Friday, September 30, 2016

ထူးတင့်သာဆန်း - အချိုးတွဲ ( ၁၁ )


နံနက်ခင်း ရောင်နီပျိုးတော့ ၊
ချိုးငယ်ကတကူကူ ။
အုန်းပင်ပေါ် ဇရက်တွေလည်း ၊
ကက်ကက်လန်ဆူ ။

ရေကန်လယ် ပျားပိတုန်း ကလူလို့ ၊
ပန်းကြာဖြူတဖွေးဖွေး ။
စိမ်းမြရောင် စပါးခင်းကိုတော့ ၊
လင်းနေခြည်ထွေး ။

ဟိုအဝေး တောင်တော်ဦးမယ် ၊
ဖူးပါရထုံးစေတီ ။
လယ်ကွင်းစွန် ခင်တန်းမှာတော့ ၊
ထန်းပင်အစီရီ ။
ဗျိုင်းတစ်အုပ်က တောင်ပံချီ ၊
ညီညာစွာပျံသန်း ။
သဘာဝအလှ ကြည်နူးဘွယ်မို့ ၊
ကြူးရင့်ညံ ယာစခန်းမှာဖြင့် ၊
ထူးတင့်သာဆန်း ။


ဇရက် = ဆက်ရက်ငှက် ။

အောင်နိုင်သူ ( 1 / 9 / 2016 )

ပြန်ခဲ့ပြီငယ်ချစ်ဆီ - အချိုးကဗျာ ( ၃၄ )


မျှော်လေဝေး ၊
ပြန်ရေးကခက်တယ် ။

တွေးကာပူ ၊
ကြင်သူရယ်အထင်လွဲလို့ ၊
ကွဲလိမ့်မယ်ဗျာပါဆင့်ကာ ၊
စိုးထင့်လျက်ကွယ် ။

မေ့နဲ့နော်ချစ်ဦးငယ် ၊
တစ်နယ်ဆီခဏဝေး ။

လွမ်းတော်မူ ၊

မျှော်နေသူရွှေရင်နစ်ပါနဲ့ ၊
ချစ်တဲ့သူမောင့်ငယ်ကျွမ်းဆီ ၊
လှမ်းခဲ့ပြီလေး ။

အောင်နိုင်သူ ( 30 / 9 / 2016 )

ချစ်အဖြေ - အချိုးတွဲ ( ၁၀ )


သူ့မျက်နှာလေးချိုသာ ။
ဆိုစရာအပြစ်ကင်းပါလို့ ၊
ဝင်းပပဖြာ ။
ပါးနှစ်ဘက်ပန်းပဒုမ္မာ ၊
ခန္ဓာကကြော့ဆုံး ။
သူ့ကေသာမဟူရာယှက်တယ် ၊
နက်မှောင်ပိတုန်း ။

ယဉ်ကျေးတယ်သူ့ရဲ့ဝါစာ ။
ပျိုကညာသံချိုနှောလို့ ၊
အပြောကဝေဆာ ။
ဝိုင်းစက်စက်သူ့မျက်နှာ ၊
နံ့သာကိုခြယ်မှုန်း ။
ကွမ်းတော်ကိုင်ထိတ်ထိတ်ကြဲမို့ ၊
ရွာထဲအလှဆုံး ။

မြင်နေခဲ့ရက်ရှည်ကြာ ။
ရွှေရုပ်လွှာကိုမရမကနဲ့ ၊
တောင်းတဝေဒနာ ။
ကျနော့်ဘဝကရောင်ချာချာ ၊
ဥစ္စာမဲ့မောင်ဖုန်း ။

ချစ်အဖြေကိုကြိုသိနေတော့ ၊
နွမ်းအိခွေနုံး ။

အောင်နိုင်သူ ( 30 / 9 / 2016 )

မောင့်သစ္စာတိုင် - တေးထပ် ( ၅ )


ချစ်သမျှကို ဖွင့်ကာပြ ၊
မေတ္တာအလှ ဝေဖြာ ၊
ချစ်သူနှမ ကလျာရယ် ၊
ဆုံးကမ္ဘာ တူမခွဲ ။

ရွှေနဲ့မြ ဂုဏ်ပဏာညီ ၊
နေစန္ဒာ မိုးထက်ဒွန်တွဲ ။

စာဖွဲ့နွဲ့ သစ္စာတိုင်မယ် ၊
ရှစ်ကမ္ဘာခိုင် စဉ်မြဲ ။
ချစ်သဒ္ဓါလှိုင် ဘယ်မလွဲပါကွဲ့ ၊
ရင်ထဲက မေတ္တာ ။
ရွှေစိတ်တော် ဘဝင်ခိုက်စေဖို့ ၊
စဉ်တစိုက် ဖေးမမည်သာ ။

ယှဉ်နှိုင်းမဲ့ ကြင်နာမယ် ၊
ခင်သူဇာ ပစ်မမုန်းနဲ့ ၊
ချစ်ဆုံးမို့ သခင်ငြိုးရန် ၊
စိုးကြောက်ဧကန် ။
ချစ်တေးဖွဲ့ ရွှေဗိမာန်ဆီ ၊
မနှေးအမြန် တူလှမ်းစို့လေး ။

အောင်နိုင်သူ ( 30 / 9 / 2016 )

Wednesday, September 28, 2016

တောင်းဆုပန်ကြား - အချိုးကဗျာ ( ၃၃ )


ဝဿန်ခါ လတော်သလင်းပေမို့ ၊
လယ်ကန်သင်း ကျိုးအောင်ပ ၊
မိုးတွေကရွာ ။

ပူပြန်လျင် မီးပုံတနှုန်းပင် ၊
ပုဇွန်လုံးတွေ သေပျက်ယွင်းအောင် ၊

နေမင်းကဖြာ ။

တို့လယ်ခွင် စပါးပင်ကျိုးအောင် ၊
မငြိုးပါနဲ့ မိုးဒေဝါ ၊
ပျိုးသာပါစေလား ။

တို့ယာတပြင် စားပင်မငြိုးအောင် ၊
တိုးမပူပါနဲ့ သူရိန်မင်းရယ် ၊ 

ဆင်းရဲသူမို့ ညှာတာကွယ် ၊
ဒေဝါကို အရိုသေပြုပါ့မယ် ၊
ကောင်းမှု မှန်တရားရယ်နဲ့ ၊
တောင်းဆုပန်ကြား ။

အောင်နိုင်သူ ( 29 / 9 / 2016 )

လွမ်းနှစ်ပတ်လည် - ရတု ( ၁ )


   
ဟောင်းရွက်ညှာကြွေ..... မြေမှာဝေ၍ ၊ သည်နွေမာသ ၊
ပူသည့်လတွင် ၊ မြူထမင်းလွင် ၊ လေရူးနှင်သည် ၊
ချစ်ခင်သူဝေး ၊ ဟိုသည်ငေးရင်း ၊ ငှက်ကျေးအော်သံ ၊
ကြူးကြော်ညံဆင့် ၊ ဝဲပျံစီးမျော ၊ အတိတ်တောမှာ ၊
လှိုက်မောတွေဝေ ၊ ချစ်သူဆွေကို ၊ ရှာဖွေမှန်းဆ ၊
မျှော်တမ်းတကာ ၊ နေ့ညမနေ ၊ အလွမ်းစေရင်း ၊
သည်နွေလွတ်ကင်း ၊ ဝဿန်ချဉ်း၍ ၊ မိုးမင်းအမြန် ၊
သည်းသည်းထန်စွာ ၊ ဖန်ဖန်ရွာရေး ၊ 
ဆုပန်တေးကို.....သီကြွေးမောင့်မှာတမ်းတသည် ။

နှောင်းပျက်ခါနွေ.....မုတ်သုန်လေလာ ၊ မိုးစွေရွာချ ၊
မှိုင်းမှုန်ပြပြ ၊ မာဃစစ်ဆင် ၊ အားမာန်တင်ကာ ၊
လျှပ်ဆင်လဲ့ဖွေး ၊ ခြိမ်းသံပေး၍ ၊ မြည်ကြွေးကျူးညံ ၊
ထက်ဝေယံကား ၊ တိမ်လျှံရွေ့လျော ၊ လွင့်ပါးမျောပါ ၊
သောသောရွာစွေ ၊ မိုးစက်ရေတို့ ၊ တောခြေသို့ခ ၊
တစစနှင့် ၊ စီးကျတွေတွေ ၊ ချောင်းတွင်ရေလျှံ ၊
တောင်လေကပြင်း ၊ တိုက်ခတ်ခြင်းကြောင့် ၊ ဖေါ်ကင်းထီးကျန် ၊
လွမ်းစိတ်သန်ကာ ၊ ဟေမန်မနှေး ၊
ရောက်ကာအေးဖို့ .....သည်အတွေးနှောင့်ဖြာလွမ်းရသည် ။

ဆောင်းရက်မှာဝေ......မြူမှုန်ငွေနှင်း ၊ ဝဲကြွေမြေခ ၊
ဖြူလွလွသွင် ၊ မှန်းဆဖေါ်ကြင် ၊ ဘယ်မမြင်ငြား ၊
မောင့်ရင်မှာဆွေး ၊ လွမ်းဘွယ်တေးကို ၊ သီရွေးစီမံ ၊
စောင်းတော်သံနှင့် ၊ ပေါင်းနှံမွှေနှော ၊ ဂီတကြောတွင် ၊
နစ်မျောစိတ်ဖြေ ၊ မောင့်ဋ္ဌာနေနှင့် ၊  ချစ်ဆွေငယ်လှ ၊
မောင့်နှမကို ၊ လွမ်းရမပြေ ၊ နှင်းတွေဝေ၍ ၊
ချမ်းနေရင်တွင်း ၊ တညှင်းညှင်းမို့ ၊ ဆောင်းယွင်းဂိမှန် ၊
နောက်တစ်ဖန်ဖြင့် ၊ ရောက်ပြန်မနှေး ၊
နွေးကာထွေးရန်.....ရည်တွေးစောင့်ကာမှန်းဆသည် ။

အောင်နိုင်သူ  ( 28 / 9 / 2016 )

Monday, September 26, 2016

Post - လမ်းညွှန်


Current  page ( လက်ရှိစာမျက်နှာ ) ၏အောက်ဆုံးရှိ Older  post  ကို Click  ၍ (အရင်တင်ထားသောကဗျာများ ) ကိုဖတ်ရှုနိုင်ပါသည် ။  ( သို့မဟုတ် )   Current
page  ၏ ယာဘက်ရှိ  Blog  Archive  အောက်မှဖတ်လိုသောကဗျာခေါင်းစဉ်ကို
Click  ၍လည်းရွေးချယ်ဖတ်ရှုနိုင်ပါသည် ။ ဝင်ရောက်ဖတ်ရှုသည့်အတွက်ကျေးဇူး
အထူးတင်ရှိပါသည် ။

[ အောင်နိုင်သူ ]