Sunday, November 13, 2016
ချစ်အယူခံတေး - ဘောလယ် ( ၁ )
ကာမအမှောင် - ဖွဲ့နှောင်တင်းပါလို့ ၊
ရှောင်ဖယ်မကင်းနိုင်၍ - နွံထဲပျော် ။
မှားခဲ့ပြီနော် - ချစ်ဖေါ်ယွင်းတယ်လေး ၊
မင်းညာချက်တော် ။
ရူပါဆင်းငယ်က - ရှင်းသန့်ပေါ် ၊
ဂုဏ်သတင်းရယ်လွန်ကျော်လို့ - မာယာတော်ထူး ၊
သာယာစွာယစ်မူးပါပေါ့ - ရူးလေသည့်ပမာ ။
မျက်ကန်းလိုသာ - ကြင်နာမိတယ်လေး ၊
သိဉာဏ်မဲ့စွာ ။
မေတ္တာတော်ကြူးပေမဲ့ - ချစ်ဦးကမမြင် ၊
ခင်လေးငယ်မကြင်တော့ - ရှင်လျက်ရယ်ကွဲ ၊
ရင်ကိုခွဲပါလို့ - ရှောင်ပြေးနေ ။
အသည်းမှာလေ - ပူဒါဏ်သင့်တယ်လေး ၊
စိုးဗျာဆင့်ပွေ ။
သစ္စာတော်စူးစေတာ့ - မပစ်ဘူးတမေ ၊
ကံကြမ္မာခေပါလို့ - ဝေဒနာမွှန်း ၊
လွမ်းတွေဝေပြေပါတော့ - စေညွှန်းယူခံ ။
မောင့်တေးသီသံ - ချွေကာလှစ်တယ်လေး ၊
ချစ်တဲ့မင်းထံ ။
အောင်နိုင်သူ ( 12 / 11 / 2016 )
အလောင်းတော်နှင့်ဝေဒဗ္ဗဇာတ် - လင်္ကာကဗျာ ( ၁၄ )
ပညာလွဲသုံး ၊ ဆိုဆုံးမခက် ၊
ဉာဏ်မထက်ပဲ ၊ စိတ်ပျက်လွယ်သား ၊
ပုဏ္ဏားမျိုးမှ ၊ ဝေဒဗ္ဗ၏ ၊
မှတ်သိဘွယ်ရာ ၊ ဇာတ်တော်လာကား ၊
အောက်ပါအတိုင်းဖြစ်သတည်း ။
ဗာရာဏသီ ၊ ရွာငယ်ဆီမှာ ၊
ပညာမန္တန် ၊ အမှန်တတ်စွ ၊
ဝေဒဗ္ဗနှင့် ၊ ဝေဒသင်ယူ ၊
လောင်းတော်ဟူ၍ ၊ ရည်တူနှစ်ဖြာ ၊
ဆရာတပည့်နေသတည်း ။
ဆရာပုဏ္ဏား ၊ မန္တရားမြတ် ၊
နက္ခတ်ယှဉ်ငြား ၊ ရွတ်ပွါးသောခါ ၊
ရတနာမိုး ၊ ရွာသွန်းဖြိုးကာ ၊
တိုးလာဥစ္စာ ၊ လူချမ်းသာ၍ ၊
လွန်စွာတန်ဘိုးရှိသတည်း ။
ပုဏ္ဏား.လောင်းတော် ၊ နှစ်ဖေါ်ညှိနှိုင်း ၊
စေတတိုင်းဘက် ၊ ခရီးထွက်ရာ ၊
လမ်းမှာဝင်တိုး ၊ ဝဋ်ကြွေးဆိုးကြောင့် ၊
ခိုးသားဆူပူ ၊ ရန်သူထံတွင် ၊
ဖမ်းခံကြရလေသတည်း ။
ပုဏ္ဏားဆရာ ၊ လွတ်လိုပါလျင် ၊
သပြာငွေကြေး ၊ ယူကာရွေးလေ ၊
လောင်းတော်ဆွေကို ၊ သူ့ဋ္ဌာနေသို့ ၊
သွားစေမြန်စွာ ၊ ချိန်မကြာနှင့် ၊
ပြန်လာမှာကြားလေသတည်း ။
လောင်းတော်သည်ကား ၊ ဆရာ့အားပင် ၊
ပြောကြားခဲ့ရ ၊ ညခါရောက်စဉ် ၊
နက္ခတ်ယှဉ်ငြား ၊ မန္တရားကို ၊
ရွတ်ပွါးခုံမင် ၊ မဆင်ချင်က ၊
ဆရာ့ဘဝပျက်မည်တည်း ။
စောင့်မနိုင်ရှာ ၊ ပုဏ္ဏားမှာကား ၊
ခိုးသားများကို ၊ မန္တန်ဆိုကာ ၊
ရတနာမိုး ၊ သွန်းဖြိုးပေး၍ ၊
ဖေးမစာနာ ၊ ညှာတာထောက်ထား ၊
သူ့အားလွှတ်စေလေသတည်း ။
ခိုးသားတို့ကား ၊ ပုဏ္ဏားမိုက်ကို ၊
လိုက်ခဲ့ခေါ်ကာ ၊ နေရာမှထွက် ၊
ခရီးဆက်ရင်း ၊ ရေတွက်များပြား ၊
လူပိုများသော ၊ ခိုးသားတပ်နှင့် ၊
ထပ်၍ဆုံရပြန်သတည်း ။
ခိုးသားဟောင်းတို့ ၊ ကျိုးကြောင်းပြောပြ ၊
ဖမ်းလာကြသည့် ၊ ဗာလပုဏ္ဏား ၊
လူမိုက်အားလျင် ၊ ခိုးသားသစ်သို့ ၊
လွှဲပို့ထားကာ ၊ သွားလိုရာဘက် ၊
ခရီးဆက်ကြလေသတည်း ။
ဓါပြသစ်များ ၊ ထိုပုဏ္ဏားကို ၊
မန္တန်ဆိုကာ ၊ ရတနာမိုး ၊
ဖြိုးစေသော်လည်း ၊ နက္ခတ်လွဲမှား ၊
မန္တရားလျင် ၊ စွမ်းအားမပြ ၊
ခက်လှမဖြစ် ၊ နောက်နောင်နှစ်မှ ၊
အသစ်ထပ်ခါ ၊ ရွတ်ပါရစေ ၊
ခွင့်ပန်လေငြား ၊ ခိုးသားတို့မှာ ၊
ပုဏ္ဏားညာသည် ၊ မယုံကြည်ပဲ ၊
ဒေါသကဲ၍ ၊ ဓါးဆွဲခုတ်ရာ ၊
ပုဏ္ဏားဗာလ ၊ ဝေဒဗ္ဗသည် ၊
သေပြည်ရွာသို့လားသတည်း ။
ဝေဒ = မန္တရား ၊ သိခြင်း ၊ ဗေဒကျမ်း ၊ နှစ်သက်ခြင်း ။
စေတ.တိုင်း = စေတတိုင်းပြည် ။
ဇာတ်တော်၏အနှစ်သာရ
******************
( ၁ ) မိမိအကျိုးလိုလားသူ၏စကားကိုလျစ်လျူမရှုသင့် ။
( ၂ ) မိမိတတ်သောပညာကို အကျိုးမဲ့စေမည့် ကာလ ၊ ဒေသ တို့တွင်
အသုံးမချသင့် ။
( ၃ ) အမြော်အမြင် ၊ ဆင်ချင်တရားမကင်းသင့် ။
အောင်နိုင်သူ ( 14 / 11 / 2016 )
မဟာပဒုမအလောင်းတော် - လင်္ကာကဗျာ ( ၁၃ )
ကာမေသုကံ ၊ ရှောင်ကြဉ်ကြံကာ ၊
သီလံမြဲစွာ ၊ စောင့်ထိန်းလာ၍ ၊
သေရွာလွတ်ကင်း ၊ လောင်းတော်မင်း၏ ၊
သတင်းထင်ပေါ် ၊ ဂုဏ်ရှိန်ကျော်သည့် ၊
ဇာတ်တော်သည်ကားဤသို့တည်း ။
ဗာရဏပြည် ၊ တိုင်းကားစည်၍ ၊
အမည်မင်းမြတ် ၊ ဗြဟ္မဒတ်တွင် ၊
နတ်မျှချောလှ ၊ ပဒုမဟု ၊
သီလမြဲမြံ ၊ အိမ်ရှေ့စံပျော် ၊
သားတော်တစ်ပါးရှိသတည်း ။
ပဒုမတွင် ၊ ဖသခင်၏ ၊
ကြင်ယာနုရွ ၊ လန်းတက်ကြွ၍ ၊
ရုပ်လှပါလျက် ၊ ရမက်စိတ်များ ၊
စကားမညီ ၊ သီလကင်းဝေး ၊
မိဒွေးတော်လည်းရှိသတည်း ။
ခွင့်ခါကောင်းပေါ် ၊ မိဒွေးတော်သည် ၊
လှုပ်ဆော်ဖေါ်ပြု ၊ ပဒုမကို ၊
ကာမနွံတွင်း ၊ မြှူဆွယ်သွင်းသော် ၊
အလောင်းတော်က ၊ သီလလုံစွာ ၊
ကာမေသုကံရှောင်သတည်း ။
တစ်နေ့သော်ငြား ၊ တိုင်းခြားခွင်သို့ ၊
ဖခင်ဘုရင် ၊ စစ်ထွက်လျင်ကား ၊
သားတော်ငယ်လှ ၊ ပဒုမကို ၊
စိတ်ချကိုးစား ၊ မြို့အားစောင့်ရန် ၊
ချန်ကာထားခဲ့လေသတည်း ။
ချိန်ကောင်းကြုံခိုက် ၊ မိဒွေးမိုက်မှာ ၊
မာယာနှင့်လှော် ၊ အလောင်းတော်ကို ၊
တူပျော်ကြမည် ၊ ကြံစည်ပြန်ရာ ၊
ပယ်ခွါမမှု ၊ ပဒုမမှာ ၊
သီလစောင့်နိုင်ပြန်သတည်း ။
ဖခင်ရာဇာ ၊ စစ်ပြန်လာစဉ် ၊
ကြင်ယာငြင်ငြို ၊ စောင့်မကြို၍ ၊
သိလိုဇောနှင့် ၊ မေးသောအခါ ၊
မမှန်ရာကို ၊ ချဲ့ကာမနှေး ၊
မိဒွေးကုန်းချောလေသတည်း ။
နှမတော်အား ၊ အရှင့်သားက ၊
တရားမဲ့စွာ ၊ အလိုပါအောင် ၊
သွေးဆောင်ခြိမ်းခြောက် ၊ တိမ်းမှောက်သစ္စာ ၊
ဖျက်ပါသည်ဟု ၊ ပဒုမကို ၊
ချောက်ချလိမ်ညာဆိုသတည်း ။
ဖခင်ရာဇ ၊ ဒေါမာန်ရှကာ ၊
သားလှကိုပင် ၊ ချောက်တွင်တွန်းချ ၊
ပြစ်ဒါဏ်ကျစေ ၊ သေမိန့်ချွေလျက် ၊
ချက်ချင်းမနှေး ၊ မတွေးမဆ ၊
ပဒုမကိုသတ်သတည်း ။
အလောင်းတော်အား ၊ အာဏာသားတို့ ၊
ချောက်ဖျားပေါ်မှ ၊ ထွန်းချလတ်သော် ၊
တောင်နတ်တို့မှာ ၊ မနေသာပဲ ၊
ကယ်ကာထားကြ ၊ ပဒုမကား ၊
သီလတန်ခိုး ၊ ကောင်းကျိုးပေး၍ ၊
သေဘေးလွတ်ကင်း ၊ သတင်းဂုဏ်ပေါ် ၊
အလောင်းတော်ဟု ၊ ထုတ်ဖေါ်ပြကာ ၊
ဇာတ်တော်လာကို ၊ ကဗျာတေးနှင့် ၊
ရေးသားပူဇော်အပ်သတည်း ။
အောင်နိုင်သူ ( 13 / 11 / 2016 )
Saturday, November 12, 2016
ပျိုလေးတို့ဋ္ဌာနီ - သံပေါက် ( ၅ )
ဟိုဝေးဆီမှာ ၊ တောင်တန်းပြာ ၊
မှိုင်းကာတရေးရေး ။
ရွာနောက်ပိုင်းဝယ် ၊ မြရောင်လယ် ၊
ကွင်းကျယ်အဝေးဝေး ။
ရွာ၏အပြင် ၊ ရေကန်တွင် ၊
ရေလျင်တဖွေးဖွေး ။
ကြာဖြူစီရီ ၊ ညိုတလီ ၊
ကြာနီတစွေးစွေး ။
ပန်းကြာစုံစုံ ၊ လေသင့်ကြုံ ၊
သင်းထုံတမွှေးမွှေး ။
ငှက်ပေါင်းစုံညီ ၊ မြည်သံချီ ၊
တေးသီတကြွေးကြွေး ။
ဗျိုင်းလေးတွေက ၊ ဖြူလွလွ ၊
ပျံကြတနှေးနှေး ။
တောင်ပံသန်သန် ၊ လေကိုဆန် ၊
ခတ်ဟန်တလေးလေး ။
ဆောင်းနှင့်မိတ်ဆွေ ၊ မြောက်ပြန်လေ ၊
ညင်းနေတအေးအေး ။
ချစ်သူနှစ်ဖြာ ၊ လက်တွဲကာ ၊
လျှောက်လာတဖြေးဖြေး ။
ပြန်လှန်နှစ်ကိုယ် ၊ ချစ်ခွန်းဆို ၊
လေချိုတသွေးသွေး ။
မောင်ကြီးလူညာ ၊ မယ့်ကိုသာ ၊
ရင်မှာတထွေးထွေး ။
ပျိုလေးခမျာ ၊ ရှက်သွေးဖြာ ၊
ကိုယ်မှာတနွေးနွေး ။
ကလေးငယ်များ ၊ ဆော့ကစား ၊
ပျော်ပါးတပြေးပြေး ။
လှောင်ကြဆူညံ ၊ ချစ်မောင်နှံ ၊
ရယ်သံတဟေးဟေး ။
အောင်နိုင်သူ ( 12 / 11 / 2016 )
မြန်မာဂန္ဓဝင်ကဗျာများ - အချိုးကဗျာ ( ၅၈ )
ဂန္ဓဝင် ကဗျာများမှာလ ၊
ယိုးဒယား လှေတော်သံ ၊
သဖြန်ခံ သျှိုးလိုက်ရတု ၊
ရေးပြုကြ ခွန်းတောက်ရယ်နဲ့ ၊
ကွန်းထောက်အသွယ်သွယ် ။
တျာချင်းနဲ့ ယန္တယားစကြာ ၊
ကာ, ဟန်ချင်း လွမ်းချင်းထွေထွေ ၊
လှေချင်းကယ် တေးထပ်လည်းပါ ၊
သံချပ်.ပျို့ မြင်းခင်းရယ်နဲ့ ၊
ဧချင်းတဲ့ကွယ် ။
လူးတားနဲ့ သံပေါက်တဖြာ ၊
အလင်္ကာ တမ်းချင်း.လေးချိုး ၊
နောက်တစ်မျိုး သံချိုပါ ၊
ငို , သာချင်း တစ်ဖုံတြိချိုး ၊
ပတ်ပျိုးကယ် သမိုင်းစုံကြွယ် ၊
ဘောလယ်နဲ့မော်ကွန်း ။
နတ်ချင်းနဲ့ တောလားသီကုံး ၊
တုံး , ဒုံးချင်း ဒိန်းသံ.ရကန် ၊
ဒွေးချိုသဖြန် ဝဲရိုက်ဝဲသွင်း ၊
အဲ , အန်ချင်း အိုင်ချင်းတသိုက် ၊
ပတ်တိုက်.ဘွဲ့ သိင်္ဂါ သံတို့ ၊
တွေးကြံကာ ခေတ်အဆက်ဆက်မှာ ၊
ရေးချက်ကယ် အဟုတ်ကျော်သမို့ ၊
ထုတ်ဖေါ်လို့ညွှန်း ။
ကာ , ဟန်ချင်း = ကာချင်း ၊ ဟန်ချင်း ။ ငို , သာချင်း = ငိုချင်း ၊ သာချင်း ။
တုံး , ဒုံးချင်း = တုံးချင်း ၊ ဒုံးချင်း ။ အဲ , အန်ချင်း = အဲချင်း ၊ အန်ချင်း ။
( မြန်မာဂန္ဓဝင်ကဗျာအမျိုးအစားများစွာကျန်ပါသေးသည် )
အောင်နိုင်သူ ( 11 / 11 / 2016 )
စစ်ဝေါဟာရ - ယန္တယား စကြာ ( ၂ )
စစ်သည်စစ်ပွဲ ၊ စစ်နွှဲစစ်ဆင် ၊
စစ်ငင်စစ်ခင်း ၊ စစ်မြင်းစစ်အောင် ၊
စစ်ရှောင်စစ်သား ၊ စစ်ကားစစ်လှေ ၊
စစ်မြေစစ်ဦး ၊ စစ်မှူးစစ်ကြာ ၊
စစ်ကာစစ်ကပ် ၊ စစ်တပ်စစ်လန် ၊
စစ်ပြန်စစ်ရေး ၊ စစ်ဘေးစစ်ဗိုလ် ၊
စစ်ကြိုစစ်အေး ၊ စစ်တေးစစ်မြှူ ၊
စစ်ကူစစ်မီး ၊ စစ်ပြီးစစ်သံ ၊
စစ်ခံစစ်ရှုံး ၊ စစ်ရုံးစစ်ပြေ ၊
စစ်ရှည်စစ်မြင်း ၊ စစ်တွင်းစစ်ချီ ၊
စစ်အီစစ်တက် ၊ စစ်ဖက်စစ်ပြိုင် ၊
စစ်နိုင်စစ်မှု ၊ စစ်ပြုထွေထွေ ၊
စစ်ရေရိက္ခာ ၊ စစ်ဗျူဟာနှင့် ၊
စစ်ခွါစစ်မော ၊ စစ်ဝေါဟာရတည်း ။
အောင်နိုင်သူ ( 10 / 11 / 2016 )
ကြည်နူးဘွယ်တန်ဆောင်မုန်း - အချိုးကဗျာ ( ၅၇ )
လတန်ဆောင် ကထိန်သင်္ကန်း ၊
လှူဒါန်းကြ သူငါများတို့ ၊
ပွါးပါပေ့မြတ်သဒ္ဓါ ။
မသိုးသင်္ကန်း ရက်ပြိုင်ပွဲ ၊
ဆိုင်နွှဲလို့ ပျော်ရွှင်ကြတာ ၊
ဆောင်းလချိန်ခါ ။
ပဒေသာပင် စီကာတန်း ၊
ရွှင်လန်းလို့ လှည့်ကြပြန်သည် ၊
မြန်ပြည်ခွင် ဗုဒ္ဓသာသနာ ၊
ရောင်ဝါရွှေထိန်ထိန်လင်း ။
မီးတန်ဆောင် ပြိုးပြိုးပြက်၍ ၊
ထက်ကောင်းကင် နက္ခတ်စုံ ၊
ကြယ်အဖုံဖုံ လဲ့လဲ့ဝင်းကာ ၊
တိမ်မှောင်ကင်း မိုးယံစွန်းမတော့ ၊
ထွန်းပေါ့လမင်း ။
အောင်နိုင်သူ ( 10 / 11 / 2016 )
Subscribe to:
Posts (Atom)