Thursday, November 17, 2016

ပျားပိတုန်းလိပ်ပြာပန်းကြာအိုင် - အချိုးကဗျာ ( ၆၁ )


နန်းမဟာဂနိုင်အတွင်းမှာလ ၊
ပန်းကြာအိုင်တစ်ခင်းရယ်က ၊
ဆင်းရောင်သွေးလှပါနိုင် ။

ညင်းလေငယ်အနှံ့ထွေးလေတော့ ၊
သင်းပေတယ်ရနံ့လေးရယ်က ၊

မွှေးပါလို့လှိုင် ။

လိပ်ပြာနှင့်ပျားပိတုန်းငယ်တို့ ၊
စားသုံးမယ်ဝတ်ရည်အပြိုင်ဆိုင် ၊
ပန်းကြာခိုင်ပေါ်ဝဲ ။

ပိတုန်းလိပ်ပြာပျော်နေမူ ၊ 

မျှော်လေသူပန်းကြာဘဝ ၊
လန်းရသည်ပဲ ။

အောင်နိုင်သူ ( 18 / 11 / 2016 )

မြင်းမိုရ်တောင်တော်ဦး - သံပေါက်ကဗျာ ( ၇ )


တာဝတိံသာ ၊ အောက်ဘက်မှာ ၊
ရှိတာမြင်းမိုရ်သာ ။

အသုရာပြေ ၊ တောင်အောက်ခြေ ၊
တည်နေခိုင်မြဲစွာ ။

မြင်းမိုရ်တောင်မြင့် ၊ ထူးကာတင့် ၊
ငါးဆင့်အာလိန်ပါ ။

အာလိန်အစ ၊ ပထမ ၊

စောင့်ရနဂါးသာ ။

ဒုတိယထပ် ၊ ဂဠုန်ရပ် ၊
ကြီးကြပ်သူ့ဝန်တာ ။

တတိယလွှာ ၊ အာလိန်မှာ ၊

စောင့်တာဂု န္ဘာန်ပါ ။

အာလိန်တွက်ဆ ၊ စတုတ္ထ ၊

စောင့်ရဘီလူးမှာ ။

စတုမဟာ ၊ နတ်လေးဖြာ ၊

စောင့်ရှာပဉ္စမာ ။

မြင်းမိုရ်တောင်ဦး ၊ လွန်စွာထူး ၊
မှတ်ဖူးဇာတ်တော်လာ ။

နှောင်းလူငယ်များ ၊ သိစေငြား ၊
ရေးသားဤကဗျာ ။…..။

အသုရာပြေ = အသုရာပြည် ။ စတုမဟာ = စတုမဟာရာဇ်နတ် ။
 

အောင်နိုင်သူ ( 17 / 11 / 2016 )

Wednesday, November 16, 2016

နန္ဒိဝိသာလဇာတ် - လင်္ကာကဗျာ ( ၁၆ )


“တက္ကသိုလ်”ခေါ် ၊ နေပြည်တော်နီး ၊
ခရီးလှည့်သူ ၊ ပုဏ္ဏားမူကား ၊  
နွားတစ်ကောင်မျှ ၊ လှူခံရလျက် ၊
စိတ်လက်ရွှင်ကြည် ၊ အမည်ပေးဘိ ၊
“နန္ဒိဝိသာလ”ဟူတည်း ။

ထိုသည့်ပုဏ္ဏား ၊ “နန္ဒိ”နွားကို ၊
စားကောင်းယာဂု ၊ ကျွေးမွေးပြုကာ ၊ 

စောင့်ရှောက်လာရင်း ၊ လှည်းရာထိတိုင် ၊
ရုန်းဆွဲနိုင်အောင် ၊ ကြံ့ခိုင်ကြီးမား ၊
ခွန်အားပြည့်စုံလာသတည်း ။ 


နွားပျိုသည်ကား ၊ ပုဏ္ဏားကျေးဇူး ၊
ဆပ်ဖူးလိုလျင် ၊ သူ့စွမ်းအင်ကို ၊
သခင်ထံပါး ၊ ဖွင့်ပြောကြားကာ ၊

ထောင်သပြာနှင့် ၊ လောင်းပါလေဟု ၊
ခိုင်းစေတိုက်တွန်းပြန်သတည်း ။

ပုဏ္ဏားယုံကြည် ၊ လောင်းမည်ပြောရာ ၊
“ဂေါဝိတ္တက” ၊ သူကြွယ်မှလည်း ၊

လောင်းကြမည်ဟု ၊ ဂတိပြု၍ ၊
စုစည်းစီကာ ၊ လှည်းတစ်ရာအား ၊

နွားကိုဆွဲစေလေသတည်း ။
.
သခင်ပုဏ္ဏား ၊ လှည်းဦးဖျားမှ
“ဟဲ့နွားသရမ်း ၊ လှည်းဆွဲစမ်း”ဟု ၊
ညစ်ညမ်းအော်ငေါက် ၊ နှင်တံမြောက်၍ ၊

ခေါက်ခေါက်ခါခါ ၊ မောင်းပါသော်ငြား ၊
နွားကားရပ်မြဲနေသတည်း ။

ပုဏ္ဏားခမျာ ၊ ရှုံးနိမ့်ရှာလျင် ၊
“သခင်ပုဏ္ဏား ၊ ကျွန်ုပ်နွားက ၊
သင့်အားလွန်ကျူး ၊ မပြုဖူးပဲ ၊
မဆဲပါနှင့် ၊ ထပ်ကာပြိုင်လေ ၊
နိုင်စေမည်”ဟုပြောသတည်း ။

သပြာနှစ်ဆ ၊ နှစ်ထောင်ကျနှင့် ၊
ပြိုင်ကြပြန်ရာ ၊ မကြာပုဏ္ဏား ၊
ချိုစကားဖြင့် ၊ “ ချစ်သားလိမ္မာ ၊
လှည်းတစ်ရာကို ၊ ဆွဲပါလေ” ဟု ၊

ချေငံစွာပင်ပြောသတည်း ။

ပုဏ္ဏား၏နွား ၊ သူ့ခွန်အားနှင့် ၊
ဆွဲသွားသောခါ ၊ လှည်းတစ်ရာလည်း ၊
လိုက်ပါငြားသော် ၊ ပုဏ္ဏားနိုင်ပွဲ ၊
အပိုင်နွှဲလျက် ၊ အားတက်ဝမ်းသာ ၊
သပြာနှစ်ထောင်ရသတည်း ။

နန္ဒိဝိသာလနွား = အလောင်းတော်ဗုဒ္ဓ ။
လှည်းရာထိတိုင် = လှည်းတစ်ရာထိတိုင် ။ 

ထောင်သပြာနှင့် = အသပြာတစ်ထောင်နှင့် ။

အနှစ်သာရ
************
( ၁ ) မိမိကိုဒုက္ခမပြုဖူးသူအားမစော်ကားသင့် ။
( ၂ ) ရိုင်းစိုင်းကြမ်းတမ်းသောစကားကို တိရစ္ဆာပင်လျင်
နာမခံသာ ၊ မနှစ်သက်ကြပေ ။
( ၃ ) ပီယဝါစာ ချိုသာသောစကားကိုသာပြောဆိုသင့်၏ ။

ရည်ညွှန်း ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 16 / 11 / 2016 )

မေမေ့သားနားတဲ့ကွန်း - အချိုးကဗျာ ( ၆၀ )


ဝေဟင်ယံ သော်တာမင်းရယ်က ၊
ဝါဝါဝင်း မေ့သားမျက်နှာ ၊
ရွှန်းလဲ့လို့သာ ။

ကြယ်ပြာပြာ ၊

ရောင်ဖြာတဲ့သားမျက်ဝန်း ။

တီတီတာ မပီကလာ ၊

ပြောရှာသည့် သူ့စကားနဲ့ ၊
အမေ့နားမှာ သူပျော်ရွှင်တော့ ၊
အမေ့ရင်က မေမေ့သားတွက် ၊
နားခိုတဲ့ကွန်း ။


အောင်နိုင်သူ ( 17 / 11 / 2016 )

Tuesday, November 15, 2016

နိဂြောဓ သမင်ဇာတ် - လင်္ကာကဗျာ ( ၁၅ )


ဗာရာဏသီ ၊ ပြည်ဋ္ဌာနီမြတ် ၊
ဗြဟ္မဒတ်မင်း ၊ အာသာပြင်းစွာ ၊
စားသည်မှာကား ၊ သမင်သားမို့ ၊
သွင်းထားသမင် ၊ ဥယျာဉ်တွင်ပင် ၊
သမင်လိုက်ခြင်း ၊ တစိုက်မတ်မတ် ၊

ပြုတတ်သည်ကြောင့် ၊ ဤမည်ဇာတ်တော် ၊
ဖြစ်ပေါ်လာရလေသတည်း ။

ဥယျာဉ်တော်တွင် ၊ သမင်နှစ်စု ၊
ကျက်စားပြုကာ ၊ ခေါင်းဆောင်နာမ ၊
“နိဂြောဓ”နှင့် ၊ “သာခ”တို့ကား ၊
ကွဲပြားမတူ ၊ နေမူကျင့်ကြံ ၊
စီမံအုပ်ချုပ်ကြသတည်း ။

“နိဂြောဓ”နှင့် ၊ “သာခ”တို့မှာ ၊

ရွှေသို့အဆင်း ၊ လှပခြင်းကြောင့် ၊
မင်းဗြဟ္မဒတ် ၊ ချမှတ်ခွင့်ရေး ၊

ဘေးမဲ့ပေး၍ ၊ စိတ်အေးချမ်းမြ ၊
နေကြရရှာလေသတည်း ။

မင်းနှင့်နောက်ပါ ၊ တောလိုက်ရာတွင် ၊
သမင်အများ ၊ ပြေးလွှားရှောင်ကြ ၊
ထိခိုက်ရ၍ ၊ ဒုက္ခအခြေ ၊
သက်သာစေရေး ၊ ဆွေးနွေးသတ်မှတ် ၊
ဆုံးဖြတ်လိုက်ကြလေသတည်း ။

ဆုံးဖြတ်ချက်တိုင်း ၊ ချိန်မဆိုင်းရ ၊
အလှည့်ကျခါ ၊ ချိန်ရောက်လာသော် ၊
လွဲချော်ပျက်ယွင်း ၊ မငြင်းသာအောင် ၊
တစ်ကောင်တစ်ရက် ၊ စဉ်းတုံးထက်ဝယ် ၊

နှင်းသက်လည်စင်းခံသတည်း ။

“သာခ”အုပ်မှ၊ ရွယ်လှနုနယ် ၊
ကိုယ်ဝန်လွယ်ရ ၊ သမင်မ၏ ၊
လှည့်ကျလေရာ ၊ မွေးပြီးခါမှ ၊
သွားပါရစေ ၊ တောင်းပန်လေက ၊
“သာခ”ငြင်းဆန်ပြန်သတည်း ။

ထိုသမင်မ ၊ “နိဂြောဓ”ထံ ၊
ဝမ်းနည်းသံနှော ၊ ဖွင့်ကာပြောရာ ၊
နိဂြောဓလျင် ၊ သနားကြင်၍ ၊
သမင်မ၏ ၊ လှည့်ကျကိုယ်စား ၊
သွားရောက်လည်စင်းခံသတည်း ။

သားသတ်သမား ၊ မင်းချင်းများလည်း ၊
ကိုယ်စားလာရ ၊ နိဂြောဓ၏ ၊
ဆုံးစဖြစ်အင် ၊ သိလေလျင်ကား ၊
ဘုရင်မင်းထံ ၊ချဉ်းနင်းဝင်ရောက် ၊

လျှောက်တင်ကြပြန်လေသတည်း ။

မင်းဗြဟ္မဒတ် ၊ သမင်မြတ်၏ ၊

ပြတ်သားသတ္တိ ၊ မေတ္တာရှိပုံ ၊
သိဉာဏ်စုံအား ၊ ကြုံတွေ့မြင်သော် ၊
သမင်ထွေထွေ ၊ လွတ်မြောက်စေရေး ၊

ဘေးမဲ့ပေးလိုက်လေသတည်း ။

ဇီးနှင့်သမင် ၊ မွေးပြီးလျင်ကား ၊
သားငယ်ရွယ်ရောက် ၊ “သာခ”အောက်သို့ ၊
ဝင်ရောက်မှီခို ၊ ခစားလိုကြောင်း ၊
မိကိုပြောရာ ၊ မိခင်မာတာ ၊

ပြောသည်မှာကား ၊ “စီးပွါးကိုယ်ကျိုး ၊
တိုးလိုမှန်စွ ၊ နိဂြောဓအား ၊
ခစားပါလေ ၊ ဂြောဓခြေရင်း ၊

သေရခြင်းက ၊ သာခထံတွင် ၊
သက်ရှင်ခြင်းထက် ၊ ဂုဏ်တက်မြင့်မြတ် ၊

ကောင်းစေလတ်လိမ့်” ၊ သူ့ဇာတ်ကိုသာ ၊
ပမာယှဉ်၍ပြောသတည်း ။

ဇာတ်ပေါင်း

နိဂြောဓသမင် = ဗုဒ္ဓအလောင်းတော် - အသံထွက် ( နိဂေါဓ ) ။
သာခသမင် = ဒေဝဒတ် ။ သမင်မ = ကုမာရကဿပမထေရ်၏မယ်တော် ။
သမင်မသား = တရားဟောလျင်အဆန်းတကျယ်ဖြစ်အောင်ဟောပြနိုင်သော
ဧတဒဂ်ဘွဲ့ရ - ကုမာရကဿပမထေရ် ။
ဇီး = ကိုယ်ဝန် ။

အနှစ်သာရ

( ၁ ) သူတော်ကောင်းနှင့်သူယုတ်မာခွဲခြားတတ်ရသည် ။
( ၂ ) သူတော်ကောင်းတို့ကိုသာဆရာတင်မှီဝဲဆည်းကပ်သင့်သည် ။

ရည်ညွှန်း ။…..။ ငါးရာ့ငါးဆယ်ဇာတ်တော် ။


အောင်နိုင်သူ ( 15 / 11 / 2016 )

ဗုဒ္ဓဝါဒီ - သံပေါက် ( ၆ )


ဗုဒ္ဓသာသနာ ၊ ပြည်မြန်မာ ၊
လွန်စွာထွန်းလင်းလျက် ၊  
ရောင်ဝါထိန်မပျက် ။

ဗြဟ္မစိုရ်လေးပါး ၊ လက်ကိုင်ထား ၊
လေးစားလိုက်နာလျက် ၊
မကောင်းမှုကိုရှက် ။

ငါးပါးမြတ်သီလာ ၊ ဘယ်မကွာ ၊
ရင်မှာစွဲခိုင်နှက် ၊
ဘိုးစဉ်ဘောင်ဆက်ဆက် ။

ကံနှင့်ကံအကျိုး ၊ ကံတန်ခိုး ၊

ကောင်းဆိုးပြန်ကာသက် ၊
ယုံကြည်ဘယ်မပျက် ။

ဒါနပြုစရာ ၊ အဖြာဖြာ ၊
ဘယ်ခါမပျက်ကွက် ၊
စိတ်အားလွန်ထက်မြက် ။

ကမ္မဋ္ဌာန်းတရား ၊ ရှုကာပွါး ၊
စိတ်ထားတည်ငြိမ်လျက် ၊
နိဗ္ဗာန်လှေကားတက် ။

အောင်နိုင်သူ ( 15 / 11 / 2016 )

Monday, November 14, 2016

ဆောင်းညစိတ်ကူး - အချိုးကဗျာ ( ၅၉ )


လှလိပ်ပြာ ပျားပိတုန်းနဲ့ ၊
ဆေးရောင်မှုန်း ပန်းမျိုးတစ်ရာ ၊
ညင်းလေလာ သင်းထုံလွှမ်းလို့ ၊
စမ်းချောင်းလေးစီးသံသာ ။


ကျေးငှက်တွေ ပျော်ရွှင်မြူး၍ ၊
သံစုံကြူး တေးဆိုတကျော်ကျော် ၊
မဖိုခေါ် ညံမစဲပေါ့ ၊
ဝဲပျံကြရှာ ။

နံနက်ခင်း နေခြည်ဖြာသော် ၊

နှင်းမှုန်လွှာ ရွှေရည်ဝင်းလို့ ၊
မြက်ခင်းကျယ် ညီညီညာ ၊
စိမ်းကာတင့်ထူး ။

ချစ်ဦးငယ် နွဲ့နှောင်းသူနဲ့ ၊
ချစ်ရည်တူ သစ္စာညွှန်းလို့ ၊
ချစ်ခွန်းချို ပန်းမြိုင်မှာလ ၊
ချစ်ချင်းပြိုင် လျှောက်လှမ်းနေရင်း ၊
ချစ်ငယ်ကျွမ်း မုန်းတော်မူ၍ ၊
ချစ်လွန်းသူ လန့်နိုးရပေါ့ ၊

ဆောင်းညစိတ်ကူး ။

အောင်နိုင်သူ ( 14 / 11 / 2016 )