Saturday, December 10, 2016

တောပန်းတို့သံသရာ - အချိုးတွဲ ( ၂၁ )


တောမြိုင်တွင်းမှာ ၊
ဝေဆာလို့လန်း ။...
ငုံဖူးကာ ရောင်စုံပွင့်တယ် ၊
ထူးတင့်သည့်ပန်း ။

ထူးတင့်မွှေးကြူ ၊
ချူသူကရှား ။
ခရီးကွာ လူသူမမွေ့တော့ ၊

တွေ့ဖို့ခက်သား ။

တွေ့ဖို့ခက်ကာ ၊
လိပ်ပြာကနမ်း ။
အချိန်တန် တောပန်းငယ်ဘဝ ၊

ကြွေကျလို့နွမ်း ။

ကြွေကျပါစေ ၊

ဝေမကွဲ့ငုံဖူး ။
မိုးသောက်မှာ တစ်ခါတင့်မယ် ၊
ပန်းပွင့်သစ်ထူး ။

ပန်းပွင့်သစ်ဖြာ ၊

နေခြည်မှာလန်း ။
သံသရာလည် မမောနိုင်ပါ့ ၊

တောမြိုင်ကပန်း ။

တောမြိုင်တွင်းမှာ ၊

ဝေဆာလို့လန်း ။
ဖူးငုံကာ ရောင်စုံပွင့်တယ် ၊
ထူးတင့်သည့်ပန်း ။

အောငိနိုင်သူ ( 11 / 12 / 2016 )

Friday, December 9, 2016

ကျေးဇူးကန်းသောမျောက် - လင်္ကာကဗျာ ( ၃၁ )


ရှေးသရောခါ ၊ လောင်းလျာဗုဒ္ဓ ၊
“ကာသိက”ဟု ၊ နာမမည်ရာ ၊
ရွာတစ်ရွာ၌ ၊ နေစဉ်ခိုက်ကား ၊
ပုဏ္ဏားမျိုးတွင်ဖြစ်သတည်း ။


ရွာပြင်လမ်းလေး ၊ တောတန်းဘေးတွင် ၊
ကြည်လင်တွင်းရေ ၊ ရှိနေလေငြား ၊
များသတ္တဝါ ၊ သောက်သုံးပါစေ ၊
ရွာသားတို့က ၊ တွင်းမှရေငင် ၊

မြောင်းငယ်တွင်ဖြည့် ၊ နေ့စဉ်ပြုမူ ၊
ကုသိုလ်ယူကြလေသတည်း ။

တစ်နေ့မှာသော် ၊ လောင်တော်ပုဏ္ဏား ၊

ရေတွင်းနားတွင် ၊ ရေငင်နေရာ ၊
တောစပ်မှာလျင် ၊ မျောက်ကိုမြင်၍ ၊
မြောင်းတွင်ရေများ ၊ ထည့်ထားပေးကာ ၊
ဒါနကောင်းမှုပြုသတည်း ။

ထိုသည့်မျောက်လည်း ၊ ရေသောက်ပြီးကား ၊
ပုဏ္ဏားကိုပင် ၊ ကြောက်စေချင်၍ ၊
ရုပ်သွင်ဆိုးစွ ၊ လှောင်ပြောင်ပြရာ ၊
ပုဏ္ဏားမှာလည်း ၊ “ ယုတ်မာသောမျောက် ၊
သင်သောက်ရန်ရေ ၊ ခပ်ပေးလေလည်း ၊
သင်ပဲငါ့အား ၊ လှောင်ခြောက်စားရာ ၊
ယုတ်မာသူကို ၊ ကျေးဇူးပိုငြား ၊
အလကား”ဟု ၊ ညည်းတွားသောခါ ၊

မျောက်မှာခုန်လျက် ၊ ပင်ပေါ်တက်၍ ၊
ကိုင်းထက်ဖျားမှ ၊ ပုဏ္ဏားခေါင်းတွင် ၊
မစင်စွန့်ကာပြေးသတည်း ။


ကျေးဇူးကန်းသောမျောက် = ဒေဝဒတ်လောင်း ။

အနှစ်သာရ
*************
( ၁ ) အားလုံးအပေါ်စေတနာကောင်းထားသင့်သော်လည်း ၊
စေတနာကောင်းနှင့်ထိုက်တန်သူကားနည်းပါးလှသည် ။
( ၂ ) အောက်တန်းကျသောဗာလ ၊ အန္ဓများကိုအရောဝင်ခြင်း ၊
ကူညီခြင်းမပြုသင့် ။ ကျေးဇူးကန်းတတ်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 9 / 12 / 2016 )

Thursday, December 8, 2016

မုဆိုးနှင့်ဆတ်မင်းဇာတ် - လင်္ကာကဗျာ ( ၃၀ )


ရှေးသရောခါ ၊ မြိုင်တောမှာလျင် ၊
လောင်းလျာဗုဒ္ဓ ၊ ဆတ်ဘဝ၌ ၊
ကြုံရဤသို့ဖြစ်သတည်း ။

မုဆိုးသည်ကား ၊ သားကောင်ရှာဖွေ ၊ 

တောလိုက်လေလျင် ၊ ပင် “ယမနေ” ၊ 
အောက်မြေပြင်မှာ ၊ ဆတ်ခြေရာအား ၊
တွေ့မြင်သွားလျက် ၊ အပင်ထက်တွင် ၊
လင့်စင်ထိုး၍စောင့်သတည်း ။

အပင်ရှိရာ ၊ ဆတ်မင်းလာခဲ့ ၊
မုဆိုးလှည့်စား ၊ အသီးများကို ၊
ဆတ်အားပစ်ပေး ၊ ဝေးမှနီးစေ ၊
မျှားခေါ်လေငြား ၊ မုဆိုးအားလျင် ၊
ဆတ်ကမြင်သွားလေသတည်း ။

ဆတ်မင်းဟန်ဆောင် ၊ မမြင်ယောင်ဆင် ၊
“သင်ယမနေ ၊ အသီးကြွေပုံ ၊
ပင်ခြေမှကွာ ၊ ဝေးရာလွင့်စင် ၊
ပင်သဘာဝ ၊ သင်စွန့်မှတော့ ၊
ငါကသင့်အား ၊ စွန့်ထားပြီ”ဟု ၊
မာန်ချီစကား ၊ ပြောဆိုကြားလျက် ၊
ဆတ်မင်းထွက်သွားလေသတည်း ။

မုဆိုးသည်ကား ၊ ဆတ်ထွက်သွားလျင် ၊

မြားနှင့်ချိန်ကိုက် ၊ ပစ်လိုက်လေသော် ၊
လွဲချော်ခဲ့ရ ၊ ဆတ်ကတစ်ဖန် ၊
လှည့်ပြန်ကြည့်ကာ ၊ “ယခုသာပင် ၊
အသင်ငါ့အား ၊ လွဲသွားလေတာ ၊
သံသရာဝဲ ၊ သင်မလွဲနိုင် ၊
ငရဲမုချ ၊ ကျလိမ့်မည်”ဟု ၊
မှတ်ချက်ပြုကာ ၊ ထိုနေရာမှ ၊
ထွက်ခွါပြေးသွားလေသတည်း ။


ဆတ်မင်း = ဗုဒ္ဓလောင်းလျာ ။ မုဆိုး = ဒေဝဒတ် ။
ပင်ယမနေ = ယမနေပင် ။

အနှစ်သာရ
************
( ၁ ) ဆန္ဒစော ၊ စိတ်မရှည်လျင် မှားယွင်း ၊ ဆုံးရှုံးရတတ်သည် ။
( ၂ ) လှည့်စားခြင်းဖြင့် နေရာတိုင်း ၊ အခါတိုင်း၌ မအောင်မြင်နိုင် ။
( ၃ ) အကုသိုလ်အမှု ကို ကာယကံမြောက်မကျူးလွန်မိသော်လည်း
မနောကံမြောက်ကျူးလွန်မိလျင်ပင် ဝဋ်ငရဲမှမလွတ်နိုင် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 8 / 12 / 2016 )

Wednesday, December 7, 2016

သမ္ဗုလာဇာတ် - လင်္ကာကဗျာ ( ၂၉ )


လောင်းတော်ရှင်မြတ် ၊“ ဗြဟ္မဒတ်”ဟု ၊
ပညတ်နာမ ၊ မင်းဘဝတွင် ၊  
ပြည်ခွင်တိုင်းကို ၊ ဝိုင်းဝန်းခြံရံ ၊
အိမ်ရှေ့စံကား ၊ သားလှဖြစ်ဘိ ၊
“သောတ္ထိသေန”ခေါ်သတည်း ။

“သောတ္ထိသေန” ၊ ကြုံရရောဂါ ၊
အနာကြီးစွဲ ၊ တောထဲရှောင်ရှား ၊
ထွက်သွားသောခါ ၊ “သမ္ဗုလာ”မည် ၊
ကြင်ရာသည်လည်း ၊ မခွဲကြည်ဖြူ ၊
အတူလိုက်ပါလေသတည်း ။


“သမ္ဗုလာ”ကား ၊ လင်သားပေါ်တွင် ၊
ယုယကြင်နာ ၊ မရွံရှာပဲ ၊

ကောင်းစွာကြည့်ရှု ၊ ပြုစုလုပ်ပေး ၊
ရှာကြံကျွေးကာ ၊ ချစ်မေတ္တာနှင့် ၊
သစ္စာမပျက်နေသတည်း ။

တစ်နေ့သောခါ ၊ “သမ္ဗုလာ”မေ ၊
သစ်သီးဖွေရှာ ၊ ပြန်အလာတွင် ၊
“ဒါနော”ဘီးလူး ၊ ရမက်ကျူးကာ ၊
“သမ္ဗုလာ”ကို ၊ ပေါင်းဖေါ်လိုလျက် ၊
လက်ဆွဲရမ်းကားလေသတည်း ။

မယ် “သမ္ဗုလာ” ၊ မတတ်သာ၍ ၊
သမ္မာဒေဝ ၊ မ-စစေလို ၊
သစ္စာဆိုရာ ၊ မာဃသိကြား ၊
ဘီလူးအားလျင် ၊ ချုပ်ထားခြေလက် ၊

ချောက်နက်ထဲသို့ချသတည်း ။

“သမ္ဗုလာ”မေ ၊ အိမ်ရောက်လေရာ ၊
ချိန်ခါနောက်ကျ ၊ ရောက်လာရပုံ ၊
အလုံးစုံအား ၊ လင်သားကိုပင် ၊
ရှင်းပြလျင်မူ ၊ လင်ကိုယ်တိုင်လည်း ၊
ယုံနိုင်ခဲအောင်ဖြစ်သတည်း ။

ထိုသည့်အခါ ၊ “သမ္ဗုလာ”ကား ၊
အိုးအားရေထည့် ၊ ရှေ့တည့်တည့်မှာ ၊
သစ္စာတိုင်ပြ ၊ အိုးထဲကရေ ၊
“သောတ္ထိသေန” ၊ ခေါင်းပေါ်မှပင် ၊

လောင်းချလေရာ ၊ မင်းသားမှာလည်း ၊
အနာစင်ကင်း ၊ ရှင်းရှင်းပျောက်သော် ၊

ပြည်တော်ပြန်ကြလေသတည်း ။
သောတ္ထိသေန = ကောသလမင်း ။ သမ္ဗုလာ = ကောသလမင်း၏
မိဖုရား - မလ္လိတာ ။

အနှစ်သာရ
************
( ၁ ) သစ္စာမြဲသူကို နတ်လူအများချစ်ခင်ကြသည် ။
( ၁ ) သစ္စာတရားသည် အောင်မြင်ရာဖြစ်သည် ။
( ၂ ) ဂတိသစ္စာတည်သောအခါ ၊ နွယ်မြက်သစ်ပင်နှင့်ရေပင်ဆေးဘက်ဝင်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 7 / 12 / 2016 )

Monday, December 5, 2016

ကျေးမင်းဇာတ်တော် - လင်္ကာကဗျာ ( ၂၈ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါတွင်း ၊
ကျေးမင်းဖြစ်ခိုက် ၊ ကျေးတစ်သိုက်အား ၊
ဦးဆောင်သွား၍ ၊ ပုဏ္ဏားလယ်တွင် ၊
ဝင်ကာဟစ်အော် ၊ တပျော်တပါး ၊ 

ဖွေရှာစားလေ့ရှိသတည်း ။

စားသောက်ပြီးက ၊ ဋ္ဌာနပြန်ရာ ၊

ကျေးမင်းမှာကား ၊ စပါးကောက်နှံ ၊
ကိုက်ကာပျံလေ့ရှိသတည်း ။

ဤသို့သာလျင် ၊ နေ့စဉ်မြင်ငြား ၊
လယ်လုပ်သားလေး ၊ ထိုကျေးမင်းကို ၊

ကျော့ကွင်းထောင်ကာဖမ်းသတည်း ။

လောင်းတော်ကျေးမင်း ၊ ကျော့ကွင်းမိလျင် ၊
“ အသင်ကျေးသား ၊ ကောက်စပါးကို ၊
သယ်သွားသည်မှာ ၊ ဘာကြောင့်များ”ဟု ၊
ပုဏ္ဏားမေး၍ ၊ ကျေးမင်းခမျာ ၊
မှန်ရာမသွေ ၊ ဖြေလေသည်ကား ၊
“သယ်ယူသွားသည့် ၊ စပါးသလေး ၊

ကြွေးဟောင်းဆပ်ကာ ၊ ကြွေးသစ်ပါချ ၊
မြေမှာရွှေအိုး ၊ အကျိုးရှိရေး ၊
မြှုပ်ပေးသည်”ဟုဖြစ်သတည်း ။

လယ်ရှင်ပုဏ္ဏား ၊ ထိုစကားရင်း ၊
ရှင်းလင်းစေရာ ၊ ကျေးမင်းမှာလည်း ၊
“နှစ်ဖြာမိဘ ၊ လုပ်ကျွေးကြလျင် ၊ 

ခေါ်တွင်ကြွေးဟောင်း ၊ ဆပ်ကြောင်းမှန်စွာ ၊
တစ်ဖြာသားရေး ၊ သမီးမြေးကို ၊
လုပ်ကျွေးခြင်းက ၊ ကြွေးသစ်ချသည် ၊

ခေါ်ကြစဉ်လာဖြစ်သတည်း” ။

“မြေမှာရွှေအိုး ၊ မြှုပ်ဆိုရိုးကား ၊
ပွါးများကုသိုလ် ၊ ရယူလိုပြီး ၊
သက်ကြီးရွယ်အို ၊ သူထိုထိုအား ၊
သနားဖေးကူ ၊ ပေးလှူခြင်း”ဟု ၊
ရှင်းပြလေရာ ၊ ပုဏ္ဏားမှာကား ၊

ကျေးမင်းအားလျင် ၊ “အသင်ကျေးမင်း ၊
သင့်စိတ်ရင်းသည် ၊ ကောင်းခြင်းကြီးစွာ ၊

ပြည့်စုံပါ၍ ၊ နောင်ခါလိုတိုင်း ၊
မဆိုင်းလာရောက် ၊ ကောက်နှံစပါး ၊
စားသုံးပြီးက ၊ လိုသမျှပင် ၊
ယူငင်ပါ”ဟု ၊ ပြောကာချက်ချင်း ၊

ကျေးမင်းကိုလျင်လွှတ်သတည်း ။

အနှစ်သာရ
************
( ၁ ) မိဘလုပ်ကျွေးသူကို လူအများကချစ်ခင်နှစ်သက်ကြ၍အသက်
ဘေးမှလည်းလွတ်မြောက်တတ်၏ ။
( ၂ ) လူတို့သည်လည်း ကြွေးဟောင်းဆပ်ခြင်း ၊ ကျွေးသစ်ချခြင်း ၊
ရွှေအိုးမြှုပ်နှံခြင်းတို့ကိုကောင်းစွာပြုသင့်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 6 / 12 / 2016 )

ပန်းများကတော့ပွင့်နေမည် - သံပေါက် ( ၇ )


တစ်ပွင့်နှစ်ပွင့် ခရေပွင့် ၊
လွင့်လွင့်ကြွေကြွေ မြေမှာဝေ ၊ 
ချွေလည်းလန်းဆန်း မွှေးသည့်ပန်း ၊
နန်းမထိုက်လည်းပွင့်နေသည် ။

တစ်ခိုင်နှစ်ခိုင် နှင်းဆီခိုင် ၊
လှိုင်လှိုင်ဆူးရံ သူ့ရိုးတံ ၊
စံသည်ရွှေနန်း တော်ဝင်ပန်း ၊

မြန်းသူဆင်သူပေါလှသည် ။

တစ်ကုံးနှစ်ကုံး စံပယ်ကုံး ၊
ထုံးဖွဲ့ကေသာ ပန်ဆင်တာ ၊
မာလာရောင်ဖွေး ကြူကြူမွှေး ၊

ထွေးကာယုယကြိုက်ကြသည် ။

တစ်ခက်နှစ်ခက် သဇင်ခက် ၊
ထက်ပင်ယံမှာ ဝေဝေဆာ ၊
ရာသီဆောင်းတွင်း ရနံ့သင်း ၊

နှင်းနှင့်အတူချစ်ကြသည် ။

တစ်ဆုပ်နှစ်ဆုပ် ပင်မှာအုပ် ၊
ထုပ်လို့သာလန်း စက္ကူပန်း ၊
ဆန်းပြားထွေထူး ရောင်စုံမြူး ၊
ခူးသူဆင်သူကင်းလှသည် ။

ဟိုပန်းသည်ပန်း လှိုင်ကာလန်း ၊
နန်းထိုက်ပါစေ မထိုက်နေ ၊

ရေမြေလေနှင့် ပန်းတိုင်းတင့် ၊
ဆင့်ဆင့်ကာသာပွင့်နေမည် ။


အောင်နိုင်သူ ( 6 / 12 / 2016 )

ဒီဇင်ဘာကဗျာများ - အချိုးကဗျာ ( ၆၈ )


သည်ရင်မှာ တစ်ခါချစ်မိ၍ ၊
ဒီဇင်ဘာ ကဗျာဖြစ်ရလည်း ၊ 
ပြစ်ဖွဲ့လို့မဆိုချင် ။

ချမ်းပါစေ တစ်ကိုယ်တည်းပေမဲ့ ၊
လွမ်းစာတွေ ဆိုဆဲပါပဲ ၊
ရင်ထဲကခင် ။

မကြင်နာ လေနှယ်ယိမ်းပါလို့ ၊
တမင်ခွါ သွေဖယ်တိမ်းလေတဲ့ ၊
စိမ်းသူရေ မောင့်ဖြစ်အင်ကို ၊
သခင်သိပါ့မလား ။


နှင်းဖြာဝေ လွှမ်းခြုံကဲ၍ ၊
ညှင်းပါစေ လွမ်းယုံပဲမို့ ၊
လမ်းဆုံမှာ ရင်တထင့်ထင့်နဲ့ ၊

မျှော်လင့်စောင့်စား ။

အောင်နိုင်သူ ( 5 / 12 / 2016 )