Thursday, December 8, 2016

မုဆိုးနှင့်ဆတ်မင်းဇာတ် - လင်္ကာကဗျာ ( ၃၀ )


ရှေးသရောခါ ၊ မြိုင်တောမှာလျင် ၊
လောင်းလျာဗုဒ္ဓ ၊ ဆတ်ဘဝ၌ ၊
ကြုံရဤသို့ဖြစ်သတည်း ။

မုဆိုးသည်ကား ၊ သားကောင်ရှာဖွေ ၊ 

တောလိုက်လေလျင် ၊ ပင် “ယမနေ” ၊ 
အောက်မြေပြင်မှာ ၊ ဆတ်ခြေရာအား ၊
တွေ့မြင်သွားလျက် ၊ အပင်ထက်တွင် ၊
လင့်စင်ထိုး၍စောင့်သတည်း ။

အပင်ရှိရာ ၊ ဆတ်မင်းလာခဲ့ ၊
မုဆိုးလှည့်စား ၊ အသီးများကို ၊
ဆတ်အားပစ်ပေး ၊ ဝေးမှနီးစေ ၊
မျှားခေါ်လေငြား ၊ မုဆိုးအားလျင် ၊
ဆတ်ကမြင်သွားလေသတည်း ။

ဆတ်မင်းဟန်ဆောင် ၊ မမြင်ယောင်ဆင် ၊
“သင်ယမနေ ၊ အသီးကြွေပုံ ၊
ပင်ခြေမှကွာ ၊ ဝေးရာလွင့်စင် ၊
ပင်သဘာဝ ၊ သင်စွန့်မှတော့ ၊
ငါကသင့်အား ၊ စွန့်ထားပြီ”ဟု ၊
မာန်ချီစကား ၊ ပြောဆိုကြားလျက် ၊
ဆတ်မင်းထွက်သွားလေသတည်း ။

မုဆိုးသည်ကား ၊ ဆတ်ထွက်သွားလျင် ၊

မြားနှင့်ချိန်ကိုက် ၊ ပစ်လိုက်လေသော် ၊
လွဲချော်ခဲ့ရ ၊ ဆတ်ကတစ်ဖန် ၊
လှည့်ပြန်ကြည့်ကာ ၊ “ယခုသာပင် ၊
အသင်ငါ့အား ၊ လွဲသွားလေတာ ၊
သံသရာဝဲ ၊ သင်မလွဲနိုင် ၊
ငရဲမုချ ၊ ကျလိမ့်မည်”ဟု ၊
မှတ်ချက်ပြုကာ ၊ ထိုနေရာမှ ၊
ထွက်ခွါပြေးသွားလေသတည်း ။


ဆတ်မင်း = ဗုဒ္ဓလောင်းလျာ ။ မုဆိုး = ဒေဝဒတ် ။
ပင်ယမနေ = ယမနေပင် ။

အနှစ်သာရ
************
( ၁ ) ဆန္ဒစော ၊ စိတ်မရှည်လျင် မှားယွင်း ၊ ဆုံးရှုံးရတတ်သည် ။
( ၂ ) လှည့်စားခြင်းဖြင့် နေရာတိုင်း ၊ အခါတိုင်း၌ မအောင်မြင်နိုင် ။
( ၃ ) အကုသိုလ်အမှု ကို ကာယကံမြောက်မကျူးလွန်မိသော်လည်း
မနောကံမြောက်ကျူးလွန်မိလျင်ပင် ဝဋ်ငရဲမှမလွတ်နိုင် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 8 / 12 / 2016 )

No comments:

Post a Comment