Monday, October 31, 2016

မင်္ဂလာပွဲနွှဲဖို့ပြင် - အချိုးကဗျာ ( ၅၀ )


မောင့်လယ်ခွင်   မြပင်စိမ်းတွေ ၊
ယိမ်းပါလို့  တိမ်းကြဝဲယာ ။

ဖုံးလုံးတုန်း   တန်ဆောင်မုန်းပေမို့ ၊
မောင်ဖုန်းတို့  စပါးပင်တွေက ၊
အားအင်နဲ့ဖြာ

ဆောင်းခါကြုံ   နှင်းမှုန်လွှမ်းပြန်တော့ ၊ 
ကျွမ်းငယ်ဆွေ   ညိုပြာညက်ကိုလ ၊
ပွေ့ဖက်လို့   ယုယကြင်နာ ၊
မောင့်ရင်မှာထွေးချင်သား ။

ခုများကွယ်   ပေါင်းရန်အရေးရယ် ၊
ခဏလေးတော့   စောင့်စားမျှော်ပါ ၊
စပါးတွေပေါ်  နွေဦးပေါက်လျင်ဖြင့် ၊
တို့နှစ်ယောက်ရဲ့   မင်္ဂလာပွဲကို ၊
နွှဲဖို့ပြင်ထား ။

ဖုံးလုံးတုန်း = ဖုံးတုန်းလုံးတုန်း =  စပါးများအရည် ၊ အဆံ တည်စဦး
ကိုဖုံးတုန်းလုံးတုန်း ( အခွံဖုံးဆဲ ၊ အဆံတည်ဆဲ ) ဟုခေါ်ကြပါသည် ။

အောင်နိုင်သူ  ( 1 / 11 / 2016 )

ဆောင်းသဘာဝ - အချိုးကဗျာ ( ၄၉ )


မိုးရုံလွှာ အဟောင်းကိုပစ်၍ ၊
တဆောင်းသစ် နှင်းပုဝါရယ် ၊
ဆင်းပြိုကာ သည်လောကကို ၊
အလှဆင်တော့တယ် ။

လတန်ဆောင် ပန်းခဝဲတို့ ၊
ပွင့်မြဲပေါ့ ဝင်းလဲ့ထိန်ဝါ ၊
နတ်တော်မှာ သဇင်လှိုင်တုန်း ၊
ဂမုန်းပန်းကြွယ် ။

ပြာသိုလ ခွါညိုရနံ့ဖြာ ၊
သင်းပျံ့ကာ တကဲကဲနဲ့ ၊
တပို့တွဲ ပေါက်လဲဆူးပန်းတို့ ၊
ပွင့်လန်းကြ ဟေမန်ချိန်ဝယ် ၊
ကြည်နူးဘွယ်လွန်ကောင်း ။

မြောက်ပြန်လေ တအေးအေးနဲ့ ၊
ငှက်ကလေးတွေ သံစုံချီပျံ ၊
နားဝင်ပီယံ ငြိမ့်ငြိမ့်ညောင်းလို့ ၊

ကောင်းကင်မှာ မြူမှုန်လွှမ်းတယ် ၊
ချမ်းတုန်တဲ့ဆောင်း ။

အောင်နိုင်သူ ( 31 / 10 / 2016 )

မယ့်ချစ်ဆိပ်မာန် - တေးထပ် ( ၈ )


မိုးဝဿန်   နှောင်းခါစ ၊
ပြောင်းပါရ   ဟေမန် ၊
ဆောင်းကာလ   ဝေးအောင်ဖန်တယ် ၊
တစိမ်းဆန်   နှစ်ပါး ။
မှိုင်းကာညို့   ညနေရီမှာ ၊
လှဧကရီ   ဆွေးရတက်ပွါး ။

ဆည်းဆာည  ချမ်းလှပါသည် ၊
ငဲ့မညှာ   မသနား ။
အဟုတ်လေ   ရှောင်ရှားတော့ ၊
မေတစ်ပါး  အခက်ဖြာ ။
ရွှေစိတ်တော်   ထင်မလွဲပါနဲ့ ၊
ရင်အသည်း   ကွဲလိမ့်တစ်ခါ ။

လွမ်းပါရ   ဝေဒနာရယ် ၊
မေကညာ   စက်လျောင်းမမွေ့ ၊
စိတ်ထောင်းလို့   ခန္ဓာကျေ ၊
မွန်းနစ်ကာနေ ။
တဏှာပူးလို့   ရူးကာသေပစေ ၊
မောင့်ကိုလေ   ဘယ်မမုန်းပြီကွဲ့လေး ။

အောင်နိုင်သူ  ( 31 / 10 / 2016 )


Sunday, October 30, 2016

မီးထွန်းပွဲ - အချိုးကဗျာ ( ၄၈ )


တန်ဆောင်မုန်း လပြည့်ညမို့ ၊
လဝန်းကထိန်ထိန်ဝါ ၊
ညင်းလေငယ်လာ ။

ပွဲခင်းသာ ၊
နာပျော်ဘွယ်ဆိုင်းသံကြား ။

မေ့မျက်နှာ မှုန်နံ့သာသကာ ၊
ချစ်ကြင်စ မောင်နှင့်မယ်တို့ ၊
ရွာအလယ် မီးထွန်းပွဲကို ၊

နွှဲပျော်ဖို့သွား ။

အောင်နိုင်သူ ( 30 / 10 / 2016 )

Saturday, October 29, 2016

မိဗေဒါတို့သံသရာ - အချိုးတွဲ ( ၁၆ )


ချောင်းဖျားမှာ ဝေဝေဆာ ၊
ဗေဒါအုပ်ဒီပန်း ။
အချိန်တန် ရေအကျမှာ ၊

ချောင်းဝကိုမြန်း ။

ရေစီးမှာ ငြိမ်မနေနိုင် ။
ချောင်းလယ်မှာ အဖေါ်ကွဲကာ ၊
ခွဲထွက်လို့ယိုင် ။
လှိုင်းလေနဲ့ ထိပ်တိုက်ဆိုင် ၊
ပန်းခိုင်ကရမ်း ။
ပွင့်ဖတ်ကြွေ မြင်မကောင်းပေါ့ ၊

ခေါင်းစိုက်လို့နွမ်း ။

ချောင်းဝရောက်စုပုံတယ်(တည်) ။
ရေငြိမ်လို့ ဝဲမှာရစ်တော့ ၊ 
မြစ်ထဲမှာလယ်(လည်) ။
ဗေဒါအုပ် အိနြေ္ဒဆယ်(ဆည်) ၊
ခရီးသည်တွေမို့လား ။

နေ့ဓူဝ ထုံးစံမပျက်ပေါ့ ၊
ရေတက်စောင့်စား ။

ဒီရေလည်း ပြန်တက်တစ်ခါ ။
မိဗေဒါ ဖေါ်အပေါင်းတို့ ၊

ချောင်းထဲဝင်လာ ။
ချောင်းထိပ်မှာ အားသစ်လောင်းတာ ၊
ဗေဒါတို့စခန်း ။
ပွင့်သစ်တွေ ဝေဆာလန်းပြန်ပေါ့ ၊
ပန်းဗေဒါနန်း ။


ချောင်းဖျားမှာ ဝေဝေဆာ ၊
ဗေဒါအုပ်ဒီပန်း ။
နောက်တစ်ချီ ရေအကျမှာ ၊
ချောင်းဝကိုမြန်း ။

အောင်နိုင်သူ ( 30 / 10 / 2016 )

တို့ရွာဘုံကထိန် - အချိုးကဗျာ ( ၄၇ )


ပဒေသာပင်တွေ အသွင်ဆန်း ၊
စီတန်းလို့လှည့်အလာ ၊
ဒိုးဝိုင်းကသာ ။

ငါတို့ရွာ ၊
ကညာတွေပျော်လို့မြူး ။

သူသူငါ  စိတ်လက်ကြည်ဖြူ ၊
သဒ္ဓါရည်တူ  လှူခွင့်ကြုံသမို့ ၊
ရတနာပုံအိမ်ဝင်ဆိုက်သလိုပ ၊
သည်းလှိုက်ကြည်နူး ။

အောင်နိုင်သူ  ( 29 / 10 / 2016 )

Friday, October 28, 2016

ဖေါ်မစုံတဲ့နက္ခတ်ပွဲ - အချိုးတွဲ ( ၁၅ )


ဆောင်းဝင်စ တန်ဆောင်မုန်းဝယ် ၊
မောင်ဖုန်းကပေါ်မလာ ။
မယ့်တစ်ကိုယ်ရည် ချမ်းအေးလှပေါ့ ၊

ဖေးကူလှည့်ပါ ။
မြောက်လေပြေ တိုးဝှေ့အသာယာ ၊
ခြုံလွှာနှင့်ထွေးပါရ ။
အပြင်ကချမ်း အသည်းမှာပူလို့ ၊
ချစ်သူကို မြင်ချင်စမ်းတယ် ၊
တမ်းတသသ ။

မိုးဝဠာ အနောက်ရပ်က ၊
ညဦးရဲ့ကြယ် ။

တောက်ပတဲ့ စိန်အဆင်းလို ၊
လင်းထိန်လှတယ် ။
မယ့်အတွေးက ဟိုသည်ကြွယ် ၊
ဘယ်ဝယ်ဆီလွမ်းပါရ ။
စန်းသော်တာ ထွက်မလာတော့ ၊

ရောက်ရာရာ ယောင်ရမ်းငေးလို့ ၊
ဆွေးပူသောက ။

အာကာကို ငေးမျှော်ရင်းပဲ ၊
လမင်းကထွက်ပေါ်လာ ။

ရောင်စဉ်တွေ တဖျတ်ဖျတ်နဲ့ ၊
နက္ခတ်တာရာ ။
လမင်းရယ် ကြယ်တစ်ဖြာ ၊
မဟာသဘင်ဆင်နွှဲ ။

ဖေါ်မစုံ ဟေမန်ဆောင်းမှာဖြင့် ၊
ကံမကောင်းသူ အထီးကျန်လွမ်းပေါ့ ၊
ကျွမ်းနစ်ကျေကွဲ ။

အောင်နိုင်သူ ( 28 / 10 / 2016 )

Thursday, October 27, 2016

လတာပြင် လမုတော လဒ နှင့် လဆွမ်း - အချိုတွဲ ( ၁၄ )


 
လူဒကာဦးဘသာ ။
ဆွေမျိုးတော်  ဘဘုန်းကြီးကို ၊
လှေတစ်စီးနဲ့ ပင့်လို့လာ ။
ကမ်းနှစ်ဘက်မှာ ၊
လတာပြင်က  တဖွေးဖွေး ။
မမြင်ဖူးတဲ့  ဘဘုန်းဘုန်းက ၊
ဘာတုန်းကွဲ့မေး ။

ဦးဘသာလည်း  ပြန်ဖြေရှာ ။
ညိုပြာပြာ  ဟောသည်ကုန်းဟာ ၊
လတာပြင်ပါ ။
အပင်ပေါတဲ့  ဒီလတာ ၊
ဘာတောတုန်းကွ ။
လတာပြင်  အပင်တွေစုတဲ့ ၊
လမုတောဘုရာ့ ။

လတာပြင်  လမုတောမှာ ။
ငှက်တစ်ကောင်ပျံပြေး ၊
မေးပြန်တော့တာ ။
ကြည့်လိုက်စမ်း  ဟဲ့ဒကာ ၊
ဘာငှက်တုန်း
သူရုပ်ရည်  ကုပ်ကွကွနဲ့ ၊
လဒပါဘုရာ့ ။

သူ့ဒေသ  သူတို့ရွာတွင် ။
လ.ဗျည်းကိုတွင်တွင်သုံးသကွဲ့ ၊
ဘဘုန်းကြီးအထင် ။
ဘသာတို့  ရွာရောက်လျင် ၊
မာန်ကိုတင်မိန့်ပုံကကြမ်း ။
လဒကာ   မောင်လဘသာ
တော်ကြာလျင်  လမွန်းလွဲမကွဲ့ ၊
လချိန်မဆွဲ လထမင်းပွဲခင်း ၊
လဟင်းတွေခူးခပ်လို့ ၊
လကပ်ကြလဆွမ်း ။

( ကြားဖူးသောဟာသပုံပြင်တစ်ပုဒ်ကိုမှီငြမ်းပါသည် ။
ဟာသရသသက်သက်ဖြစ်ပါသည် ၊ နားဝင်ခက်ကခွင့်
လွှတ်ကြပါရန်။ )

အောင်နိုင်သူ ( 28 / 10 / 2016 )

Wednesday, October 26, 2016

တောဓလေ့တန်ဆောင်မုန်း - အချိုးတွဲ ( ၁၃ )


ထက်ဝဠာ တိမ်ကင်းလို့ ၊
ထွန်းလင်းကြတာရာ ။
မဲဇလီ ရွက်နုအလှတို့ ၊

ဆေးခချိန်ခါ ။
ကြတ္တိကာ ၊

သော်တာနှင့်ယှဉ်ထွန်း ။
ငွေနှင်းမှုန် မြေပေါ်လျောင်းတယ် ၊
ဆောင်းဝင်မိုးယွန်း ။

မိုးယွန်းမှာ ခဝဲပန်းတွေ ၊
ပွင့်လန်းထိန်ဝါ ။
ညချမ်းချိန် ရွှေလဝန်းက ၊

ပြည့်ရွှန်းလို့သာ ။
ဆီမီးရောင် ဝေဝေဆာ ၊
ပူဇာတဲ့ တန်ဆောင်တိုင်ပွဲ ။
တိုင်းဋ္ဌာနေ ပြည်တစ်ဝှမ်းမှာဖြင့် ၊
လျှမ်းတောက်ထိန်ကဲ ။

ထိန်ကဲတဲ့ မီးရောင်ဆန်းနဲ့ ၊
သင်္ကန်းယက် ပြိုင်ကြသည် ။

ရှေးစဉ်ဆက် ကဗျည်းထိုးလာ ၊
မသိုးသင်္ကန်းမည် ။
ပဒုမ္မာနံ့ သင်းကာကြည် ၊
ကြာခြည်နဲ့ရွှေသင်္ကန်း ။
ဗုဒ္ဓရှင် ကိုယ်တော်ထက်မှာ ၊
ဆက်ကပ်ဆင်မြန်း ။

ဆင်မြန်းကြ နိဗ္ဗာန်နန်းအသွင် ၊
ပန်းပဒေသာပင် ။
လှူဘွယ်တွေ အစုစုနှင့် ၊
ဝတ္ထုစုံလင် ။

ကြေးသံထည် တချွင်ချွင် ၊
သံလွင်လွင်တွဲလို့ရွဲ ။
လတန်ဆောင် ကျောင်းတော်ဝင်းမှာ ၊
ခင်းကထိန်ပွဲ ။

ကထိန်ပွဲ လူတွေဝိုင်းလို့ ၊
ဆိုင်းသံကမြိုင် ။
ကာလသား လူပျိုတစ်သိုက်မှာ ၊
ကလိုက်ကြအပြိုင် ။
အကျွေးအမွေး ဟင်းတွေလှိုင် ၊
ထိုင်ရာမထ ဝအောင်စား ။
အပျော်လွန် မနောခွေ့ကြတယ် ၊

တောဓလေ့မို့လား ။

ကြတ္တိကာ = ကြတ္တိကာနက္ခတ် ။

အောင်နိုင်သူ ( 27 / 10 / 2016 )

Friday, October 21, 2016

လက်ဆေးကြမယ် - ကလေးကဗျာ ( ၁၀ )


အစားမစားခင်မှာ လက်ကိုဆေးကာ ၊
ကျန်းမာရေးကို ဂရုစိုက်မယ် ။
စားပြီးလျင်လည်း လက်ကိုဆေးမှ ၊
တို့လက်လေးတွေ သန့်ရှင်းမယ် ။

ရေအိမ်သာကို ဝင်ကာသုံးလျင် ၊
ဆပ်ပြာတုံးနဲ့ လက်ဆေးမယ် ။
ညစ်ပေနေလျင် လက်ကိုဆေးမှ ၊
လက်တွေဖွေးလို့ သန့်ရှင်းတယ် ။
သန့်ရှင်းတယ်…..သန့်ရှင်းတယ် ။


ကစားစရာတွေ ကစားတာပြီးလျင် ၊
မပျက်စီးအောင် သိမ်းရတယ် ။
လက်တွေကိုလည်း စင်အောင်ဆေးမှ ၊
တို့လက်လေးတွေ မပျက်ဘူးကွယ် ။

တို့လက်ကလေးတွေ အမြဲလိုလှအောင် ၊
လက်ဆေးကြမယ် သူငယ်ချင်းရယ် ။
မုန့်ကိုမကိုင်ခင် လက်တွေဆေးမှ ၊

ရောဂါဘေးက လွန်မြောက်မယ် ။
လက်ဆေးကွယ်…..လက်ဆေးကွယ် ။

( မည်သူမဆိုကူးယူအသုံးပြုနိုင်ပါသည် )

အောင်နိုင်သူ ( 21 / 10 / 2016 )

ပန်းကောင်းကလေးများ - ကလေးကဗျာ ( ၉ )


လူကြီးရှေ့မှာ လက်ကိုပိုက်ပါ ၊
ခေါင်းကိုငိုက်ကာ သွားရတယ် ။
ကြီးသူရိုသေ ရွယ်တူလေးစား ၊
ငယ်သူများကို သနားရမယ် ။

ခင်ဗျားကျွန်တော် ရှင်ကျွန်မနဲ့ ၊
ဟုတ်ကဲ့ကိုလည်း ပြောကြကွယ် ။
ယဉ်ကျေးလိမ်မာ စကားကိုပြောလျင် ၊

တွေ့သူသဘောကျ ခင်ကြတယ် ။
ယဉ်ကျေးမယ်…..ယဉ်ကျေးမယ် ။

ဘုရားတရားသံဃာ မိဘများရယ် ၊
ဆရာသမားကို ချစ်ရတယ် ။
ဆုံးမနာယူ လွယ်ကူမှကွယ် ၊
သားလှရတနာ ဖြစ်လိမ့်မယ် ။

ပန်းပင်စိုက်လျင် ပန်းတွေတင့်ကာ ၊
ပန်းပွင့်လေးတွေ ပွင့်လိမ့်မယ် ။

ကောင်းတာလိုလျင် ကောင်းတာပြုမှ ၊
ကောင်းမှုများစွာ ရတတ်တယ် ။
မှတ်ထားကွယ်…..မှတ်ထားမယ် ။

( မည်သူမဆိုကူးယူအသုံးပြုနိုင်ပါသည် )

အောင်နိုင်သူ ( 19 / 10 / 2016 )

ဘောလုံးလေးတွေရေကြမယ် - သံပေါက် ( ၄ )


ဘောလုံးတစ်လုံး ရှိလေသော် ၊
နံပါတ်( ၁ )လို့ခေါ် ။

တစ်လုံးအဟောင်းနဲ့ တစ်လုံးအသစ် ၊
အဲဒါနံပါတ် ( ၂ ) ။

နှစ်လုံးထဲကို တစ်လုံးရောက်လာ ၊
နံပါတ်( ၃ ) ပေါ့ကွာ ။

သုံးလုံးဘေးမှာ တစ်လုံးငေး ၊
မှတ်ပေါ့နံပါတ်( ၄ ) ။

လေးလုံးကိုကွယ် တစ်လုံးတွယ် ၊
နံပါတ်( ၅ )တဲ့ကွယ် ။

ငါးလုံးဘေးကို တစ်လုံးရောက် ၊
အဲဒါနံပါတ် ( ၆ ) ။

ခြောက်လုံးပေါ်မှာ တစ်လုံးသွန် ၊
မှတ်ကြနံပါတ် ( ၇ ) ။

ခုနစ်လုံးထဲကို တစ်လုံးပစ် ၊
ဂဏန်းနံပါတ်( ၈ ) ။

ရှစ်လုံးအပေါ် တစ်လုံးတိုးသော် ၊
နံပါတ်( ၉ ) လို့ခေါ် ။

ကိုးလုံးတစ်လုံး ပေါင်းကာထား ။
နံပါတ်( ၁၀ )တဲ့ဗျား ။

တစ် နှစ် သုံး လေး ငါး တဲ့ကွယ် ၊

ခြောက် ခွန် ရှစ် ကိုး ဆယ် ။

ဆယ်လုံးဂဏန်း မှတ်ကာထား ၊
သားသားမီးမီးများ ။

( မည်သူမဆိုကူးယူအသုံးပြုနိုင်ပါသည် )

အောင်နိုင်သူ ( 18 / 10 / 2016 )

Monday, October 17, 2016

ကြာကန်အလယ်မောင်နဲ့မယ် - သံပေါက် ( ၃ )


စိမ်းမြကြည်စွာ ၊ ရေကန်သာ ၊
ပန်းကြာတဖွေးဖွေး ။

လေညင်းဆောင်ရာ ၊ ရနံ့ဖြာ ၊
သန်းကာတမွှေးမွှေး ။

ပင်လယ်ပမာ ၊ ပန်းကမ္ဘာ ၊
ဆန်းကာတရေးရေး ။

လှေဦးထိပ်မှာ ၊ ရေမှုန်လွှာ ၊
သန်းလာတအေးအေး ။

လှနိုးရာရာ ၊ ပဒုမ္မာ ၊
မှန်းကာတရွေးရွေး ။

လှေငယ်လှော်လာ ၊ ငြိမ့်ညောင်းစွာ ၊
မြန်းတာတနှေးနှေး ။

ခူးသည့်ရွှေကြာ ၊ ပျို့ရင်မှာ ၊
လန်းစွာတထွေးထွေး ။

မယ့်မောင်ကြီးမှာ ၊ မယ့်ကိုသာ ၊
မှန်းကာတငေးငေး ။

မယ်လေးမျက်နှာ ၊ ရှက်သွေးဖြာ ၊ 

ဖြန်းကာတနွေးနွေး ။

အောင်နိုင်သူ ( 17 / 10 / 2016 )

အလွမ်းဟေမန် - နဘေပြန်သံပေါက် ( ၁ )


ဟိုကမ်းငွေသောင် ၊
လွမ်းစေအောင် ၊
နေရောင်ဖျော့ဖျော့မှာ ။

လေပြေလေညင်း ၊
ချွေငွေနှင်း ၊
ဝေဆင်းပြိုကျလာ ။

ငှက်ကျေးပျော်စံ ၊
ကြွေးကြော်ညံ ၊
အော်သံမျိုးစုံစွာ ။

မြိုင်လယ်တင့်ဆန်း ၊
ထယ်ဝင့်လန်း ၊
ပွင့်ပန်းဝေဝေဆာ ။
.
စိုလူးနှင်းလှုံ ၊
ဖူးဆင်းငုံ ၊
သင်းထုံရနံ့ဖြာ ။

ငေးမျှော်ကမ်းဘေး ၊
ဖေါ်လှမ်းဝေး ၊
ချမ်းအေးမပြေပါ ။

သည်းကျွမ်းစေရန် ၊
လွမ်းနေပြန် ၊
ဟေမန်ဆောင်းလခါ ။

ထယ် = ထည်  ။

အောင်နိုင်သူ ( 17 / 10 / 2016 )

Sunday, October 16, 2016

သီတင်းကျွတ်အခါသမယ - ဥသြသံချိုဆင့် ( ၂ )


သီတင်းကျွတ်လျင် ၊ တိုင်းတခွင် ၊
ပလ္လင်ဆေးမိုး ရွာပေါ့အတည် ၊
မမြင်ဘေးဆိုး ကွာတော့သည် ။

မုတ်သုန်ဝဿန် ၊ နေရပ်ပြန် ၊
ဧကန်ပြောင်းလဲ မြောက်လေချီ ၊
ဟေမန်ဆောင်းထဲ ရောက်လေပြီ ။

ပန်းပဒုမ္မာ ၊ ပွင့်ချိန်ခါ ၊
ရေမှာလှိုင်လှိုင် ဖွေးနေသည် ၊
ဝေဆာကြိုင်ကြိုင် မွှေးလေမည် ။

ညခင်းဆည်းဆာ ၊ လစန္ဒာ ၊
တိမ်လွှာကင်းမဲ့ အာကာဆီ ၊
ထိန်ကာလင်းလဲ့ သာယာပြီ ။

စိန်လိုရောင်လင်း ၊ ကြယ်တသင်း ၊
ခင်းကျင်းအမှောင်မှာ ဝေကာတည် ၊
ဝင်းဝင်းရောင်ဖြာ နေပါသည် ။

လပြည့်ညမှာ ၊ မြတ်ဗုဒ္ဓါ ၊
လူ့ရွာသာစခန်း ဆင်းခဲ့သည် ၊
မုဒြာကြာပန်း သင်းလဲ့ကြည် ။

ဘုရားကြည်ညို ၊ သဒ္ဓါပို ၊
ဆီးကြိုလူများ တူမျှော်ရည် ၊
မီးကိုလှူထား ပူဇော်သည် ။

မုဒြာ = ကုမုဒြာ ။

အောင်နိုင်သူ ( 16 / 10 / 2016 )

Friday, October 14, 2016

ပျိုတို့ရွာသာစခန်း - နွယ်သာကီသံပြတ် ( ၂ )


မှောင်ရီ ရောင်ခြည် ပျို့ကာသန်းရင် ၊
တို့ရွာစခန်းက သာလှတယ်ရှင့် ။

ညံစည် ပျံသည် ထက်ယံဖျားမှ ၊
ငှက်သံများက သာလှတယ်လေ ။

ဝါဝါ ပြာပြာ ပန်းစုံပွင့်တော့ ၊
လျှမ်းထုံတင့်ပေါ့ သာလှတယ်ရှင့် ။

နေခြည်ဆမ်းလို့ သဘာဝတခွင် ၊
ရွှေရည်လွှမ်းသို့ သာလှသရှင် ။

ရွာအဝင်လမ်း ယာခွင်တဝှမ်းနဲ့ ၊
ကြာပြင်လွှမ်းလို့ သာလှတယ် ၊
လာချင်လှမ်းလို့ လာပါ့ကွယ် ။

ကောက်နှံတွေက စိမ်းမြတုန်းမယ် ၊
မြောက်ပြန်လေခ ယိမ်းကမဆုံးတယ် ။

သွယ်ဆင်းသွားတဲ့ ခင်တန်းခြုံနွယ် ၊
လယ်ကွင်းများနဲ့ ပင်ထန်းစုံတယ် ။

တောင်တန်းတွေလည်း မို့မို့ဆိုင်းတော့ ၊
မြောင်ဝှမ်းရှည်ထဲ ညို့ညို့မှိုင်းပေါ့ ။

ချောင်းရေပေါ်မှာ ငါးရှာကြလျင် ၊ 
လောင်းလှေလှော်ကာ သွားလာရသရှင် ။

ချောမေမကိုဋ်တွေ အပျင်းမဖက်ဘူးကွယ် ၊
တောခြေတဝိုက်မလေ ဟင်းရွက်ခူးတယ် ။

တောဓလေ့မို့ ၊
မနောခွေ့လို့ စိတ်ရွှင်လန်းမှာ ၊
ဖိတ်ချင်စမ်းပါ့ သူငယ်ချင်းရေ ၊
လယ်ကွင်းတွေမှာ မြရောင်လွှမ်းတော့ ၊
ခဏတောင်လွမ်းစရာ မရှိဘူးကွယ် ၊
အသိထူးနဲ့ တွေးကာငေးလို့ ၊

တေးကဗျာရေးရင် ရသေးတယ် ၊
အလှသွေးကြွယ် နဂိုချောသည့် ၊
အပျိုပေါတဲ့ တို့ရွာစခန်းကို ၊

မြန်းခဲ့ကြလေး ။

အောင်နိုင်သူ ( 14 / 10 / 2016 )

မိုးနှောင်းဟေမန် - ကလေးကဗျာ ( ၈ )


ပျံလွှားလေးတွေ ဝေဟင်ထဲမှာ ၊
ဟိုသည်ဝဲကာ မြူးလို့နေ ။
ငွေဂျိုးဖြူရယ် တကူကူချွဲ ၊
အဖေါ်ကွဲကာ လွမ်းသလားလေ ။

မိုးစက်ဝသန်ရေ ဘယ်မှာလည်းကွယ် ၊
တိမ်မှောင်မဲတွေ မတွေ့တော့ပေ ။
နှင်းမှုန်ငွေရည် အာကာထဲမှာ ၊
ဘယ်သူကြဲကာ ဖြန်းပက်နေ ။
မြူနှင်းဝေ.....မြူနှင်းဝေ ။
.
အောင်နိုင်သူ ( 15 / 10 / 2016 )

တိမ်တောက်ချိန် - အချိုးကဗျာ ( ၄၆ )


ကောင်းကင်မှာ တိမ်တစ်ဝက်မို့ ၊
မှောင်တစ်ချက် လင်းတစ်ခါ ၊
ညနေဆည်းဆာ ။

ညင်းလေသာ ၊
ညံစာစာ ငှက်တစ်သင်း ။


နေဝင်ချိန် တိမ်တောက်တော့ ၊
ပျိုဆံတောက်တို့ ရေခပ်အသွားမှာ ၊
အသားတော်ပဝင်း ။

အောင်နိုင်သူ ( 13 / 10 / 2016 )

Wednesday, October 12, 2016

သီတင်းကျွတ်အခါ - နွယ်သာကီသံပြတ် ( ၁ )


နေသာ ရွှေကြာ လှိုင်လှိုင်ဖွေးတော့ ၊
ကြိုင်ကြိုင်မွှေးပေါ့ သီတင်းကျွတ်အခါ ။

လေအလာ ရေမှာ ခုန်ကာတိမ်းကြ ၊
ပဒုမ္မာယိမ်းက သီတင်းကျွတ်အခါ ။

ညမှာ လသာ ဝိုင်းကာဝင်းလဲ့ ၊
တိုင်းဝဠာလင်းတဲ့ သီတင်းကျွတ်အခါ ။

မီးတွေ ရွှန်းလဲ့ အလင်းလွှတ်ကာ ၊
မငြီးစေ ထွန်းတဲ့ သီတင်းကျွတ်အခါ ၊

ဘဂဝါဘုရားသို့ ဦးတော်ချလို့ ၊
သဒ္ဓါပွါးသမို့ ဖူးမျှော်ကြစို့ ၊
သဟာအများတို့ ထူးအပျော်မျှဖို့ ။

ဆန်းထွေတဲ့ မကောင်းမှုတွေပယ် ၊
ပန်းသပြေနဲ့ တောင်းဆုချွေမယ် ။

မိဘ သမားကို မသွေကန်တော့ပါလို့ ၊
ရှိသမျှ အမှားဆို ဖြေလျှော့ပါစို့ ။

ဘုရားကျောင်းကန် သွားမှအမြန် ၊
တရားကောင်းအမှန် ပွါးကြဧကန် ။

ပါသမျှ ဒီဘဝ စုရမှာက ၊
ဒါန သီလ ပြုကြပါဗျ ။

သီတင်းကျွတ်အခါ ၊
မယွင်းလွတ်ကာ အပါယ်မလားစေဖို့ ၊
တကယ်သွားမှာ နိဗ္ဗာန်ရောက်အောင်ကွဲ့ ၊
စိတ်သဏ္ဌာန်မမှောက် သီလတည်လျင် ၊
ကြည်မြမည် ဘဝင်နှလုံးမှာဖြင့် ၊
ရွှင်ပြုံးကာ ဘေးမသန်းပြီမို့ ၊

အေးချမ်းလိမ့်လေး ။

အောင်နိုင်သူ ( 13 / 10 / 2016 )

မင်းကွန်းခေါင်းလောင်းတော် - အချိုးကဗျာ ( ၄၅ )


မြတ်ဗုဒ္ဓသာသနာထွန်းလေသည့် ၊
မင်းကွန်းမှာတဲ့သံသာယာ ၊ 
ခေါင်းလောင်မဟာ ။

ဂုဏ်ယူစရာ ၊
ကမ္ဘာတခွင်မှာကျော်ကြား ။

ပိဿာခြောက်သောင်းလေးပါလို့ ၊
ရှုငေးဘွယ် အလွန်ကောင်းတာမို့ ၊

ပေါင်းသဟာဆွေမင်းကွန်းဘုရားကိုလ ၊
သွားဖူးစို့လား ။

( မင်းကွန်းခေါင်းခေါင်းတော်ကြီးသည်အလေးချိန်ပိသာ

ခြောက်သောင်းရှိကြောင်း ၊ မှတ်ရလွယ်စေရန်နှင့် - ကက်ကင်း -
မိစေရန် - ၅၅၅၅၅ - ပိဿာဟုကဗျည်းထိုးခဲ့ကြောင်း ၊ (၅) ငါးလုံး

ပေါင်းလျင် ( ၂၅ ) ရ၍ ၊ နေ့နံအားဖြင့် ( က - မ ) ဖြစ်သော
ကြောင့် ( မင်းကွန်း ) နှင့်ကက်ကင်းမိကြောင်း ၊ ထို့အပြင်
ရှေးယခင်က မင်းကွန်းခေါင်းလောင်းတော်ကြီးတွင် အရံခေါင်းလောင်း
ငယ် ( ၈ ) လုံးရှိခဲ့ကြောင်းမှတ်သားခဲ့ဖူးပါသည် ။ )

အောင်နိုင်သူ ( 13 / 10 / 2016 )

သီတင်းကျွတ်အလှူပွဲ - ဒိုးပတ်တေး+သံချပ် ( ၁ )


ဝါလတွေကင်းကာလွတ် ၊
သီတင်းကျွတ်တဲ့ ဒီချိန်ခါ ။
ဝါလတွေကင်းလို့လွတ် ၊
သီတင်းကျွတ်တဲ့ ဒီချိန်ခါ ။

သဟာယတွေ လာပါဗျာ ၊
ကုသိုလ်တော် ယူကြဖို့ရာ ။
သဟာယတွေ လာပါလာပါ ၊
ကုသိုလ်တော်ယူကြစို့ဗျာ ။

တစ်မူးရှိတော့ တစ်ပဲလှူမှာ ၊
တစ်ပဲရှိတော့ တစ်ပြားလှူမှာ ။
တစ်ပဲရှိတော့ တစ်ပြားလှူမှာ ၊
တစ်မူးရှိတော့ တစ်ပဲလှူမှာ ။

ဒါနာမဟာ…..ကြုံခိုက်မှာ..………….၊
အလိုဗျာ…….တို့တတွေအလှူပွဲ….၊

ပေါင်းဆုံကာနွှဲ……နွှဲ………………...။

သံချပ်
****
စိန်..စိန်..စိန်လားမောင်တို့ ၊
မြ..မြ..မြလားမောင်တို့ ။
မြ..မြ..မြလားမောင်တို့ ၊
စိန်..စိန်..စိန်လားမောင်တို့ ။

ဝါလွတ်ကင်းလို့ သီတင်းကျွတ်ပြီ ၊
တို့များဋ္ဌာနီ ပျော်ပွဲရွှင်ပွဲ ။

ဗုဒ္ဓမြတ်ကို မှန်းမျှော်ရည် ၊
ဆိမီးစုံညီ ပူဇော်ကြစို့ ။

တာဝတိံသာက ကြွမြန်းလာ ၊
မြတ်ဗုဒ္ဓါကို ဦးခိုက်မျှော်ဖူး ။

သီတင်းကျွတ်လပြည့် နေ့မဟာ ၊
တို့ဘာသာမှာ အဘိဓမ္မာနေ့ပဲ ။

ဗုဒ္ဓသာသနာ အဓွန့်ရှည်ကြာ ၊
ကမ္ဘာပေါ်မှာ တည်ပါစေသား ။

ဆုတောင်းရုံနဲ့ မဖြစ်နိုင်ပါ ၊
ဝိုင်းကာဝန်းကာ ထိန်းသိမ်းကြစို့ ။

နည်းများမဟူ ကုသိုလ်ယူ ၊
နတ်လူသာဓု အနုမောဒန ။

ချမ်းသာလိုလျင် ဒါနကို ၊
စိတ်လိုလက်ရ ပြုကြပါဗျ ။

တတ်နိုင်သမျှ လှူဒါန်းလျင် ၊
နိဗ္ဗာန်ကိုပင် ရောက်မှာအမှန်ပဲ ။

အလှူအတမ်းမှာ လက်မနှေးတာ ၊
တို့ရွှေမြန်မာ ကမ္ဘာရှားဟေ့ ။

ကောင်းကျိုးကိုမျှော် နှိုးကာဆော် ၊
မျိုးတော်ဆွေတော် ချမ်းသာစေသား ။

ဟေ့..တကယ်လား ၊
ဟုတ်ပါ့ဗျား ။
ဟေ့..တကယ်လား ၊
ဟုတ်ပါ့ဗျား ။
ဟေး..လာ..မောင်..တို့ ..ဝါး ။

အောင်နိုင်သူ ( 12 / 10 / 2016 )

ညခင်းဆည်းဆာ - ဥသြသံချိုဆင့် ( ၁ )


တိမ်မျှင်ဖြူလွှာ ၊ လေနှင်ရာ ၊
စန္ဒာနားက လွင့်ပေါ့ကွယ် ၊
ပုဝါပါးမျှ တင့်တော့တယ် ။ 


ကောင်းကင်ဘုံတွင်း ၊ ကြယ်တွေလင်း ၊
လမင်းထိန်ထိန် သာလှတယ် ၊
ညခင်းမှိန်မှိန် ပဏာရဘွယ် ။


သော်တာရောင်ဆမ်း ၊ လှိုင်းသံလွှမ်း ၊ 
သောင်ကမ်းဗွေမှာ တကျယ်ကျယ် ၊
ယောင်ယမ်းဖွေရှာ တလယ်လယ် ။

ညမှာပွင့်လန်း ၊ ညမွှေးပန်း ၊
ကူးသန်းပျံ့ကြွယ် ကြိုင်ကာရယ် ၊
ထူးဆန်းအံ့ဘွယ် လှိုင်ရှာတယ် ။

လှပဆည်းဆာ ၊ လေညင်းသာ ၊
ကြင်နာယုယ ထွေးပေါ့ကွယ် ၊
ရင်မှာခုမှ နွေးတော့တယ် ။


အောင်နိုင်သူ ( 12 / 10 / 2016 )

Tuesday, October 11, 2016

မင်္ဂလာပွဲ - အချိုးတွဲ ( ၁၂ )


သုံးနှစ်တာ သုံးမိုးရယ်တဲ့ ၊
တိုးလို့သာ ချစ်ကြိုးသွယ် ။
မလိမ်ညာ အမှန်ပြောလျင်ဖြင့် ၊
သံယောဇဉ်တွယ် ။
မုန်းဖို့တော့ လုံးလုံးမလွယ် ၊

မောင်နှင့်မယ်သစ္စာထား ။
နေ့တိုင်းသာ ဆုမွန်တောင်းတယ်
ပေါင်းရစေသား ။

ခုများဖြင့် မိုးလေလွတ်လို့ ၊
ဝါကျွတ်ပြီလေး ။
ချစ်တဲ့သူ ပျိုကညာယဉ်ကို ၊
မင်္ဂလာယှဉ် အချိန်ကောင်းမှာ ၊

တောင်းမယ်လို့တွေး ။

မောင့်ချစ်သူ မြလေးရယ် ၊
အလှသွေးကကြွယ် ။
ချစ်ရက်ကယ် ရှည်ကြာညောင်းလို့ ၊

ပေါင်းဖို့ကြံရွယ် ။
မိဘစုံ ဆွေမျိုးတွေအလယ် ၊
တင့်တယ်တဲ့မင်္ဂလာပွဲ ။
တူမောင်မယ် ကြည်နူးမဆုံးပေါ့ ၊
ပြုံးပျော်လို့နွှဲ ။

အောင်နိုင်သူ ( 11 / 10 / 2016 )

Monday, October 10, 2016

ဆုထူးတော်ပန် - အချိုးကဗျာ ( ၄၄ )


ဝါလလွန် သီတင်းကျွတ်လို့ ၊
ခူးဆွတ်ကြ ပန်းရွှေကြာ ၊
အဖူးအပွင့်ဝေဆာ ၊ ။

သင်းရနံ့ဖြာ ၊
လှရာရာရှာလို့ရွေး ။

စိန္တေရှင် ဘုရားမှာလှူလို့ ၊
မောင်မယ်အတူ ပန်ဆုထူးရယ်နဲ့ ၊
ဖူးကြစို့လေး ။

အောင်နိုင်သူ ( 10 / 10 / 2016 )

Sunday, October 9, 2016

အဘိဓမ္မာအခါတော်နေ့ထူး - တေးထပ် ( ၇ )


 
အဘိဓမ္မာ   မြွက်ဆိုဟ ၊
သုံးဝါလ  အချိန်ကြာ ၊
ဟောကာပြ   နတ်ဗြဟ္မာလယ် ၊
အမိမာတာ   နာကြား ။
စံမြန်းခဲ့  တာဝတိံသာ ၊
ဂုဏ်ရောင်ထိန်  သုံးလူထွဋ်ထား ။

ကြွမြန်းခဲ့  လူ့ဋ္ဌာနေဆီ ၊
နတ်ဗြဟ္မာ  ခစား ။
စောင်းတန်းရယ်  ပတ္တမြားဆီက ၊
မြတ်ဘုရား  တင့်စွာ ။
ရွှေလဝါ  ပြည့်ရွှန်းပဝင်းတဲ့ ၊
သမယ  သီတင်းကျွတ်ချိန်ခါ ။

မီးရောင်နဲ့  ပူဇာသဘင်ရယ် ၊
လူတကာ  ဆင်နွှဲလို့ ၊
တည်မြဲခဲ့  ချိန်ရှည်ကြာ ၊
ဦးထိပ်ပန်လာ ။
သီတင်းကျွတ်  ဟောသည်အခါဟာ ၊
အဘိဓမ္မာ   နေ့ထူးကွဲ့လေး ။

အောင်နိုင်သူ  ( 9 / 10 / 2016 )

Friday, October 7, 2016

မေတ္တာရေလောင်း - အချိုးကဗျာ ( ၄၃ )


တစ်မိုးသောက်ပြန်ပေါ့ဆွေသဟာ ။

ဖြိုးမောက်စေ  ရတနာအပေါင်းရယ်လို့ ၊
တောင်းဆုမင်္ဂလာ ။

အောင်နိမိတ် အောင်အတိတ်တွေနဲ့ ၊
ကိုယ်စိတ်နှစ်ဖြာ  အလိုဣစ္ဆာရယ် ၊

မြန်မကြာ  ပြည့်ဝစေကြောင်း ။

မိုးဆမ်းပန်းလို  လန်းဝေဖြာကာ ၊

ဘေးဘယာတွေ   ဝေးကွာဖို့ကွယ် ၊
( ပန်းသပြေရယ်နဲ့ )

မေတ္တာရေလောင်း ။

ဣစ္ဆာ = လိုလားတောင်းတခြင်း ။

အောင်နိုင်သူ ( 8 / 10 / 2016 )

သုဝဏ္ဏသာမရေခပ်ခဏ်း - အချိုးကဗျာ ( ၄၂ )


အနောက်ယွန်းပြီကွဲ့ ဒေါင်းဖန်ဝါ ။

တောမြိုင်လယ် ချောင်းသီတာကမ်းကိုလ ၊
လှမ်းလာခဲ့ ရွှေသမင်အပေါင်းရယ်နဲ့ ၊

ရောင်းရင်းဆွေပမာ ။

ငှက်ကျေးတွေ သံစုံကြူးပါလို့ ၊
ကြည်နူးဘွယ် ဒေါင်းတွန်သံကသာ ၊
ဆည်းဆာအလှထွေပြား ။

ခပ်ကြပါကွဲ့ အလျင်စလိုသာ ၊

နေအညိုမှာ ရေချိုထမ်းကာ ၊
( ကျောင်းသင်္ခဏ်းကိုတဲ့ )

လှမ်းကြစို့လား ။

အောင်နိုင်သူ ( 7 / 10 / 2016 )

ပေါင်းရစေသား - အချိုးကဗျာ ( ၄၁ )


မြတ်ဘုရားကိုတဲ့လှူစရာ ။

မြကန်သာ ရဝေနန်းဆီက ၊
ပန်းချိုးလို့လာ ။

အလှထူး တင့်တယ်အဆင်းရယ်နဲ့ ၊
ရနံ့သင်းပါဘိ ပန်းပဒုမ္မာ ၊
လန်းဖြာခန့်ငြား ။

ပန်းရွှေကြာ ဘုရားမှာကပ်ပါလို့ ၊
အထပ်ထပ်သာ တောင်းဆုပန်ယူ ၊
ချစ်ဦးသူ နွဲ့နှောင်းရယ်နဲ့ ၊

ပေါင်းရစေသား ။

အောင်နိုင်သူ ( 7 / 10 / 2016 )

Thursday, October 6, 2016

Post လမ်းညွှန်


Page  ၏ဘေး Blog  Archive  အောက်မှ မိမိနှစ်သက်ရာ
ကဗျာကို လအလိုက် ခေါင်းစဉ်အလိုက် Click  ၍ရွေးချယ်
ဖတ်ရှုနိုင်ပါသည် ။ဝင်ရောက်ဖတ်ရှုအားပေးသည့်အတွက်
ကျေးဇူးအထူးတင်ရှိပါသည် ။ ------------------------------------------>

အောင်နိုင်သူ

ဆောင်းရင်ခွင်မှမိုးသို့အလွမ်း - အချိုးကဗျာ ( ၄၀ )


မိုးတိမ်တွေ တဖြေးဖြေးနဲ့ ၊
တဝေးဝေး တအိအိပြန်လို့ ၊
မိဝဿန်   လာရာလမ်းကိုဖြင့် ၊
လှမ်းတော့မဲ့သဏ္ဌာန် ။

စည်တီးသံ တဂျိမ်းဂျိမ်းရယ်နဲ့ ၊
တယိမ်းယိမ်း ဆုတ်လို့ခွါတော့ ၊
မုတ်သုန်မိုး ရာသီနှောင်းပါပေါ့ ၊

ဆောင်းဝင်မည့်ဟန် ။

နှင်းကိုမျှော် မိုးရက်တွေလွမ်းပါရဲ့ ၊
ကျွမ်းရစ်နှောင် ကြည်နူးမဆုံးခင်ပဲ ၊
အပြုံးမဲ့စွာ မိဝဿန်   ရယ် ၊
မင်းပြန်ရက်အား ။

မင်းကိုယ်စား ငွေမှုန်နှင်းတွေနဲ့ ၊

လေညင်းငယ် ချန်ထားရစ်တော့ ၊
ပြန်သွားသူ မိမိုးသခင်ကိုလ ၊ 
ဆောင်းရင်ခွင် ဟေမန္တမှာဖြင့် ၊
လွမ်းရမှာလား ။

စည်တီးသံ = မိုးခြိမ်းသံ ။ တဖြေးဖြေး = တဖြည်းဖြည်း ။

အောင်နိုင်သူ ( 6 / 10 / 2016 )

ရှင်ပြုဘိသိက် - အချိုးကဗျာ ( ၃၉ )


ဓလေ့ရိုးရာ တို့မြန်မာ ။
    
မြတ်ဗုဒ္ဓ သာသနာဘောင်ကိုဝင် ၊
အောင်သဘင် ရှင်ပြုတဲ့မင်္ဂလာပွဲကို ၊
နွှဲသည့်ချိန်ခါ ။

သာသန အမွေခံဧကန်ထိုက်စေဖို့ ၊
အမြိုက်ဒေသနာ ရှေးအစဉ်လာ ၊
လိုက်နာကာခံယူထား ။

ဓမ္မဒါယကာ မိတ်သဟာအပေါင်းရယ် ၊

ကောင်းခြင်းအရာရာ လိုအင်ဆန္ဒတွေ ၊
ပြည့်ဝစေသား ။

အောင်နိုင်သူ ( 7 / 10 / 2016 )

Tuesday, October 4, 2016

ချိုးခဲ့ပါရွှေကြာရိုး - အချိုးကဗျာ ( ၃၈ )


စိမ်းရောင်စို  တောင်တရိုးမှာဖြင့် ၊
မြူခိုးတွေကဖွဲ့နှောင် ။

ထက်ဝဠာ  ဝေဟင်တိုင်းရယ်က ၊
မှိုင်းညို့ညို့မှောင် ။

မိုးအရွာလွန်  တော်သလင်းပေမို့ ၊
လယ်ကွင်းတွေက  ရေဖေါင်ဖေါင် ၊
မိုးတောင်ကချုန်း ။

လယ်နဘေး  ကန်ရေပြာမတော့ ၊
ကြာဖူးတွေလည်း  အလျှိုလျှိုထောင် ၊
နေညိုမှောင်  အိမ်ပြန်မြန်းရင်ဖြင့် ၊
ပန်းပဒုမ္မာ  ရွှေကြာရိုးတွေ ၊
ချိုးခဲ့မောင်ဖုန်း ။

အောင်နိုင်သူ ( 29 / 9 / 2016 )

အောင်ဆန်းရဲ့သွေး - အချိုးကဗျာ ( ၃၇ )


အောင်ဆန်းတဲ့ သေနိုင်ရိုးလား ၊
အမြုတေမျိုး  ပါကွဲ့မြန်မာ့တိုင်းမှာ ၊ 
သမိုင်းမော်ကွန်းဝင် ။

ရုပ်ရည်က  ထည်ထည်ခန့်လေသနဲ့ ၊
ရှင်းသန့်တဲ့  စိတ်စေတနာ ၊

တို့မြန်မာ  လွတ်လပ်ရေးအတွက် ၊
သွေးနဲ့ကယ်တင် ။

မျိုးရိုးက  ထွန်းတောက်မငြီးတော့ ၊
သမီးငယ်   အောင်ဆန်းစုကြည် ၊
တို့မြန်ပြည်  ဒီမိုကရေစီအမှန်ရဖို့ ၊
သူ့ဘဝ  နည်းနည်းမျှပင်သူမခင် ၊
ထီမထင် စွန့်လွှတ်ခဲ့သေး ။

မြန်မာ့ရာဇဝင်  ကမ္ဘာမှာမရိုင်းစေဖို့ ၊
သမိုင်းပေးတဲ့ မေတ္တာနဲ့သစ္စာအမွေ ၊
တို့မြန်ပြေ  ပတ္တမြားပြည်တန်ပေမို့ ၊
မျိုးဂုဏ်မာန်  အစဉ်လန်းပါတဲ့ ၊

အောင်ဆန်းရဲ့သွေး ။

အောင်နိုင်သူ ( 4 / 10 / 2016 )

ပြန်ခဲ့ပါသည်မွေးဋ္ဌာနီ - ကလေးကဗျာ ( ၇ )




မိုးကောင်းကင်မှာ  တိမ်တွေကင်းကာ
သီတင်းဝါလ  ကျွတ်တော့မည် ။
ဖြူနီဝါပြာ  ချစ်စရာမီးရောင် ၊
ထိန်ထိန်ငြီးအာင်  ထွန်းလိမ့်မည် ။
.

လွမ်းမိပါသည်  အမေ့အိမ်လေးဆီ ၊
မြန်မြန်ပြေးကာ  လှမ်းခဲ့သည်
ကျနော့်ဌာနီ  ချိမ့်ချိမ့်သဲသဲ ၊
ပျော်ပွဲရွှင်ပွဲ  နွှဲဖို့ရည်  
ပြန်ခဲ့သည်.... ပြန်ခဲ့သည်
.
သဲသဲ = သည်းသည်း
.
အောင်နိုင်သူ ( 5 / 10 / 2015 )

Sunday, October 2, 2016

ဝလုံးကဗျာ ( ၂ ) - ကလေးကဗျာ ( ၆ )


ဝလုံးလေတွေ ဆရာမရေးတာ ၊
ဝလုံးလေးတွေ ဝိုင်းလို့ပါ ။
ဝလုံးငယ်တွေ ဝကိုရေးတော့ ၊
ဝလုံးလေးတွေ ကြီးလို့လာ ။

ဝလုံးလေးတွေ ဝကဗျာရွတ်ကာ ၊
ဝလုံးလေးတွေ ရေးဦးမှာ ။
ဝလုံးငယ်တွေ ပြုံးပျော်လို့သာ ၊
ဝလုံးအဖေါ်တွေ မြူးကြတာ ၊
ဝလုံးကဗျာ…..ဝလုံးကဗျာ ။

ကလေးငယ်များကို ( ဝလုံးလေးများ ) အဖြစ်တင်စား
ထားပါသည် ။

အောင်နိုင်သူ ( 3 / 10 / 2016 )

ဝလုံးကဗျာ - ကလေးကဗျာ ( ၅ )


ဝလုံးတို့ရေ ဆရာမရေးတာ ၊
ဝလုံးလေးတွေ ကြည့်ကြပါ ။
ဝလုံးစန္ဒာ လ လိုဝိုင်းအောင် ၊
ဝလုံးတိုင်းကို ရေးရတာ ။

ဝလုံးလေးတွေ ရေးသာရေးပါ ၊
ဝလုံးငေးကာ မငိုက်နဲ့ကွာ ။
ဝလုံးတစ်ရာ ရေးပြီးတဲ့ခါ ၊
ဝလုံးကဗျာကို ဆိုရမှာ ၊
ဝလုံးကဗျာ.....ဝလုံးကဗျာ ။

ကလေးများကိုချစ်စနိုးဖြင့် ( ဝလုံးကလေး )များ

နှင့်တင်စားထားပါသည် ။

အောင်နိုင်သူ ( 3 / 10 / 2016 )

Post - လမ်းညွှန်

Page  ၏ဘေး Blog  Archive  အောက်မှ မိမိနှစ်သက်ရာ
ကဗျာကို လအလိုက် ခေါင်းစဉ်အလိုက် Click  ၍ရွေးချယ်
ဖတ်ရှုနိုင်ပါသည် ။ဝင်ရောက်ဖတ်ရှုအားပေးသည့်အတွက်
ကျေးဇူးအထူးတင်ရှိပါသည် ။

အောင်နိုင်သူ

သီတင်းကျွတ်ပြီ - ကလေးကဗျာ ( ၄ )


သီတင်းကျွတ်ပြီကွယ်..ညီမလေးငယ် ၊
နိဗ္ဗာန်ဈေးကို..သွားစို့ကွယ် ။
တို့ဋ္ဌာနေမယ်..မီးတွေထွန်းကာ ၊
လပြည့်ဝန်းကြီး..သာလို့ရယ် ။

မီးပုံးဖြူပြာ..နီဝါစိမ်းတွေ ၊

လေလာတိမ်းကာ..ယိမ်းကတယ် ။
အိမ်တိုင်းမှာလေ..မီးတွေလင်းလို့ ၊
တို့သူငယ်ချင်းတို့..ပျော်ကြမယ် ။

မော်ကြတယ်…....ပျော်ကြတယ် ။

နိဗ္ဗာန်ဈေး = စတုဒီသာအလှူမဏ္ဍာတ်များ ။

အောင်နိုင်သူ ( 2 / 10 / 2016 )

နဝရတ်ကိုးပါးအစွမ်း - အချိုးကဗျာ ( ၃၆ )


ကျောက်ဘုရင် စိန်ရောင်ဖြိုးလို့ ၊
တိုးသတဲ့ဂုဏ်ရောင် ။

ပတ္တမြား စွမ်းအင်ကြီးတယ် ၊
ဘုန်းမီးတောက်အောင် ။

မြကျောက်ကယ် အေးတယ်တမူကွဲ့ ၊
ပုလဲဖြူ ကျက်သရေပြောင် ၊
သန္တာဆောင်ကြီးကဲတတ် ။

မေတ္တာပို မဏိနီလာ ၊
ရတနာကြောင် သိဒ္ဓိပေါက်လို့ ၊

ဂေါ်မိတ်ကျောက် မဟာခွန်အားနဲ့ ၊
ဥဿဖယား ကျန်းမာစေကာ ၊
ဆန်းပါသလေ ဂမ္ဘီရနှောင်သမို့ ၊

ဆောင်လေလျင် စွမ်းအင်တိုးပေါ့ ၊
ဖြိုးအသရေ တဖျတ်ဖျတ်ကွဲ့ ၊
ကိုးနဝရတ် ။

အောင်နိုင်သူ ( 2 / 10 / 2016 )

Saturday, October 1, 2016

လွမ်းမိပါသေးမန္တလေး - အချိုကဗျာ ( ၃၅ )


မန်းသူမှန် ဟိုအရင်တုန်းဆီက ၊
နန်းမူဟန် နဂိုသွင်တနှုန်းရယ်နဲ့ ၊
မမုန်းတတ် ယဉ်စစပေမို့ ၊
တကယ်လှကြသူ ။    


နန်းတော်ရှေ့ ကျုံးနဘေးမှာလ ၊
လန်းပျော်မွေ့ အပြုံးကလေးတွေနဲ့ ၊

နှလုံးအေးဘွယ် စက်ဘီးစီးလေတော့ ၊
ထီးတွေနဲ့အတူ ။

တမာမြေ နေပြင်းပေမဲ့ ၊

ရွှေခြေကျင်း ကိုယ်စီရယ်နဲ့ ၊
ပျိုမဒီတွေ ညနေရောက်လျင်ဖြင့် ၊
လမ်းလျှောက်ရင်း လေ့ကျင့်ခန်းယူ ၊

နွဲ့မူယာ ကိုယ်ဟန်သွေး ။

ဟိုတုန်းက မန္တလေးကိုဖြင့် ၊
လွမ်းဆွေးမိ ဖြေမပြေပါ ၊
တစ်ခါတစ်လေ အညာနွေနဲ့ ၊
တမာမြေ မန်းအလှတွေကိုလ ၊
တမ်းတမိသေး ။

အောင်နိုင်သူ ( 1 / 10 / 2016 )

သုဝဏ္ဏသာမ - တေးထပ် ( ၆ )


ဇာတ်တော်မှာ ထုတ်ကာပြ ၊
သုဝဏ္ဏ လောင်းလျာ ၊ 
ပြုကုသလ မဟာ ၊
မြတ်မင်္ဂလာ လူသား ။
ဂါရဝနဲ့ တွယ်တာခင်မင် ၊
ရသေ့ရှင် မိဘနှစ်ပါး ။

သားတော်အလှ ဗုဒ္ဓေလျာရယ် ၊
ဆင်းခန္ဓာ ရွှေသား ။
မိဘအပေါ် ကြင်သနားလို့ ၊ 

ပြစ်မမှား သက်ညှာ ။
လုပ်ကြွေးကာ သူပျော်မွေ့လေပေါ့ ၊
မနောခွေ့ ပြုစုလျက်သာ ။

မြားဒါဏ်ခ သူ့ခမျာရယ် ၊
များဗျာပါ ရှင်နှစ်ပါးတို့ ၊
ချစ်သားလှ ရှင်ဖို့ရန် ၊

တောင်းဆုကိုပန် ။
ရွှေအိုးတဲ့ ထမ်းကာပြန်လာ ၊
သုဝဏ္ဏာ ချစ်သားအလှလေး ။

အောင်နိင်သူ ( 1 / 9 / 2016 )