Friday, December 9, 2016

ကျေးဇူးကန်းသောမျောက် - လင်္ကာကဗျာ ( ၃၁ )


ရှေးသရောခါ ၊ လောင်းလျာဗုဒ္ဓ ၊
“ကာသိက”ဟု ၊ နာမမည်ရာ ၊
ရွာတစ်ရွာ၌ ၊ နေစဉ်ခိုက်ကား ၊
ပုဏ္ဏားမျိုးတွင်ဖြစ်သတည်း ။


ရွာပြင်လမ်းလေး ၊ တောတန်းဘေးတွင် ၊
ကြည်လင်တွင်းရေ ၊ ရှိနေလေငြား ၊
များသတ္တဝါ ၊ သောက်သုံးပါစေ ၊
ရွာသားတို့က ၊ တွင်းမှရေငင် ၊

မြောင်းငယ်တွင်ဖြည့် ၊ နေ့စဉ်ပြုမူ ၊
ကုသိုလ်ယူကြလေသတည်း ။

တစ်နေ့မှာသော် ၊ လောင်တော်ပုဏ္ဏား ၊

ရေတွင်းနားတွင် ၊ ရေငင်နေရာ ၊
တောစပ်မှာလျင် ၊ မျောက်ကိုမြင်၍ ၊
မြောင်းတွင်ရေများ ၊ ထည့်ထားပေးကာ ၊
ဒါနကောင်းမှုပြုသတည်း ။

ထိုသည့်မျောက်လည်း ၊ ရေသောက်ပြီးကား ၊
ပုဏ္ဏားကိုပင် ၊ ကြောက်စေချင်၍ ၊
ရုပ်သွင်ဆိုးစွ ၊ လှောင်ပြောင်ပြရာ ၊
ပုဏ္ဏားမှာလည်း ၊ “ ယုတ်မာသောမျောက် ၊
သင်သောက်ရန်ရေ ၊ ခပ်ပေးလေလည်း ၊
သင်ပဲငါ့အား ၊ လှောင်ခြောက်စားရာ ၊
ယုတ်မာသူကို ၊ ကျေးဇူးပိုငြား ၊
အလကား”ဟု ၊ ညည်းတွားသောခါ ၊

မျောက်မှာခုန်လျက် ၊ ပင်ပေါ်တက်၍ ၊
ကိုင်းထက်ဖျားမှ ၊ ပုဏ္ဏားခေါင်းတွင် ၊
မစင်စွန့်ကာပြေးသတည်း ။


ကျေးဇူးကန်းသောမျောက် = ဒေဝဒတ်လောင်း ။

အနှစ်သာရ
*************
( ၁ ) အားလုံးအပေါ်စေတနာကောင်းထားသင့်သော်လည်း ၊
စေတနာကောင်းနှင့်ထိုက်တန်သူကားနည်းပါးလှသည် ။
( ၂ ) အောက်တန်းကျသောဗာလ ၊ အန္ဓများကိုအရောဝင်ခြင်း ၊
ကူညီခြင်းမပြုသင့် ။ ကျေးဇူးကန်းတတ်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 9 / 12 / 2016 )

No comments:

Post a Comment