Sunday, November 20, 2016

အသိတာဘူဇာတ် - လင်္ကာကဗျာ ( ၂၁ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
ဟိမဝန္တာ ၊ မြိုင်မဟာတွင် ၊
ရှင်ရသေ့ပြု ၊ ကောင်းမှုတရား ၊
ပွါးများကျင့်ကြံ ၊ ဘုန်းကံတံခိုး ၊

ပြည့်ဖြိုးနေချိန်ဖြစ်သတည်း ။

“ပြည်ဗာရာ”တွင်း ၊ မင်း “ဗြဟ္မဒတ်” ၊
အုပ်စိုးလတ်သော် ၊ သားတော်ကြီးမှ ၊
ထီးနန်းလုမည် ၊ ကြံစည်လိမ့်နိုး ၊
စိုးရိမ်ပို၍ ၊ သားကိုမညှာ ၊

တောသို့ခွါရန်နှင်သတည်း ။

ကြမ္မာနိမ့်ပါး ၊ မင်းသားခမျာ ၊
“အသိတာဘူ” ၊ သူ၏ကြင်ယာ ၊

ခေါ်ကာသွားရ ၊ ဟိမဝန္တာ ၊
မြိုင်ဟေမာတွင်း ၊ နှစ်ဖြာဝင်ရောက် ၊
တဲအိမ်ဆောက်၍နေသတည်း ။

တစ်နေ့သောခါ ၊ မဟာမြိုင်ဆီ ၊
ကိန္နရီအား ၊ မြင်တွေ့သွား၍ ၊
မင်းသားခင်မင် ၊ ချစ်စိတ်ဝင်ကာ ၊
မခွါတောက်လျှောက် ၊ ကောက်ကောက်သာလျင် ၊
လိုက်ပါနေတော့လေသတည်း ။

ထိုသည့်ခြင်းရာ ၊ “အသိတာဘူ” ၊ 

မြင်ပါမူကား ၊ သူ့အားမကြင် ၊
သူမခင်ပြီ ၊ တွယ်ငင်နေသော ၊
သံယောဇဉ်ဖြတ် ၊ ရသေ့မြတ်ပါး ၊
တရားတောင်း၍ကျင့်သတည်း ။

“အသိတာဘူ” ၊ နာယူဓမ္မ ၊ 

အေးမြပျော်မွေ့ ၊ ရသေ့တရား
စိတ်မှာထား၍ ၊ ပွါးများခါခါ ၊
အာရုံမပြတ် ၊ ရှုမှတ်နေစဉ် ၊
အဘိညာဉ်သမာပတ်ရသတည်း ။

ကိန္နရီနောက် ၊ တကောက်ကောက်သာ ၊
လိုက်ပါသွားသူ ၊ မင်းသားမူလည်း ၊
အလိုက်လွဲလျက် ၊ မျက်ခြည်ပြတ်၍ ၊
စိတ်ဓါတ်ကျကာ ၊ သူ့ကြင်ယာထံ ၊

ပြန်လာနေထိုင်လေသတည်း ။

ကြင်ယာတော်ကား ၊ လင်သားကိုလျင် ၊

မြင်လေသောခါ ၊ အာကာယံထက် ၊
ပျံတက်သွား၍ ၊ “ငါကားခုခါ ၊
သင့်ကြောင့်သာပဲ ၊ မလွဲအမြန် ၊
ဈာန်ချမ်းသာကို ၊ ရလာပြီ”ဟု ၊

ပြောဆိုပြုရင်း ၊ မင်းသားကိုပင် ၊
တမင်စွန့်ကာ ၊ ဝေးရပ်ရွာသို့ ၊
ထွက်ခွါသွားတော့လေသတည်း ။



 

အဘိညာဉ် = ထူးသောဉာဏ်ဖြင့်သိခြင်း ။ သမာပတ် = ပြည့်စုံခြင်း ။

အနှစ်သာရ
************
မိမိကိုမနှစ်သက် ၊ မချစ်ခင်သောသူကိုသံယောဇဉ်ဖြတ် ဥပေက္ခာ

ပြုမှကိုယ်စိတ်နှစ်ဖြာချမ်းသာ၍အကျိုးရှိနိုင်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 21 / 11 / 2016 )

No comments:

Post a Comment