Sunday, December 4, 2016

မိဂမာယာ - လင်္ကာကဗျာ ( ၂၇ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
ဟိမဝန္တာ ၊ မြိုင်ဟေမာတွင် ၊
သမင်ကြီးကဲဖြစ်သတည်း ။

သမင်နှမ ၊ သားလှကိုလျင် ၊
သမင်ကြီးထံ ၊ အပ်နှံပြီးက ၊
မိဂမာယာ ၊ တတ်ပညာအား ၊
သင်ကြားစေခဲ့လေသတည်း ။

သမင်ငယ်ကား ၊ ဇွဲမာန်အားနှင့် ၊
ကြိုးစားသင်ကာ ၊ ပညာစုံသော် ၊

တော၌ပျော်ပါး ၊ အစာစားရင်း ၊
ကျော့ကွင်းထောင်ချောက်မိသတည်း ။

သမင်ပေါက်ငယ် ၊ ကြောက်စိတ်မရှိ ၊
မိဂမာယာ ၊ တတ်ပညာဖြင့် ၊
လျှာကိုထုတ်လျက် ၊ ခြေလက်တောင့်ယောင် ၊

သေဟန်ဆောင်ကာနေသတည်း ။

ကျော့ကွင်းထောင်သူ ၊ မုဆိုးမူကား ၊
သမင်အားလျင် ၊ သေပြီးထင်၍ ၊
မဆင်ချင်ပဲ ၊ ကျော့ကွင်းထဲမှ ၊

ဖြုတ်ချထားလျက် ၊ အမဲဖျက်မည် ၊
ကြံစည်လေရာ ၊ သမင်မှာလည်း ၊
ခွင့်ခါကောင်းကို ၊ ချောင်းကာမနှေး ၊
ထွက်ပြေးလွတ်မြောက်သွားသတည်း ။




မိဂ = သမင် ။ မာယာ = လှည့်ပတ်ဖြားယောင်းခြင်း ။
မိဂမာယာ = သမင်တို့၏နည်းပရိယာယ် ။

အနှစ်သာရ
************
( ၁ ) သင်အပ်သောပညာကိုသင်ယူထားလျင်အသက်မွေးဝမ်း
ကြောင်းပြုနိုင်၍ အသက်ကိုပင်ကာကွယ်နိုင်သည် ။
( ၂ ) မိမိအလုပ်ကို စနစ်တကျ စစ်ဆေးစိစစ်ခြင်းမရှိပဲ ပေါ့လျော့
စွာလုပ်ကိုင်လျင် ရပြီးသား အကျိုးစီးပွါးပင်ပျက်စီးသွားတတ်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 5 / 12 / 2016 )

ကာရန်ကဗျာ - လင်္ကာကဗျာ ( ၂၆ )


“ကဝီဟိ ဗန္ဓိတဗ္ဗန္တိ ကဗျံ”
ပညာရှိများ ၊ ဖွဲ့ဆိုထားသော ၊
စကားလင်္ကာ ၊ အရာရာကို ၊
ကဗျာအမည်ခေါ်တွင်သည် ။

“ကဝီနံ ဣဒန္တိ ကဗျံ”
ပညာရှိများ ၊ ရေးသားထား၍ ၊
စကားလင်္ကာ ၊ ထိုကဗျာကား ၊
ဥစ္စာအဖိုးတန်ဖြစ်ပါသည် ။

ကာရန်ရသ ၊ အဓမ္မနှင့် ၊

ဖေါင်းပွစကား ၊ ရောထွေးများက ၊
အင်အားချိစွာ ၊ ထိုသည့်စာလည်း ၊
ကဗျာမပီဖြစ်တတ်သည် ။

မြန်မာသဒ္ဒါ ၊ အလင်္ကာနှင့် ၊
မှတ်ရာမှတ်ဖွယ် ၊ အသွယ်သွယ်ကို ၊
ရင်ဝယ်သိုထား ၊ ရေးဖွဲ့ငြားမှ ၊
အင်အားထပ်လောင်း ၊ စုကာပေါင်းသည့် ၊
စာကောင်းကဗျာဖြစ်ပါမည် ။

အောင်နိုင်သူ ( 26 / 7 / 2016 )

Saturday, December 3, 2016

သိင်္ဂိလငှက်ဇာတ်တော် - လင်္ကာကဗျာ ( ၂၅ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
“သိင်္ဂိလ”ငှက် ၊ ဘဝမှာလျင် ၊
သစ်တစ်ပင်ထက် ၊ သိုက်ဆောက်လျက်သာ ၊

နေထိုင်လာခဲ့လေသတည်း ။

တစ်နေ့သောခါ ၊ မိုးသည်းရွာစဉ် ၊
ငှက်မှာသိုက်တွင်း ၊ ခိုလှုံရင်းနှင့် ၊

ရေဖြင့်ရွှဲစို ၊ မျောက်ကိုမြင်ရာ ၊
စာနာကြံဉာဏ်ပေးသတည်း ။

“သင်နှင့်လူမှာ ၊ တူလှတာမို့ ၊
အိမ်ရာတည်ထား ၊ နေပါလား”ဟု ၊

ပြောကြားလိုက်လျင် ၊ မျောက်မိုက်သည်ကား ၊
ဒေါသပွါးလျက် ၊ ငှက်သိုက်ကိုပါ ၊
မလိုစွာနှင့် ၊ ရန်ရှာမုန်းတီး ၊
ဖျက်ဆီးပစ်လိုက်လေသတည်း ။

အနှစ်သာရ
*************
( ၁ ) အသိဉာဏ်နည်းမိုက်မဲသူကိုနည်းပေးလမ်းပြသော်လည်း
အရာမထင်တတ် ။
( ၂ ) နည်းပေးလမ်းပြသူကိုပင် စော်ကားရန်မူတတ်၏ ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 3 / 12 / 2016 )

Friday, December 2, 2016

မာန်တက်သောလှံခုန်ဆရာ - လင်္ကာကဗျာ ( ၂၄ )


ဗုဒ္ဓလောင်းလျာ ၊ နုစဉ်ခါက ၊
ဆရာထံတွင် ၊ ပညာသင်ကြား ၊
တပည့်သားတစ်ဦးဖြစ်သတည်း ။

ဆရာပညာ ၊ ပြသရာတွင် ၊
လှံမှာလေးစင်း ၊ ခုန်နိုင်ခြင်းသာ ၊
တတ်ကျွမ်းရှာသူဖြစ်သတည်း ။

တစ်နေ့သောခါ ၊ ရွာတစ်ရွာ၌ ၊
ပညာစွမ်းစ ၊ လှံခုန်ပြလို ၊
လှံကိုငါးစင်းထောင်သတည်း ။

တပည့်မနေ ၊ တားလေသည်ကား ၊
“ငါးစင်းလှံမှာ ၊ ဆရာမပိုင် ၊
မနိုင်ပဲနှင့် ၊ မခုန်သင့်”ဟု ၊
ချင့်ကာတန်တန်တားသတည်း ။

အရက်မူးကာ ၊ လှံဆရာကား ၊
ပညာမာန်ဆင့် ၊ မထီဝင့်ကြွား ၊
တပည့်တားလည်း ၊ နားပင်မခံ ၊
ငါးစင်းလှံကိုခုန်သတည်း ။

လှံလေးစင်းအား ၊ ကျော်ဖြတ်လွှားလည်း ၊
ငါးစင်းလှံ၌ ၊ ရင်ဝစိုက်ကာ ၊
ဆရာမိုက်ကား ၊ တစ်ချက်မှား၍ ၊

သေသွားရရှာလေသတည်း ။

အနှစ်သာရ
*************
( ၁ ) ဆရာ ၊ တပည့် ၊ ကြီးသူ ၊ ငယ်သူ မည်သူ့စကားပင်ဖြစ်ပါစေ
မှန်သောစကားကိုနားထောင်လက်ခံသင့်၏ ။
( ၂ ) ပညာမာန်တက်လျင်မှား၍ကျဆုံးတတ်သည် ။
( ၃ ) မိမိသက်မွေးဝမ်းကြောင်းအလုပ်လုပ်နေစဉ်အရက်သေစာ
မသောက်သုံးသင့် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 2 / 12 / 2016 )

မေမေ့သားလေးအိပ်တော့မယ် - ပုခက်လွှဲချင်း ( ၃ )


လယ်ကွင်းပြင်ပေါ် ၊ ဗျိုင်းတွေပျော် ၊
ကြူးကြော်ငှက်ကျေး ၊ သံစုံတေး ၊
ယီးလေလေ့ … ယီးလေလေး ။


ချိုးငှက်နှစ်ဖြာ ၊ ပင်ယံမှာ ၊
သံသာချိုအေး ၊ ကူနေသေး ၊
ယီးလေလေ့… ယီးလေလေး ။


ဝဝတုတ်တုတ် ၊ ခွေးဖြူဒုတ် ၊
ဝုတ်ဝုတ်သံပေး ၊ ဟောင်ကာပြေး ၊
ယီးလေလေ့ … ယီးလေလေး ။

အိမ်ကိုလူဝင် ၊ တွေ့ပြန်လျင် ၊

မေးချင်ရာမေး ၊ ကြက်တူရွေး ၊
ယီးလေလေ့ … ယီးလေလေး ။

ပူစီရွှေဝါ ၊ ညောင်ညောင်သာ ၊

ခြေမှာရှုပ်ထွေး ၊ အော်ပြန်သေး ၊
ယီးလေလေ့ … ယီးလေလေး ။

အော်သံတွေရယ် ၊ တိတ်တော့ကွယ် ၊
အိပ်မယ်အေးဆေး ၊ မယ့်ရင်သွေး ၊
ယီးလေလေ့ … ယီးလေလေး ၊
ယီးလေလေ့ … ယီးလေလေး ။

အောင်နိုင်သူ ( 2 / 12 / 2016 )

Thursday, December 1, 2016

ပြန်ခဲ့မှာလား - အချိုးကဗျာ ( ၆၇ )


ဒီဇင်ဘာ ဟောသည်ဆောင်းက ၊
ဟောင်းနိုင်ဘူးကွယ် ။

ငွေဇာလွှာ နှင်းတွေကျရင် ၊
လွမ်းလှပါတယ် ။

အေးလွန်းလို့ ချမ်းရော့မယ် ၊
မင်းဘယ်မှာခိုနား ။

ဘုရားကျောင်း ခရစ္စမတ်ညကို ၊
သတိတရ ခြေဦးလှည့်လို့ ၊
ပြန်ခဲ့မှာလား ။

အောင်နိုင်သူ  ( 2 / 12 / 2016 )

ဂိရိဒတ္တဇာတ် - လင်္ကာကဗျာ ( ၂၃ )


တိုင်းပြည်ဗာရာ ၊ “သာမ”ဘုရင် ၊
အုပ်စိုးလျင်ကား ၊ ဘုရားလောင်းလျာ ၊
ပညာရှိအမတ်ဖြစ်သတည်း ။

ဘုရင့်ထံမှာ ၊ မင်္ဂလာမြင်း ၊
မည်ရင်းနာမ ၊ “ပဏ္ဍဝ”အား ၊

မွေးထားချိန်ကြာ ၊ ကြီးပြင်းလာလျင် ၊ 
မြင်းထိန်းရှင်သည် ၊ ခြေခွင်ရှိသော ၊
“ဂိရိဒတ္တ”ဖြစ်သတည်း ။

“ဂိရိဒတ္တ” ၊ ရှေ့ကအမြဲ ၊

မြင်းကိုဆွဲကာ ၊ သွားသောခါတွင် ၊
မြင်းမှာသူ့အား ၊ သင်ကြားပေးသည် ၊
စွဲမှတ်ရည်လျင် ၊ ခြေခွင်ပြီးသာ ၊

နောက်ကပါလျက်ရှိသတည်း ။

“ပဏ္ဍဝ”မြင်း ၊ ခြေခွင်ခြင်းကို ၊
မင်းဘုရင်မြတ် ၊ မြင်လတ်သောခါ ၊

ဆေးဆရာနှင့် ၊ စစ်ပါသော်လည်း ၊
သဲကွဲမသိ ၊ ဖြေမရှိ၍ ၊
ကဝိအမတ်အားမေးသတည်း ။

ကဝိဆရာ ၊ ဖြေရှာခြင်းဖြင့် ၊

မြင်းထိန်းခြေခွင် ၊ မြင်းကမြင်၍ ၊
သင်ယူတုခိုး ၊ အတတ်ဆိုးဟု ၊ 

ကြောင်းကျိုးဆက်စပ် ၊ သိအပ်လေငြား ၊
မြင်းထိန်းအားလျင် ၊ လူစားလဲရာ ၊
မြင်းမှာပုံမှန် ၊ သဏ္ဌာန်ပြောင်းကာ ၊ 
မြင်းကောင်းပြန်ဖြစ်လေသတည်း ။

ပညာရှိအမတ် = ဗုဒ္ဓလောင်းလျာ ။ 

မြင်းထိန်း ဂိရိဒတ္တ = ဒေဝဒတ် ။

အနှစ်သာရ
( ၁ ) လူ ၊ သတ္တဝါတို့သည်အတုမြင်အတတ်သင်လေ့ရှိသည် ။
( ၂ ) ကောင်းမွန်ပြည့်စုံသောအတတ်ပညာကိုသာသင်ယူအတု
ခိုးအပ်သည် ။

ကိုးကား ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။

အောင်နိုင်သူ ( 1 / 12 / 2016 )