Friday, November 4, 2016
သိအပ်ရာရာဆုံးမစာ - သံပေါက် ( ၅ )
ဂါရဝေါစ ၊ ပြုတတ်မှ ၊
မိတ္တဖြာဖြာချစ်ကြမှာ ။
မာနကင်းမူ ၊ ချစ်ခင်သူ ၊
ကြည်ဖြူညှာတာကူကြတာ ။
နိဝါတောစ ၊ ကိုယ်နှိမ့်ချ ၊
သားလှလိမ္မာအောင်မြင်တာ ။
တန်ဘိုးရှိရာ ၊ သိတတ်စွာ ၊
ရွေးကာသိမ်းပါသေသေချာ ။
ပညာလိုလား ၊ သူဖုန်းစား ၊
ရှက်အားပယ်ခွါရမည်သာ ။
လမ်းလွဲနေပြန် ၊ မဝေဖန် ၊
ဧကန်သူသာမိတ်တုပါ ။
ကောင်းရာညွှန်လတ် ၊ မိတ်ဆွေမြတ် ၊
သိမှတ်မှသာမှန်ကန်မှာ ။
ခွင့်ခါကြုံလျင် ၊ ရအောင်ပင် ၊
ယူငင်တတ်တာလူလိမ္မာ ။
.
မသိလျင်မေး ၊ မစင်ဆေး ၊
သင်တွေးအပ်စွာအရာရာ ။
ဟင်းပေါင်းစုံစွ ၊ ခပ်နေရ ၊
ယောက်မရသာမသိရှာ ။
ထိုသည့်ဖြစ်ဆိုး ၊ လူတို့မျိုး ၊
ရှိရိုးမှန်စွာဧကန်ပါ ။
ယောက်မသို့လူ ၊ ဖြစ်လျင်မူ ၊
ထိုသူဗာလာလူမိုက်ပါ ။
ကောင်းမှုမျိုးမျိုး ၊ ကောင်းအောင်ကြိုး ၊
လူရိုးပီစွာလူမဟာ ။
သူတစ်ပါးကို ၊ အပြစ်ဆို ၊
လူပိုလူချာလူပြိန်းသာ ။
မုဒိတာကင်း ၊ စိတ်သိမ်ဖျင်း ၊
ပျက်ယွင်းသီလာအရာရာ ၊
ကိုယ့်ထက်သာပို ၊ မနာလို ၊
လူအိုစိတ်ပါပျက်စီးမှာ ။
ဘေးရန်မြင်ကား ၊ ကြိုရှောင်ရှား ၊
ဆီးတားမှသာလွတ်ကင်းရာ ။
မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊
နောက်နောင်ရန်ကွာစိတ်ချမ်းသာ ။
ဂါရဝေါစ = ရိုသေခြင်း ။ မိတ္တ = မိတ်ဆွေ ။
နိဝါတောစ = မိမိကိုယ်ကိုနှိမ့်ချခြင်း ။
သူဖုန်းစား = သူတောင်းစား ။
မုဒိတာ = မနာလိုကင်းဝမ်းမြောက်ခြင်း ။
သီလာ = သီလ = စောင့်ထိန်းခြင်း ။
ဝန်ခံချက် ။….။ မိမိကိုယ်တိုင်လည်းအစစအရာရာကောင်းအောင်
ကြိုးစားဆဲဖြစ်ပါသည် ။
အောင်နိုင်သူ ( 5 / 11 / 2016 )
မောင့်အသည်းကျွမ်းကျေလို့ကွဲ - အချိုကဗျာ ( ၅၃ )
တွေးဆကြံတော့ ရှေးဘဝကံ ခေရှာသည်ထင့် ၊
မရေရာအရှုံးတွေကြောင့် ဝေဒနာနှလုံးသားမှာဖြင့် ၊
ချစ်အားနော်ငယ် ပစ်ထားတော်မူရက်သူက ၊
ရတက်ပွါးပူ တစ်ဖက်သားလူကိုပင် ၊
မခင်တွယ် တမင်ဖယ် ရှောင်ခွါတိမ်းလေတော့ ၊
သိမ်းမရမျက်ရည်ဝဲ ။
ဝေးကြပြန်ပေါ့ ဆွေးရအမှန် ဖြေမသာ ၊
တပြေတရွာမှာ အနေကြာ စိမ်းရက်သူက ၊
မူမာယာများ၍ ပူဗျာပါပွါး အဖြစ်ဆိုးရတယ် ၊
မိုးသဏ္ဌာန်နဲ့ ညိုးမာန်ဖွဲ့ရွာမစဲနိုင်ဘု ၊
အသည်းစိုင် ဆွဲကိုင်ကာ လှုပ်ယမ်းသလိုပ ၊
ကျွမ်းကျေလို့ကွဲ ။
အောင်နိုင်သူ ( 4 / 11 / 2016 )
ဆောင်းအိပ်မက် - ပုလဲတစ်တန့် သန္တာတစ်တန့် ( ၁ )
နွဲ့နှောင်းနုနယ် ၊
ချစ်သူနွယ်ကို ၊
ရည်ရွယ်ရော်ရမ်း ၊
တမ်းတလွမ်း၍ ၊
ယောင်ယမ်းယိမ်းယိုင် ၊
မခိုင်သည်းထိတ် ၊
စိုးစိတ်စေစား ၊
တွေးထွေပြားကာ ၊
မြင်မှားမူးမေ့ ၊
ရှာမတွေ့ပဲ ၊
ဝဲဝေ့ဝိုးဝါး ၊
လွင့်ပါးပျက်ကြွေ ၊
ချစ်ခွန်းချွေခက် ၊
ဆောင်းအိပ်မက်မှာသွက်သွက်လည် ။
အောင်နိုင်သူ ( 4 / 11 / 2016 )
ရည်ရွယ်ရော်ရမ်း ၊
တမ်းတလွမ်း၍ ၊
ယောင်ယမ်းယိမ်းယိုင် ၊
မခိုင်သည်းထိတ် ၊
စိုးစိတ်စေစား ၊
တွေးထွေပြားကာ ၊
မြင်မှားမူးမေ့ ၊
ရှာမတွေ့ပဲ ၊
ဝဲဝေ့ဝိုးဝါး ၊
လွင့်ပါးပျက်ကြွေ ၊
ချစ်ခွန်းချွေခက် ၊
ဆောင်းအိပ်မက်မှာသွက်သွက်လည် ။
အောင်နိုင်သူ ( 4 / 11 / 2016 )
Thursday, November 3, 2016
သဘာဝကဗျာဆရာကြီးများ - အချိုးကဗျာ ( ၅၂ )
လူ့ကမ္ဘာ ဟောသည်လောကကား ၊
သဘာဝ အမျိုးအမည်အစုံလင်နှင့် ၊
စာဆိုရှင် ကဝိပဂေးများကိုလ ၊
အသိကလေးပွါး တွေးဆဘွယ် ၊
ရွေးကြကွယ် ရေးစရာများဟု ၊
သင်ကြားသည့်ဆရာ ။
တောနဲ့တောင်ခြေ ရေလေမြေကြီး ၊
အသီးပွင့် ပန်းမာလ် သစ်ပင်စိမ်းတွေ ၊
ဘယ်ယိမ်းလို့ ညာနွဲ့တဲ့စပါးခင်းနဲ့ ၊
မိုးမြူနှင်း ရာသီအထွေထွေက ၊
စာကဗျာတွေ ရေးလှည့်စမ်းရယ်လို့ ၊
လမ်းပြနေရှာ ။
ကောင်းကင်က နက္ခတ်တာရာ ၊
စန်းသော်တာ ဝါဝါရွှန်းကယ်နဲ့ ၊
လိုရာယွန်း တိမ်မျှင်တိမ်လွှာတိမ်တိုက်တွေ ၊
ပျံလိုက်နားလိုက် ငှက်ကျေးအထိုထို ၊
တေးဆိုလို့ ပျော်ကြဝေယံမှာ ၊
ရေးစရာကဗျာများ ။
စိမ့်စမ်းကယ် ချောင်းမြောင်းအဖြာဖြာ ၊
အဏ္ဏဝါ ရေပြင်ကျယ်သမုဒ် ၊
တိုးဆုတ်တဲ့ လှိုင်းခေါင်းဖြူတွေ ၊
လယ်သူဆွေ ဆိုသီချင်းရယ်နဲ့ ၊
ပျိုတစ်သင်း လယ်ဆင်းပုံတွေကို ၊
ဉာဏ်အဖုံဖုံ လင်္ကာစုံရေးဖွဲ့ပါလို့ ၊
ကဗျာဆရာ သဘာဝရယ်က ၊
ညွှန်းပြသင်ကြား ။
( သဘာဝလောကကြီးသည် ကဗျာရေးသူများကို
ကဗျာရေးနည်းသင်ကြားပေးသော ကဗျာဆရာကြီး
ဖြစ်သည်ဟု ကဗျာကျမ်းကဆိုပါသည် )
အောင်နိုင်သူ ( 4 / 11 / 2016 )
သီတင်းကျွတ်သမယ - ရတု ( ၂ )
ပြေမှခွါချီ ၊ လောင်းသာကီကား ၊ နဒီဖြတ်သန်း ၊
စိတ်ရွှင်လန်းလျက် ၊ ကိန်းခန်းကြုံသော် ၊ မြတ်ဆံလျော်ကို ၊
ပယ်တော်မူပြီး ၊ ဓမ္မမီးရောင် ၊ ထိန်ငြီးအောင်လျင် ၊
ဗေါဓိပင်ခြေ ၊ ခိုဝင်စံစား ၊ မြတ်တရားစုံ ၊
မနားမနေ ၊ ကျင့်ကြံလေသော် ၊ မသွေစင်စစ် ၊
ဘုရားဖြစ်၍ ၊ အနှစ်ဓမ္မာ ၊ အဖြာဖြာကို ၊
လှည့်ကာဟောကြား ၊ မြတ်ဘုရားလည်း ၊ နတ်များစံအိမ် ၊
တာဝတိံသို့ ၊ ဆိတ်ငြိမ်ကာလ ၊ ဝါဆိုရအောင် ၊
လှမ်းကြွချီကာ ၊ နတ်ပြည်မှာလျင် ၊
စကြာချမြန်းတော်မူသည် ။
ချွေဟကြာပြီ ၊ နတ်ဘုံဆီတွင် ၊ စီရီဟော၏ ၊
ရှင်လူသိသော ၊ အဘိဓမ္မာ ၊ ဒေသနာကို ၊
ဗြဟ္မာသောင်းပြောင်း ၊ နတ်မြတ်ကောင်းနှင့် ၊ တိတ်ဟောင်းမိခင် ၊
နတ်သားပင်လျင် ၊ ပါဝင်နာကြား ၊ ထိုတရားကြောင့် ၊
ကျွတ်သွားများစွာ ၊ နတ်ဗြဟ္မာတို့ ၊ ကောင်းရာဂတိ ၊
နိဗ္ဗာန်ထိတိုင် ၊ ရောက်ရှိစေအောင် ၊ ကောင်းကျိုးဆောင်သော ၊
လင်းရောင်ဓမ္မ ၊ လမ်းကောင်းပြကာ ၊ ဗုဒ္ဓသခင် ၊
မေတ္တာရှင်သည် ၊ ကြည်ရွှင်စိတ်ထား ၊ မနေနားပဲ ၊
တရားများစွာ ၊ သုံးလဝါတိုင် ၊
မြွက်ကာမျှကမ်းတော်မူသည် ။
.
ဒေသစာရီ ၊ ကြွကာချီရန် ၊ ကျောက်စီစောင်းတန်း ၊
ရွှေငွေဆန်းထွေ ၊ နတ်နန်းမှလေ ၊ လူ့ဋ္ဌာနေသို့ ၊
ရောက်စေဖန်းဆင်း ၊ သိကြားမင်းက ၊ ဆက်သွင်းလေရာ ၊
လူ့ပြည်မှာကား ၊ ထိန်ဝါရောင်ငြီး ၊ ပန်းဆီမီးနှင့် ၊
မြေကြီးဝသုန် ၊ ဖိတ်ဖိတ်တုန်အောင် ၊ ရှိန်ဟုန်မြင့်မား ၊
သဒ္ဒွါအားနှင့် ၊ ဘုရားမြတ်စွာ ၊ ဆင်းကြွလာစဉ် ၊
ပူဇာဝတ်ရွတ် ၊ သီတင်းကျွတ်၌ ၊ ဝင်းမွတ်သော်တာ ၊
ထိန်ထိန်ဝါ၍ ၊ သာယာသောည ၊ မြတ်ဗုဒ္ဓကား ၊
ဖြန့်ချစကြာ ၊ လူ့ပြည်ရွှာသို့ ၊
ထွက်ခွါကြွလှမ်းတော်မူသည် ။
ပြေ = ပြည် ။ ကျောက်စီစောင်းတန်း = ပတ္တမြားစောင်းတန်း ။
တာဝတိံ = တာဝတိံသာနတ်ပြည် ။
အောင်နိုင်သူ ( 3 / 11 / 2016 )
Wednesday, November 2, 2016
လွမ်းပဒေသာ - အချိုးကဗျာ ( ၅၁ )
လွမ်းဋီကာ လွမ်းဇာချဲ့လျင်ဖြင့် ၊
လွမ်းခဲ့ရအချိန်ကြာ ။
လွမ်းဝေဒနာ လွမ်းဗျာပါပိလေတော့ ၊
လွမ်းမိအခါခါ ။
လွမ်းစေရာ လွမ်းတသက်သက်မို့ ၊
လွမ်းခဏ်းဆက် လွမ်းသံသရာ ၊
လွမ်းမဟာလူသား ။
လွမ်းပါဘိ လွမ်းချိဖြေမသာ ၊
လွမ်းကမ္ဘာ လွမ်းမငြီးလေတော့ ၊
လွမ်းပြီးရင်း လွမ်းမပျက်ကွယ် ၊
လွမ်းရက်ရှည်လျား ။
အောင်နိုင်သူ ( 2 / 11 / 2016 )
တန်ဆောင်မုန်း - နွယ်သာကီသံပြတ် ( ၃ )
ဝဿန် အပြန် ညင်းလေမြူးလို့ ၊
နှင်းရည်လူးတဲ့ တန်ဆောင်မုန်းခါ ။
ဝေဟင် လေပြင် ထက်ယံဖျားပေါ် ၊
ငှက်ပျံလွှားပျော် တန်ဆောင်မုန်းပါ ။
ရောင်ဝါ ဆောင်ကာ ခဝဲပန်းတွေ ၊
အမြဲလန်းနေ တန်ဆောင်မုန်းခါ ။
သာယာ အာကာ ထက်မြတ်ဘုံမှာ ၊
နက္ခတ်စုံတဲ့ တန်ဆောင်မုန်းပါ ။
ခြုံလွှာ စုံစွာ လွှမ်းအကုန်ထွေးလည်း ၊
ချမ်းတုန်အေးပေါ့ တန်ဆောင်မုန်းမှာ ။
ပုံမှန် ကြုံပြန် အချိန်မလွဲတဲ့ ၊
ကထိန်ပွဲနဲ့ တန်ဆောင်မုန်းပါ ။
သူငါ ပြူငှာ ကောင်းမှုယူသဗျ ၊
ပေါင်းစုလှူကြ တန်ဆောင်မုန်းမှာ ။
မီးရောင် မငြီးအောင် ပူဇော်ကြသည် ၊
တူပျော်ရမည် တန်ဆောင်မုန်းခါ ။
မောင်ဖုန်းလာ ပိုးကာပန်းတယ် ၊
တမျိုးသာဆန်းတဲ့ တောဓလေ့မှာ ၊
သဘောခွေ့သူ ပျိုဖြူများက ၊
အလိုတူသွားတော့ ပျော်ရမယ် ၊
မော်ကြတယ် နှစ်ကိုယ်တွဲလို့ ၊
မီးထွန်းပွဲတော် အပြေးအလွှားနဲ့ ၊
သွားကြမယ်လေး ။
အောင်နိုင်သူ ( 2 / 11 / 2016 )
Subscribe to:
Posts (Atom)