Sunday, November 13, 2016

မဟာပဒုမအလောင်းတော် - လင်္ကာကဗျာ ( ၁၃ )


ကာမေသုကံ ၊ ရှောင်ကြဉ်ကြံကာ ၊
သီလံမြဲစွာ ၊ စောင့်ထိန်းလာ၍ ၊  
သေရွာလွတ်ကင်း ၊ လောင်းတော်မင်း၏ ၊
သတင်းထင်ပေါ် ၊ ဂုဏ်ရှိန်ကျော်သည့် ၊
ဇာတ်တော်သည်ကားဤသို့တည်း ။

ဗာရဏပြည် ၊ တိုင်းကားစည်၍ ၊
အမည်မင်းမြတ် ၊ ဗြဟ္မဒတ်တွင် ၊
နတ်မျှချောလှ ၊ ပဒုမဟု ၊
သီလမြဲမြံ ၊ အိမ်ရှေ့စံပျော် ၊
သားတော်တစ်ပါးရှိသတည်း ။

ပဒုမတွင် ၊ ဖသခင်၏ ၊
ကြင်ယာနုရွ ၊ လန်းတက်ကြွ၍ ၊
ရုပ်လှပါလျက် ၊ ရမက်စိတ်များ ၊
စကားမညီ ၊ သီလကင်းဝေး ၊
မိဒွေးတော်လည်းရှိသတည်း ။

ခွင့်ခါကောင်းပေါ် ၊ မိဒွေးတော်သည် ၊
လှုပ်ဆော်ဖေါ်ပြု ၊ ပဒုမကို ၊
ကာမနွံတွင်း ၊ မြှူဆွယ်သွင်းသော် ၊
အလောင်းတော်က ၊ သီလလုံစွာ ၊
ကာမေသုကံရှောင်သတည်း ။

တစ်နေ့သော်ငြား ၊ တိုင်းခြားခွင်သို့ ၊
ဖခင်ဘုရင် ၊ စစ်ထွက်လျင်ကား ၊
သားတော်ငယ်လှ ၊ ပဒုမကို ၊
စိတ်ချကိုးစား ၊ မြို့အားစောင့်ရန် ၊
ချန်ကာထားခဲ့လေသတည်း ။

ချိန်ကောင်းကြုံခိုက် ၊ မိဒွေးမိုက်မှာ ၊
မာယာနှင့်လှော် ၊ အလောင်းတော်ကို ၊
တူပျော်ကြမည် ၊ ကြံစည်ပြန်ရာ ၊
ပယ်ခွါမမှု ၊ ပဒုမမှာ ၊
သီလစောင့်နိုင်ပြန်သတည်း ။

ဖခင်ရာဇာ ၊ စစ်ပြန်လာစဉ် ၊
ကြင်ယာငြင်ငြို ၊ စောင့်မကြို၍ ၊
သိလိုဇောနှင့် ၊ မေးသောအခါ ၊
မမှန်ရာကို ၊ ချဲ့ကာမနှေး ၊
မိဒွေးကုန်းချောလေသတည်း ။


နှမတော်အား ၊ အရှင့်သားက ၊
တရားမဲ့စွာ ၊ အလိုပါအောင် ၊

သွေးဆောင်ခြိမ်းခြောက် ၊ တိမ်းမှောက်သစ္စာ ၊
ဖျက်ပါသည်ဟု ၊ ပဒုမကို ၊

ချောက်ချလိမ်ညာဆိုသတည်း ။

ဖခင်ရာဇ ၊ ဒေါမာန်ရှကာ ၊
သားလှကိုပင် ၊ ချောက်တွင်တွန်းချ ၊

ပြစ်ဒါဏ်ကျစေ ၊ သေမိန့်ချွေလျက် ၊
ချက်ချင်းမနှေး ၊ မတွေးမဆ ၊
ပဒုမကိုသတ်သတည်း ။

အလောင်းတော်အား ၊ အာဏာသားတို့ ၊

ချောက်ဖျားပေါ်မှ ၊ ထွန်းချလတ်သော် ၊
တောင်နတ်တို့မှာ ၊ မနေသာပဲ ၊
ကယ်ကာထားကြ ၊ ပဒုမကား ၊
သီလတန်ခိုး ၊ ကောင်းကျိုးပေး၍ ၊

သေဘေးလွတ်ကင်း ၊ သတင်းဂုဏ်ပေါ် ၊
အလောင်းတော်ဟု ၊ ထုတ်ဖေါ်ပြကာ ၊
ဇာတ်တော်လာကို ၊ ကဗျာတေးနှင့် ၊

ရေးသားပူဇော်အပ်သတည်း ။

အောင်နိုင်သူ ( 13 / 11 / 2016 )

No comments:

Post a Comment