမိုက်အားလျင် ၊ ခိုးသားသစ်သို့ ၊
လွှဲပို့ထားကာ ၊ သွားလိုရာဘက် ၊
ခရီးဆက်ကြလေသတည်း ။


ဓါပြသစ်များ ၊ ထိုပုဏ္ဏားကို ၊
မန္တန်ဆိုကာ ၊ ရတနာမိုး ၊
ဖြိုးစေသော်လည်း ၊ နက္ခတ်လွဲမှား ၊
မန္တရားလျင် ၊ စွမ်းအားမပြ ၊
ခက်လှမဖြစ် ၊ နောက်နောင်နှစ်မှ ၊
အသစ်ထပ်ခါ ၊ ရွတ်ပါရစေ ၊
ခွင့်ပန်လေငြား ၊ ခိုးသားတို့မှာ ၊
ပုဏ္ဏားညာသည် ၊ မယုံကြည်ပဲ ၊

ဒေါသကဲ၍ ၊ ဓါးဆွဲခုတ်ရာ ၊
ပုဏ္ဏားဗာလ ၊ ဝေဒဗ္ဗသည် ၊

သေပြည်ရွာသို့လားသတည်း ။

ဝေဒ = မန္တရား ၊ သိခြင်း ၊ ဗေဒကျမ်း ၊ နှစ်သက်ခြင်း ။
စေတ.တိုင်း = စေတတိုင်းပြည် ။

ဇာတ်တော်၏အနှစ်သာရ
******************
( ၁ ) မိမိအကျိုးလိုလားသူ၏စကားကိုလျစ်လျူမရှုသင့် ။
( ၂ ) မိမိတတ်သောပညာကို အကျိုးမဲ့စေမည့် ကာလ ၊ ဒေသ တို့တွင်
အသုံးမချသင့် ။
( ၃ ) အမြော်အမြင် ၊ ဆင်ချင်တရားမကင်းသင့် ။


အောင်နိုင်သူ ( 14 / 11 / 2016 )

No comments:

Post a Comment